စက်တင်ဘာလအတွင်က တွေ့ရစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း)
လူရယ်လို့ ဖြစ်လာကြတဲ့အခါ ဘ၀မှာ အဓိပ္ပာယ်ရှိတဲ့ ဘ၀တွေနဲ့အတူ ရှင်သန်ဖြတ်သန်းသွားချင်ကြမှာပါ။ ဒါ့ကြောင့်လည်း လူတိုင်းလူတိုင်း လှုပ်ရှားရုန်းကန် ကြိုးစားနေကြခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လူချင်းတူပေမယ့် ရှင်သန်ကြီးပြင်းလာချင်းတော့ မတူကြပါဘူး။ ဘယ်လိုအသိုင်းအ၀ိုင်းက ရှင်သန်ကြီးပြင်းလာသူတွေဖြစ်စေ လူ့လောက၊ လူ့ပတ်ဝန်းကျင်အတွက် အကျိုးပြုမယ့်သူတွေ ဖြစ်ဖို့လိုပြီး ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံအတွက် တစ်ဖက်ဖက်က တတ်စွမ်းသမျှ အကျိုးပြုနိုင်တဲ့အဖြစ် ဘ၀မှာ ရှင်သန်ကြဖို့တော့ လိုပါတယ်။ ဒီနေ့ဒီအချိန်အခါမှာ ဘာရည်ရွယ်ချက်မှမရှိဘဲ ဖြစ်သလိုနေ၊ ဖြစ်သလိုစား၊ ဖြစ်သလို ရှင်သန်နေကြမယ်ဆိုရင် လူဖြစ်လာပေမယ့် နိုင်ငံနဲ့ လူမျိုးအတွက် ဘာမှအကျိုးမပြုတဲ့သူပဲ ဖြစ်နေပါလိမ့်မယ်။
ရည်ရွယ်ချက်မဲ့နေတဲ့ ဘ၀တွေနဲ့အတူ မိဘလုပ်စာ၊ မိန်းမလုပ်စာ၊ ညီအစ်ကိုမောင်နှမလုပ်စာ ထိုင်စားပြီး ဘယ်သူ့ကိုမှ အကျိုးမပြုဘဲ အချိန်တွေ ထိုင်ဖြုန်းနေမယ် ဆိုရင်တော့ ရှင်သန်နေရတဲ့ ဘ၀တွေက အဓိပ္ပာယ်မဲ့နေကြပါလိမ့်မယ်။ လူသားတစ်ဦး ဖြစ်လာပြီဆိုရင်တော့ မိမိတတ်နိုင်သမျှ တစ်ထောင့်တစ်နေရာကနေ နယ်ပယ်အသီးသီးရဲ့ အကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်ကူညီ ပံ့ပိုးပြီး တာဝန်ကျေပွန်ကြဖို့လည်း လိုပါတယ်။ အသိဉာဏ်ရှိတဲ့ လူသားတစ်ဦးဖြစ်ပြီး ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်နိုင်ငံမှာ ဘယ်ထောင့်၊ ဘယ်နေရာ၊ ဘယ်သူ့အတွက်မှ အကျိုးမပြုဘူးဆိုရင် ငါဟာ အသိဉာဏ်ရှိတဲ့ လူသားတစ်ဦး ဖြစ်ထိုက်ရဲ့လား၊ ရှင်သန်နေတဲ့ ငါ့ဘ၀က အဓိပ္ပာယ်ရှိရဲ့လားလို့ မိမိကိုယ်မိမိ ပြန်လည်ဆန်းစစ် မေးခွန်းထုတ်ဖို့ လိုကြပါလိမ့်မယ်။