ထိုင်းဘုရင်ရဲ့ ဒီကနေ့ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လိပ်ကျွန်းလူသတ်မှုအတွက် သေဒဏ်ပေးခံထားရတဲ့ မြန်မာလူငယ် နှစ် ဦးကို တသက်တကျွန်းပြစ်ဒဏ် လျှော့ပေါ့လိုက်တဲ့အကြောင်းပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။
ထိုင်းဘုရင်မင်းမြတ် မဟာဝဇီရာလောင်ကွန်းက မယ်တော် သီရိခက်ရဲ့ သက်တော် ၈၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသားတွေကို လွတ်ငြိမ်းသက်သာခွင့်ပေးရာမှာ ထိုင်းနိုင်ငံတောင်ပိုင်းက လိပ်ကျွန်းလူသတ်မှုအတွက် သေဒဏ်ပေးခံခဲ့ရတဲ့ မြန်မာရွှေ့ပြောင်းလူငယ် နှစ် ဦးဖြစ်တဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့လည်း ပါဝင်ခဲ့တာဖြစ်ကြောင်းထိုင်းနိုင်ငံ အခြေစိုက်ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကပြောပါတယ်။









