Tuesday, September 29, 2020

ဒီနေ့အတွက်၊ ဒီအတွေး ၃

ဒီလိုအချိန်မှာ နိုင်ငံအတွက်၊ ပြည်သူတွေအတွက် ဘယ်လိုစကားတွေ ပြောသင့်လဲဆိုတာ အမြဲစဉ်းစားရပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်အတွက် အလွန်အရေးကြီးတဲ့ လာမည့် အထွေထွေရွေးကောက်ပွဲအကြောင်းနဲ့၊ လက်ရှိအခြေအနေအရ အလွန်အရေးကြီးတဲ့ Covid ရောဂါကိစ္စ အကြောင်း၊ ဒီအကြောင်းနှစ်ခုလုံးကို အလေးထားရပါတယ်။ 

ဘယ်အကြောင်းပဲပြောပြော၊ ကျိုးရှိမှန်ကန် သူခံသာတဲ့ စကား ပြောနိုင်ဖို့ ကြိုးစားပါတယ်။ တစ်ခါတစ်ရံတော့လည်း လိုအပ်တယ်လို့ သုံးသပ်ပြီး အချို့အတွက် မခံသာစရာ စကားတွေလည်း ပါသွားပါတယ်။ 

ပထမဦးဆုံး ဒီအချိန်မှာ ဘယ်လိုစကားတွေက အကျိုးရှိမလဲလို့ စဉ်းစားပါတယ်။ ပြည်သူတွေ နှလုံးစိတ်ဝမ်းအေးချမ်းစေမည့် စကားတွေလို့ ခေါင်းထဲဝင်လာပါတယ်။ ကျွန်မအတွက်ပဲဖြစ်ဖြစ် အခြားသူတွေအတွက်ပဲဖြစ်ဖြစ် အကောင်းဆုံး ဆုတောင်းကတော့ “နှလုံးစိတ်ဝမ်းအေးချမ်းပါစေ”ပဲလို့ ကျွန်မယုံကြည်ပါတယ်။ 

“ကျန်းမာပါစေ၊ ချမ်းသာပါစေ”လို့ ဆုပေးကြပါတယ်။ “နှလုံးစိတ်ဝမ်းအေးချမ်း” တယ်ဆိုတာက ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာမှ ဖြစ်နိုင်မှာလေ။ ဒီတော့ နှလုံးစိတ်ဝမ်းအေးချမ်းတယ်ဆိုရင် ကျန်းမာချမ်းသားခြင်းဆုတွေ ပြည့်နေလို့ပဲပေါ့။

မမှန်တဲ့စကားနဲ့တော့ နှလုံးစိတ်ဝမ်းအေးချမ်းမှု ပေးနိုင်မှာ မဟုတ်ပါဘူး။ တစ်ခဏသဘောကျအောင် ကျေနပ်အောင်ပြောလိုက်ပေမဲ့၊ မမှန်မကန်တာကြောင့် အကျိုးဆက်ကတော့ စိတ်ပျက်ရခြင်း၊ ယုံကြည်မှုကျဆုံးခြင်းတို့ပဲ ဖြစ်မှာပါ။ ဘယ်လိုလုပ် နှလုံးစိတ်ဝမ်းအေးချမ်းပါ့မလဲ။

စကားပြောတယ်ဆိုတာ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ခြင်းပါပဲ။ အကောင်းဆုံးဆက်သွယ်နည်းကတော့ မေတ္တာတွေ၊ အင်အားတွေ မျှဝေပေးပြီး စိတ်ချမ်းသာပေးခြင်းလို့ ယူဆမိပါတယ်။ 

ကျွန်မအတွက် အင်အားဖြစ်စေတဲ့၊ နွေးထွေးမှုပေးခဲ့တဲ့၊ ပြုံးပေးခဲ့တဲ့ အတွေးတွေ၊ အတွေ့အကြုံ၊ အဖြစ်အပျက်တွေကို စိတ်ဝင်စားကြမလားမသိဘူး။ 

အင်အား၊ နွေးထွေးမှု၊ အပြုံးတွေ၊ ဘယ်ဟာကို အနှစ်သက်ဆုံးပါလဲ။ 

အောင်ဆန်းစုကြည်

စက်တင်ဘာ ၂၉၊ ၂၀၂၀ ခုနှစ်