Tuesday, September 29, 2020

ဒီနေ့အတွက်၊ ဒီအတွေး ၃

ဒီလိုအချိန်မှာ နိုင်ငံအတွက်၊ ပြည်သူတွေအတွက် ဘယ်လိုစကားတွေ ပြောသင့်လဲဆိုတာ အမြဲစဉ်းစားရပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်အတွက် အလွန်အရေးကြီးတဲ့ လာမည့် အထွေထွေရွေးကောက်ပွဲအကြောင်းနဲ့၊ လက်ရှိအခြေအနေအရ အလွန်အရေးကြီးတဲ့ Covid ရောဂါကိစ္စ အကြောင်း၊ ဒီအကြောင်းနှစ်ခုလုံးကို အလေးထားရပါတယ်။ 

ဘယ်အကြောင်းပဲပြောပြော၊ ကျိုးရှိမှန်ကန် သူခံသာတဲ့ စကား ပြောနိုင်ဖို့ ကြိုးစားပါတယ်။ တစ်ခါတစ်ရံတော့လည်း လိုအပ်တယ်လို့ သုံးသပ်ပြီး အချို့အတွက် မခံသာစရာ စကားတွေလည်း ပါသွားပါတယ်။ 

ပထမဦးဆုံး ဒီအချိန်မှာ ဘယ်လိုစကားတွေက အကျိုးရှိမလဲလို့ စဉ်းစားပါတယ်။ ပြည်သူတွေ နှလုံးစိတ်ဝမ်းအေးချမ်းစေမည့် စကားတွေလို့ ခေါင်းထဲဝင်လာပါတယ်။ ကျွန်မအတွက်ပဲဖြစ်ဖြစ် အခြားသူတွေအတွက်ပဲဖြစ်ဖြစ် အကောင်းဆုံး ဆုတောင်းကတော့ “နှလုံးစိတ်ဝမ်းအေးချမ်းပါစေ”ပဲလို့ ကျွန်မယုံကြည်ပါတယ်။