တရားမဝင် အလုပ်သမားတွေကို ဖမ်းချင်တယ်ဆိုရင် ထိုင်းရဲတွေက ဒီနေရာကို လာတယ် မြန်မာလိုပြောကြည့် လို့ ပြန်ပြောတယ်ဆိုရင် လက်မှတ်ကို တစ်ခါတည်း စစ်ကော ဒါမှမဟုတ်ရင် ထိုင်းနိုင်ငံတော်သီချင်း ဆိုခိုင်းတယ် ကောင်းကောင်းမွန်မွန် မဆိုနိုင်ရင် သက်သေခံကတ်ကို စစ်တော့တာတဲ့ အဲဒီလို စစ်လို့မှ အထောက်အထား မပြနိုင်ရင် ဖမ်းတာလေ . . .
အချင်းချင်း မညီညွတ်
အိမ်ကြက်ချင်း ခွပ်ကြလို့
လွတ်ရာ ကျွတ်ရာ ပြေးလွှား
ယိုးဒယားနယ်စပ်အပေါက်က
ဘန်ကောက်အထိ ခိုးဝင်
ရဲမြင်လျှင် ရှောင်ပုန်း
အမှောင်ဆုံးဘဝမှာ
ရရာအလုပ်လုပ်ကိုင်စား
မြန်မာ့သားတွေ တပါးကျွန်ဖြစ်
မြန်မာ့သမီးတွေ အလကားနွံ့နစ်
ခါးက ထမီကျွတ်ခဲ့ပြီ …။
ဒီကဗျာလေးက တော်လှန်ရေး ကဗျာဆရာကြီးလို့ နာမည်ကြီးတဲ့ ဆရာတင်မိုးရဲ့ ““အမိနိုင်ငံရဲ့ မိုးသောက်ယံသို့”” ဆိုတဲ့ ကဗျာထဲက တစ်ပိုဒ်ပါ။ ဆရာတင်မိုး ၂၀၀၁ ခုနှစ် ဇန်နဝါရီလတုန်းက ထိုင်းနိုင်ငံ ဗန်ကောက်မြို့ကို ရောက်ခဲ့စဉ်က တွေ့ခဲ့ရတဲ့ မြန်မာ နိုင်ငံသားတွေရဲ့ ဘဝကို ဖော်ကျူးထားတာပါ။ ဆရာတင်မိုး ကွယ်လွန်ပြီး အသက် ၈၀ ပြည့်အနေနဲ့ ထုတ်ဝေတဲ့ တင်မိုးကဗျာ ၈၀ စာအုပ်မှာ ဒီကဗျာလေး ပါဝင်တာပါ။
