LATEST NEWS — နောက်ဆုံးရသတင်းများ
ဘန်ကောက် ၊ ဇန်နဝါရီ ၂၁
ဘန်ကောက်မြို့ တောင်ဘက် ကီလိုမီတာ ၈၀ ကျော် အကွာရှိ ခြုံဘူရီခရိုင်၊ ချောင်းစမေးစံ စူဝစ်လှေဆိပ်မှ ထွက်ပြေးလာသောအသက် ၄၀ အရွယ် မြန်မာနိုင်ငံသားတစ်ဦးကို ကျန်းမာရေးအခွင့်ရေးနှင့်အလုပ်သမားအခွင့်ရေးဆိုင်ရာတည်ဆောက်ရေးအဖွဲ့အစည်း(FAR) မှကယ်တင်ထားပြီး အလုပ်သမားသံအရာရှိနှင့် ပူပေါင်းကာ ဇန်နဝါရီလ ၂၁ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။
၂၀၁၆ခုနှစ် ဒီဇင်ဘာလ ၂ရက်နေ့က လှေဆိပ်မှ ထွက်ပြေးလာသော မြန်မာအလုပ်သမားမှာ ပန်းရောင်ဘတ်ရှိသော်လည်း လှေဦးစီးက ယူထားကြောင်း၊ ထွက်ပြေးလာစဉ် ခြေဦးတည်ရာ လျှောက်သွားရာမှ ဇန်နဝါရီလ ၁၉ရက်နေ့တွင် ထိုင်းစစ်သားတစ်ဦးက ဖမ်းဆီးကာ ရဲစခန်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ယင်းရဲစခန်းမှ တာဝန်ရှိသူများက ကျန်းမာရေးအခွင့်ရေးနှင့်အလုပ်သမားအခွင့်ရေးဆိုင်ရာတည်ဆောက်ရေးအဖွဲ့အစည်း (FAR) အဖွဲ့ထံ ဆက်သွယ်အကူအညီတောင်းသဖြင့် အဖွဲ့က ခေါ်ယူ စောင့်ရှောက်ပေး
ထားကြောင်း ကျန်းမာရေးအခွင့်ရေးနှင့်အလုပ်သမားအခွင့်ရေးဆိုင်ရာတည်ဆောက်ရေးအဖွဲ့အစည်း (FAR) မှ မသန္တာထွန်းက ပြောသည်။
ပန်းရောင်ဘတ် ကိုင်ဆောင်သော မြန်မာ့ရွှေ့ပြောင်းအလုပ်သမား တွေကို ဇန်နဝါရီလထဲမှာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် - CI (Certificate Identity) စာအုပ်ကိုထိုင်း ၊ မြန်မာနိုင်ငံ အစိုးရတို့က လုပ်ဆောင်ပေးတော့မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့ပါသည်။
CI စာအုပ် ပြုလုပ်ခွင့်ရရှိဖို့ အတွက် ပန်းရောင်ဘတ်သမားများ နည်းတူမျှော်လင့်နေသူများကတော့ ဗီဇာ ၄နှစ် သက်တမ်းပြည့်နေသည့် ပက်စပို့ခရမ်းရောင် ကိုင်ဆောင်ထားကြသူများနှင့် ဗီဇာနှင့် စာအုပ်သက်တမ်း ၆နှစ်ပြည့် ကြတော့မယ့် အနီရောင် ပက်စပို့ကိုင်ဆောင်ထားကြသူများတွေ ပဲဖြစ်ပါတယ်။ ခရမ်းရောင်နှင့် အနီရောင်ပက်စပို့ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမားတွေက တစ်သန်းကျော် ရှိပါသည်။
ဗီဇာသက်တမ်းကုန်ဆုံးတော့မှာဖြစ်သည့် အနီရောင်နဲ့ ခရမ်းရောင် ယာယီနိုင်ငံကူးလက်မှတ်တွေကို ထိုင်းဘက်က CI (သို့) မနလ (သို့) အခြားအထောက်အထား တစ်စုံတရာ ထုတ်ပေးရင် ထိုင်းဘက်က ဗီဇာထုပေးမယ်လို့ ကြေညာချက်ထုတ်ပြန်ထားတာအချိန်ကာလအတော်ကြာနေပြီးဖြစ်သလိုအဆိုပါ အမိန့်ကြေညာချက်ကို မြန်မာအစိုးရထံသို့ သံတမန်လမ်းကြောင်းမှတစ်ဆင့်ပေးပို့ပေးပြီးဖြစ်ကြောင်း သိရသည်။