အလုပ်သမားဟစ်တိုင်၊ စက်တင်ဘာ ၂၉
ထိုင်းနိုင်ငံမှာ စက်တင်ဘာ ၁၆ ရက်ကစပြီး ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ ၂၃ ဦးအထိရှိလာပြီး လူပေါင်း ၂.၆ သန်းကျော် ထိခိုက်နေပါတယ်။
ထိုင်းဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးရေးဦးစီးဌာနရဲ့ စက်တင်ဘာ ၂၉ ရက် မနက် ၆ နာရီစာရင်းအရ ရေကြီးမှုဟာ စုစုပေါင်း ခရိုင် ၄၂ ခုနဲ့ ဘန်ကောက်မြို့မှာ ဖြစ်ပွားခဲ့ပြီး လက်ရှိမှာတော့ ခရိုင်၂၉ ခုနဲ့ ဘန်ကောက်မှာ ရေကြီးမှု ဆက်လက်ရှိနေပါတယ်။
အိမ်ထောင်စု ၉၄၀,၃၀၀ နဲ့ လူပေါင်း ၂,၆၀၂,၃၀၉ ဦး ထိခိုက်နေပါတယ်။ ဘန်ကောက်မှာ ရက်အနည်းငယ်အတွင်း မိုးရေချိန် ၃၂၀ မီလီမီတာခန့် ရွာသွန်းခဲ့ပြီး စက်တင်ဘာလ တလလုံး ပုံမှန်ရရှိတဲ့ မိုးရေချိန်နီးပါးကို
သုံးရက်အတွင်း ရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ရေတချို့ပြန်ကျလာပေမယ့် ရမ်အင်ထရာ၊ ခလောင်ချန်နဲ့
ရွမ်ကလောက် အပါအဝင် နေရာတချို့မှာ ရေကြီးမှု ဆက်ရှိနေပါတယ်။
သုဝဏ္ဏဘူမိလေဆိပ်မှာလည်း ရေဘေးရဲ့ သက်ရောက်မှု ပြင်းထန်ခဲ့ပါတယ်။ ထိုင်းအဲဝေးစ်ဝန်ထမ်း ထက်ဝက်ခန့် အလုပ်လာမရတာကြောင့် လေကြောင်းလုပ်ငန်းတွေ အခက်အခဲဖြစ်ခဲ့ပြီး စက်တင်ဘာ ၂၉ ရက် ဘန်ကောက်ကနေ ထွက်ခွာမယ့် ခရီးစဉ် ၃၀ ခန့် လျှော့ချခဲ့ရပါတယ်။ လွန်ခဲ့တဲ့နှစ်ရက်အတွင်း ခရီးစဉ်အားလုံးနီးပါး နောက်ကျခဲ့ပြီး အချိန်မှန်ထွက်ခွာနိုင်တာ ၃ ရာခိုင်နှုန်းအောက်သာရှိခဲ့ပါတယ်။
ခရီးသည်တွေရဲ့ ခရီးဆောင်အိတ် ထောင်နဲ့ချီ လေဆိပ်မှာ ကျန်ရှိခဲ့ပြီး နောက်ဆုံးရိုက်တာ update အရလက်ကျန် အိတ် ၅,၀၀၀ ခန့်ကို ၇၂ နာရီအတွင်း ရှင်းလင်းဖို့ ထိုင်းအဲဝေးစ်က စီစဉ်နေပါတယ်။ ထိုင်းလေတပ်
ကလည်း တပ်ဖွဲ့ဝင် ၆၉ ဦး စေလွှတ်ပြီး မြေပြင်လုပ်ငန်းတွေ ကူညီပေးနေပါတယ်။
ထိုင်းအစိုးရက ရေဘေးသင့်ပြည်သူတွေအတွက် ဘတ် ၄.၁ ဘီလီယံခန့် အရေးပေါ်ကူညီရေးရန်ပုံငွေအတည်ပြုထားပါတယ်။
ထိုင်းရောက်မြန်မာအလုပ်သမားတွေအတွက် အရေးကြီးတာက ဘန်ကောက်ရေကျလာပြီဆိုပေမယ့် ရေဘေး
မပြီးသေးပါဘူး။ လက်ရှိ ရေတက်နေတဲ့ပြည်နယ်တွေရှိနေသေးပြီး ကန်ချနဘူရီ၊ ရတ်ချဘူရီနဲ့ စမွတ်ဆုန်ခရမ် ဘက် မဲကလောင်မြစ်တလျှောက်မှာလည်း မြစ်ရေတက်လာနိုင်တာကို အာဏာပိုင်တွေ သတိပေးထားပါတယ်။

