Sunday, October 06, 2024

ရွှေရင်ကျော်ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီး

 

မူလဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်၏ အမည်နာမရှေ့တွင် အဖဘိုးတော်ဟန် ဂိုဏ်းတော်ချုပ် ဖြစ်လာသည့်အခါ၌ ယခင်က အဖဘိုးတော်ဟန်သည် (၁)ဆင့်ပညာဖြင့်ပင် အလွန်အစွမ်းထက်သော ကဝမကြီး ဒေါ်သဲညိုကို အနိုင်ရရှိခဲ့သည်ကို အစွဲပြု၍ ရွှေယင်ကျော်ဟူသော သေသအမည်ကို ထည့်သွင်း ခဲ့ရာမှ ရွှေရင်ကျော် ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ဟူ၍ မည်တွင်ပါသည်။ မူလက ရွှေယင်ကျော်ဟု (ယင်)ကို (ယ)ဖြင့် ခေါ်တွင်သော်လည်း ကုထုံးကျမ်း ရိုက်နှိပ်ရာတွင် (ရင်)ဟု ရိုက်မိသည်ကို ဘိုးတော်ဟန်မှ ဤအတိုင်း ထားပြီး ခေါ်တွင်မည်ဟု မိန့်ရာမှ ရွှေရင်ကျော်ဟု အမည်တွင်ခဲ့ရပေသည်။

ဂိုဏ်းတော်ကြီး၏လမ်းစဉ်

ဂိုဏ်းတော်ဝင်များအားလုံး သာမန်ပုဂ္ဂိုလ်များအဖြစ်မှ သီလကံကို သစ္စာအဓိဋ္ဌာန် ပါရမီဖြည့်ကျင့်၍ ပါရမီရှင် ပုဂ္ဂိုလ်များ ဖြစ်စေရန်၊ သတ္တဝါကယ်၊ သာသနာပြုပြီး အရိယာ သူတော်ကောင်းများ လမ်းစဉ်လျှောက်လှမ်းနိုင်၍ သိဒ္ဓိပြီးမြောက် နိဗ္ဗာန်ရောက်ရန် ရည်သန်၍ ထူထောင်သော အရိယဓမ္မ ဝိဇ္ဇာလမ်းစဉ်ကြီး ဖြစ်ပေသည်။


ဂိုဏ်းတော်ကြီး၏ အစွမ်းသတ္တိများ

၁။ပရောဂမှန်သမျှ အကြွင်းမဲ့ ပျောက်ကင်းအောင် ကုသနိုင်ခြင်း။

၂။အဆိပ်မှန်သမျှ အကြွင်းမဲ့ ပျောက်ကင်းအောင် ကုသနိုင်ခြင်း။

၃။သစ္စာတည်၍ ဖြောင့်မတ်မှတ်ကန်သော စရဏအလုပ် ကြိုးစားသော ဂိုဏ်းဝင်များသည် (၉၆)ပါးရောဂါကိုပင် ရေစင်နှင့် ပျောက်ကင်းအောင် ကုသနိုင်ခြင်း။

၄။အလိုရှိအပ်သော မှန်ကန်သည့် ကိစ္စရပ်များကို သစ္စာတိုင်တည်၍ အကူအညီ တောင်းခံပါက ဆိုင်ရာ ပုဂ္ဂိုလ်များမှ လိုရာပြီးမြောက်အောင် ကူညီပေးခြင်း။

၅။သစ္စာတည်မြဲ၍ အကျင့်မှန်ကန်သော ဂိုဏ်းဝင်များသည် ဏဘရံ ဘေးမရှိ သေခြင်းဆိုးဖြင့် မသေရ အန္တရာယ်ဟူသမျှ ကင်းလွတ်ခြင်း။

၆။ဘဝတွင် ဆင်းရဲလည်းပြောင်ပြောင် ချမ်းသာလည်းပြောင်ပြောင် လူတောထဲတွင် ထင်ပေါ်ခြင်း။

၇။ကိုယ်ကျင့်သီလ၊ သစ္စာ၊ သမာဓိရှိသော ဂိုဏ်းဝင်များသည် ဆရာတော်ကြီးများ၏ ချီးမြှောက်စောင့်ရှောက်မှုကို ရရှိ၍ သိဒ္ဓိပြီးမြောက် ထွက်ရပ်ပေါက်ခြင်း။

၈။သစ္စာ၊ သီလ နှစ်ပါးလုံ၍ သေလွန်သော် ကောင်းရာသုဂတိ လားရခြင်း။

၉။ မိစ္ဆာတို့နှင့် မသမာယုတ်မာသူတို မကောင်းကြံခြင်း၊ တိုက်ခိုက်ခြင်းတို့ ကြံစည်၍မရဘဲ တန်ပြန်ခြင်း၊ သံချပ်ဝတ်ကဲ့သို လုံခြုံခြင်း စသော အစွမ်းသတ္တိထူးများ ရရှိပါသည်။


ရွှေရင်ကျော် ဂိုဏ်းတော်ကို ထူထောင်ခဲ့ကြသော ဂိုဏ်းတော်ချုပ် မဟိဒ္ဓိ မဟာ ဂန္ဓာရီ ဂိဇ္ဇာကြီးအမည်ကွဲများ

၁။ဦးဖေခင်၊ မင်းကလေး၊ ညောင်ရမ်းမင်းသား မဟာသီဟ သုဓမ္မရာဇာ၊ စင်္ကြာမင်းသား၊ဆေးဂိဇ္ဇာကြီး ဆရာအေး (ဘွဲ့ခံ) အဘဘိုးတော်အေး။

၂။ မဟိဒ္ဓိ မဟာ ဂန္ဒာရီ စမဂိဇ္ဇာကြီး အဘဆရာပြူး၊ ဦးထိုက်ပြူး။

၃။ ဂိဇ္ဇာကြီး အဘဘိုးတော်ပွင့် (ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ဂိုဏ်းတော်ချုပ်)၊ ဦးအောင်ပွင့်။

၄။ မဟိဒ္ဓိ ဂိဇ္ဇာကြီး အဘဘိုးတော်ဟန် (ရွှေရင်ကျော် ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ချုပ်)။


ရွှေရင်ကျော် ဂိုဏ်းတော်ကို စောင့်ရှောက်ကူညီကြသော မဟိဒ္ဓိဝိဇ္ဇာကြီးများ

ဘိုးတော်အေး (ဂိုဏ်းတော်ချုပ်)
ဘိုးတော်ပြူး (ဂိုဏ်းတော်ချုပ်)
ဘိုးတော်ပွင့် (ဂိုဏ်းတော်ချုပ်)
ဘိုးတော်ဟန် (ဂိုဏ်းတော်ချုပ်)
မဟိဒ္ဓိ မဟာ ပထမံ ဘိုးဘိုးအောင် (ခ) မင်းသားကြီး ဦးအောင်
ယက္ကန်းစင်တောင် ဆရာတော် ဦးဩဘာသ
မဟာမြိုင် စန္ဒသူရိယ အရှင်သူမြတ်
ရှင်မထီး
ရှင်အဇ္ဇဂေါဏ
 ဓမ္မစေတီမင်းခေါင် -
ရသေ့ဦးအောင်
ဆံရှည်ကိုယ်တော်ကြီး
တွံတေး အင်းပိဇ္ဇာ အရှင်ဓမ္မစာရီ
ဝဏ္ဏလင်္ကာရ ရသေ့
 ဝိနိပါလက ရသေ့
သံသိပ္ပ ရသေ့ နှင့် (၆၉)ပါးသော ထွက်ရပ်ပေါက် ဂိဇ္ဇာကြီးများ စောင့်ရှောက်ကူညီကြပါသည်။


ရွှေရင်ကျော် ဂိုဏ်းတော်ကို စောင့်ရှောက်၍ အာဏာပေး ကူညီကြသော ပုဂ္ဂိုလ်ကြီးများ

(၆၉)ပါးသော ဂိဇ္ဇာကြီးများနှင့် ဂိုဏ်းတော်ချုပ် အထက်ဆရာကြီးများ။
ဘိုးတော်သိကြားနှင့် ဓတရဌ၊ ဂိရူဠက၊ ဝိရူပက္ခ၊ ကုဝေရ စတုလောကပါလ နတ်မင်းကြီးများ။
သူရဿတီမယ်တော်၊ စန္ဒီ၊ ပရမိသွာ၊ မဟာပိန္နဲ၊ ဂေါရမန္တ ကမ္ဘာစောင့် နတ်မင်းကြီး (၅)ပါး။
ဇေယျာကပ္ပ၊ ကပ္ပနန္ဒာ၊ ရုဇ္ဇရာကပ္ပ၊ ကပ္ပဣန္ဒာ၊ မဟာကာပိန္ဒ ဇဗ္ဗူဒိပ်ကျွန်းစောင့် နတ်ကြီးများ။
နန္ဒ၊ သောမ၊ နန္ဒိယ၊ ပုဏ္ဏက၊ အဠာဝက၊ ဟေမဝန္တ၊ သာတာဂီရိ၊ ဝသာမိတ္တ၊ အာနန္ဒာ၊ အရိယနတ်ဘီလူးမင်းကြီးများ။


ရွှေရင်ကျော် ဂိုဏ်းတော်ဝင်များ စေခိုင်းပါက အကူအညီပေးရသော ဆိုင်ရာပုဂ္ဂိုလ်များ

လေးကျွန်းစကြာဝဠာရှိ ရှိသမျှ နတ်နဂါးများ၊ နတ်ဘီလူးများ၊ ဂဠုန်များ၊ ဂုမ္ဘဏ်များ၊ ရက္ခိုက်များ။
မြို့တော်ရှင်များ၊ ရွာတော်ရှင်များ၊ နယ်တော်ရှင်များ၊ အပိုင်စားရ နတ်များ၊ (၃၇)မင်းနတ်များ။ တောလမိုင်း၊
တောင်လမိုင်း၊ မြို့ လမိုင်း၊ ရေလမိုင်း၊ နေလမိုင်း စသော လမိုင်းများ။ ကြိုးပိုင်၊ ကြိမ်ပိုင်၊ ဆင်ပိုင်၊ မြင်းပိုင်၊ မီးပိုင်၊ ရေပိုင်၊ တုတ်ပိုင်၊ ဓားပိုင် ဆိုင်ရာပုဂ္ဂိုလ်များ။

ရွှေရင်ကျော် ဂိုဏ်းတော်ဝင်များ၏ သစ္စာ

(၁) ဆင့်မှ (၉)ဆင့်အထိ စောင့်ထိန်းရန် - အမဲသား၊ ကျွဲသားကို သိလျှက်နှင့် မစားပါ။
အရက်သေစာကို ဆေးဝါးတွင် ပါသည်မှလွဲ၍ သိလျှက်နှင့် မသောက်ပါ။
သူတစ်ပါး၏ ကာမပိုင် လင်ရှိမယားကို သိလျှက်နှင့် ကိုယ်ထိ ကာယ ဖောက်ပြန်ကျူးလွန်ခြင်း မပြုပါ။


ဆေးတော်ပိုင်၊ စုပ်တော်ပိုင်များ စောင့်ထိန်းရန်ကား
မူလသစ္စာ (၃)ရပ်အပြင် -ဆရာချပေးသော ဆေးတော်စစ်နှင့်သာ ပညာသင်ပါသည်။ ဆေးတော်ကို ရေ၊ဟင်္သာ
ပြဒါး၊ ရွှေဆိုင်း တို့ဖြင့် ရောစပ်၍ ပညာဖြန့်ဝေခြင်း၊ စမရေးဆွဲခြင်း၊ ဆေးတော်ထိုးနှံခြင်းတို့မှအပ ဂမုန်းပေါင်း၊
ပန်းပေါင်း များနှင့် ပွားများခြင်း၊ အတုလုပ်ခြင်းတို့ မပြုပါ။

ဤသစ္စာများ ပေါက်ကျိုး ဖောက်ဖျက်ခဲ့သော် ဖောက်ဖျက်သည်၏ချက်ချင်း ပညာပျက်ပါစေသား။ ဆေးတော်ပိုင်များ၊ ပညာပေးဆရာများဆိုရန် - အောက်လမ်းမိစ္ဆာတို့၏ လက်ချက်ဖြင့်၎င်း သောက်ထားသော စမတို့ သည် ဓါး၊ သံလျှက်အဖြစ် ထိုးဖောက်ထွက်၍ အူကလီစာများ ပြတ်၍၎င်း သွေးပွက်ပွက်အန်သေပြီး မဟာအဝီစိငရဲ၌ မကျွတ်လွတ်တမ်း ခံရပါစေသား။


ဆရာဒေါက်တာဦးသူရဇော်၏ သားတပည့် စောမောင်မှ
ရွှေရင်ကျော်ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီး၏
အကြောင်းအား လေ့လာသူများအတွက် ဗဟုသုတအဖြစ်မျှ
ဝေဖော်ပြသည်။