၂၇။ လူထုအော်သံ
(၂၂-၂-၇၇) နေ့ထုတ် ကြေးမုံ သတင်းစာတွင် လူထုအော်သံ အခန်းမှ “ အောင်သပြေ ဦးအေး၊ တာမွေ” ဆိုသော ပုဂ္ဂိုလ်တစ်ဦးက အုန်းမှုတ်ခွက် နင်းခြင်းများ၏ အကျိုးကျေးဇူးများကို အများသူငါတို့ သိကြစေခြင်း ငှာ အုန်းမှုတ်ခွက်နင်းခြင်းများ၏ အကျိုးကျေးဇူးကို မခြွင်းမချန် စေတနာ အမှန်ထား၍ ရင်ဖွင့် ရေးသားထား သည်ကို တွေ့ရပါသည်။ ၎င်းတင်ပြသည့် မူရင်းအတိုင်း ဖော်ပြလိုက်ပါသည်။
အယ်ဒီတာခင်ဗျား။
ခေါင်းကိုက်၊ခါင်းမူး၊ နောက်ကျောတက်၊ ခါးကိုက်၊ခါးနာ၊ ခြေထောက်ကိုက်၊ ပေါင်ကိုက်မှ တစ်စစနှင့် ရောဂါဝေဒနာကြီးလာပြီး သွေးတိုးရောဂါ။ လေငန်းရောဂါ၊ မျက်စိမှုန်ခြင်း၊ မျက်ရိုးကိုက်ခြင်း၊အကြောအခြင် တက်ခြင်း ဝေဒနာများအထိ လူတိုင်း ဖြစ်တတ်ကြပါတယ်။
အထက်ပါ ဝေဒနာများသည် ပထဝီနှင့် ဝါယော စ၍ ဖြစ်ပေါ်သော ဝေဒနာ ဖြစ်၍ ၎င်းပထဝီနှင့် ဝါယော ဓာတ် ကို ဆောင်ရွက်ရာတွင် ဆေးမသောက်ဘဲနှင့် အထက်ပါဝေဒနာများကို ပျောက်ကင်းစေရန် မှာ နေ့စဉ် နံနက်တစ်ကြိမ် ညအိပ်ရာဝင် တစ်ကြိမ် ရက်မပျက် မှန်မှန် လုပ်ကိုင်ရမည်။
လုပ်ရမည့် တာဝန်မှာ အုန်းမှုတ်ခွက် နှစ်ခုကို မှောက်လျှက်ထားပြီး ကိုင်စရာ နေရာတွင် ၎င်းအုန်းမှုတ်ခွက်နှစ် ခုကို ချထားပြီး အုန်းမှုတ်ခွက်နှစ်ခုကို ခြေထောက်နှစ်ချောင်းက တက်နင်းပြီး၊ ဘယ်ညာဟူ၍ အကြိမ် တစ်ရာ ပြည့်သောအခါ အချိန်မှာ ငါးမိနစ်မျှသာ ကြာပါသည်။ ညအိပ်ရာ ဝင်ခါနီး တွင် ခြေထောက်နှစ်ချောင်းကို ရေးဆေးပါ၊ ဆေးပြီးသောအခါ အထက်ပါအတိုင်း ဘယ်ညာ အကြိမ် တစ်ရာပြုလုပ်ပြီး အိပ်ပါ။
အထက်ပါ ရောဂါဝေဒနာများမုချမသွေ ပျောက်ကင်းပါသည်။ သွေးတိုး၊ လေငန်းရောဂါ ဝေဒနာရှင်းများသည် တစ်ရက်မျှ မပျက်မကွက် ရက်ပေါင်း ခြောက်ဆယ်အတွင်း အကျိုးထူးရှိလာကြောင်း သိရပါလိမ့် မည် ဖြစ်ကြောင်း တင်ပြလိုက်ရပါသည် ခင်ဗျား။
အောင်သပြေ ဦးအေး
တာမွေ
၂၈။ စာလေးတစ်စောင် အမှတ်-၁
( ကျွန်မ အမေ မျက်စိအလင်းပြန်ရပြီ)
တစ်လောက တစ်ညနေ မကွေးတိုင်း သာသနာရေးရာ အရာရှိ ဦးတင်လှိုင်အိမ်သို့ ရောက်သွားပါသည်။ ဦးလေး ဦးတင်လှိုင်သည် ဧည့်ခန်းနှင့် မလှမ်းမကမ်းတွင် အုန်းမှုတ်ခွက် နင်းနေပါသည်။ အုန်းမှုတ်ခွက်နင်း သည် ဆိုသည်မှာ အုန်းမှုတ်ခွက် နှစ်ခုကို ကြမ်းပြင်တွင် မှောက်၍ လူက အပေါ်မှာ ခြေဖဝါး၊ ခြေဖနောင့် ၊ ခြေဖျားတို့ဖြင့် လိုသလို နင်းခြင်းကို ဆိုလိုပါသည်။
“ ထိုင်ဗျို့….ကိုဝင်းမြင့်ကြီး၊ ပြီးခါနီးပါပြီ”
ငါးမိနစ်လောက်အကြာတွင် ဦးလေး ဦးတင်လှိုင်သည် တစ်ဘက်စောင်တစ်ထည်ဖြင့် မျက်နှာသုတ်ရင်း ဧည့်ခန်းလာထိုင်ပါတော့သည်။
“အခုတစ်လော မျက်စိ သိပ်ကြည့် မကောင်းလို့ပါဗျာ။ ဒါကြောင့် အုန်းမှုတ်ခွက်နင်းနေတာ”
“မျက်စိမှုန်တာကို အုန်းမှုတ်ခွက်နင်းရင် ပျောက်သလား ဦးလေး”
“ ပျောက်သပေါ့ဗျာ၊ ပျောက်ဆို လွန်ခဲ့တဲ့ သုံးနှစ်က ကျုပ်နဲ့ညီ အစ်ကို တစ်ဝမ်းကွဲတော်တဲ့ ဂျော်ကီဘင်
ရွှေစက်တော်ဘုရားဖူးလာရင်း အိမ်မှာ တည်းသွားတယ်။
“ သူဖြစ်ပုံက မျက်စိမှုန်ရာကနေ တဖြည်းဖြည်း လုံး၀ မမြင်ရဘဲ ဖြစ်သွားတာ၊ ဒါနဲ့ သူလည်း ဟိုတုန်းက ကြားဖူးနားဝရှိတဲ့ အုန်းမှုတ်ခွက်နင်း လေ့ကျင့်ခန်း လုပ်တော့တာပဲတဲ့၊ ခြောက်လလောက် လုံး၀ ကွယ်နေ တဲ့ မျက်စိဟာ အုန်းမှုတ်ခွက် တစ်နေ့ နှစ်ကြိမ် သုံးကြိမ် နေ့စဉ်မပျက် သုံးလလောက် နင်းလိုက်တာတဖြည်းဖြည်းမျက်စိတွေ ကြည်လာပြီး ခုဆိုရင် သတင်းစာကိုတောင် ဖတ်နိုင်တဲ့ အဆင့်ရှိပြီဗျ”
“တယ်ဟုတ်ပါလား”
“ ဟုတ်ဆို ဒီအုန်းမှုတ်ခွက်နင်းတာဟာ အခုမှ ပေါ်လာတာမှ မဟုတ်ဘဲဗျာ။ ရှေးမြန်မာလူကြီးတွေလက်သုံး
ဆေးစွမ်းကောင်းပဲ၊ ဒါကြောင့် ကျုပ်လဲ ယုံယုံကြည်ကြည်နဲ့ နင်းနေတာ တစ်ပတ်လောက်တော့ ရှိသွားပြီ၊ မယုံလို့တော့ မဖြစ်ဘူးဗျ၊ သူက ပထဝီကြော မိသကိုး၊ ပြီးတော့ ဇာက်ကြောတက် ၊ ခေါင်းကိုက်ပျောက်၊ အိပ်ပျော် စားဝင်ကိုးဗျ”
ကျွန်တော်လည်း အုန်းမှုတ်ခွက်နင်းသည့် လေ့ကျင့်ခန်းနှင့် ပတ်သက်၍ ကြားသမျှ၊ မြင်သမျှ၊ ကိုယ်တွေ့
တွေ့သမျှ ဗဟုသုတများ ဖောက်သည်ချရင်း အိမ်ပြန်ခဲ့ပါတော့သည်။
အိမ်ရောက်တော့ အိမ်သူက…
“ အစ်ကို..လူကြုံနဲ့ စာတစ်စောင်လာတယ်၊ ထန်းလျက်တစ်ထုပ်လဲ ပေးသွားတယ်”
“ ဘယ်ကလဲ၊ ဘယ်သူ့ဆီကလဲ”
“ မကွေးကောလိပ်နေသွားတဲ့ မညိုစိမ့်ဆီက”
မညိုစိမ့်စာက…
ဦးဝင်းမြင့်ရှင့်….
တစ်အိမ်သားလုံးကျန်းမာပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်၊ ကျွန်မလည်း ဆီမီးခုံ တွဲဘက် အ-ထ-က ကျောင်းမှာ ဆရာမ လုပ်နေပါတယ်။ ကျွန်မ အိမ်ထောင်လည်း ကျပါပြီ၊ ကလေး တစ်ယောက်ရ ပါပြီ၊ ကျွန်မ ခင်ပွန်းကိုတော့ ဦးဝင်းမြင့် သိမည် မထင်ပါ။ ဆီမီးခုံ ရွာကပါပဲ၊ အမေနဲ့ ကျွန်မတို့ အတူနေ ပါတယ်။
ကျွန်မ ရေးချင်တဲ့ အကြောင်းက တခြား မဟုတ်ပါ။ ကျွန်မ မိခင် အကြောင်းဖြစ်ပါတယ်၊ တစ်နေ့ အမေ ယာထဲက မိုးချုပ်မှ ပြန်လာပါတယ်။ ထမင်းစားဖို့ ထမင်းပြင်၊ ထမင်းစားပွဲမှာ မီးခွက်ထွန်းပါတယ်။
“ ဟဲ့ မီးခွက်ထွန်းကြပါအုံး” လို့ အမေက ပြောတယ်၊
“ ထွန်းလို့ပါကော အမေရဲ့၊ မီးခွက်ကြီး” ကျမက ဒီလိုပြောတော့
“ ညည်းတို့ ထွန်းတယ်သာ ပြောတယ်၊ ငါမမြင်ရပါလား၊ ဟုတ်ရဲ့လား” ၊
“ဟုတ်ပါတယ် အမေရဲ့”၊
“ င့ါမျက်စိ ဘယ်လိုဖြစ်တယ် မသိဘူး၊ ငါဘာမှ မမြင်ရတော့ဘူး” လို့ ဆိုမှ ကျွန်မ ထိတ်ထိတ်ပျာပျာဖြစ် သွားပါတယ်။ အဲဒီညက တစ်ညလုံး စိတ်မကောင်းပါ၊ ရွာထဲက နားလည်သူတွေပြောတော့ ချောက်ဆေးရုံ ပို့ခိုင်းတယ်။ အမေကလည်း ဆေးရုံပို့မှာ သိပ်ကြောက်တယ်။
ဒီလိုနဲ့ တစ်လလောက် ကြာသွားတယ်။ တစ်နေ့မှာ ဦးဝင်းမြင့်ရေးလိုက်တဲ့ “ အုန်းမှုတ်ခွက်နင်း” ဆောင်းပါး ကို သင့်ဘဝမဂ္ဂဇင်းထဲမှာ အမှတ်မထင် ကျောင်းစာတိုက်ကြည့်တိုက်က ရလို့ ဖတ်လိုက်ရတယ်။ ဆောင်းပါး ထဲမှာ လေဖြတ်တာ၊ဇက်ကြောတက်တာ၊ ခေါင်းကိုက်တာတွေ ပျောက်ကင်းတယ်လို့ ဆိုထားပါတယ်။အမေ့
မျက်စိလည်း အထက်အခိုးမှုတ်ပြီး ဖြစ်တာဆိုတော့ ကျွန်မ အုန်းမှုတ်ခွက် အမေ့ကို နင်းခိုင်းဖို့ စိတ်ကူးမိပါ တယ်။
စိတ်ကူးဟာ စိတ်ကူးပါပဲ။ လက်တွေ့ မလုပ်ဖြစ်ပါဘူး။ ကလေးက တစ်ဖက်၊ ကျောင်းက တစ်ဖက်နဲ့မို့ မအားလပ်တာကြောင့်ပါ၊ ဒီလိုနဲ့ အမေ မျက်စိကွယ်တာ သုံးလအကြာမှာ ကျွန်မ ဘေးက တွဲပြီး အမေ့ကို အုန်းမှုတ်ခွက် နင်းခိုင်းပါတယ်။ ဦးဝင်းမြင့် ဆောင်းပါးထဲ သတိပေးထားသလို အုန်းမှုတ်ခွက် နင်းပြီး ရေမချိုး ၊ ရေမဆေးမိဘို့ အထူးသတိထားပြီး ဆယ်ရက်လောက် နင်းခိုင်းကြည့်တော့ အမေက “ ငါ မျက်စိ အလင်း
ရောင်ပျပျကလေး မြင်ရတယ်အေ့” ကျွန်မကတော့ အမေ ဆေးရုံသွားရမှာ ကြောက်လို့ အောက်မေ့ မိတာ
ပေါ့။
နောက်တစ်နေ့ မနက်လင်းတော့ အံ့မခန်း အမေ့ မျက်စိ အလင်းဓာတ် ရလာပါတော့တယ်။ ခုဆိုသူ့မြေးကြီး ကို ချီပိုးပြီး ရွာထဲ လည်ပတ်နိုင်ပါပြီ။ ဒါပါပဲ ၊ ဦးဝင်းမြင့်၊ အုန်းမှုတ်ခွက်နင်းဆောင်းပါးကို အခြေခံပြီး ကျွန်မ အမေ မျက်စိကွယ်တာ စမ်းသပ်ခိုင်းရင်းက မျက်စိ အလင်းရလို့ ဦးဝင်းမြင့်ကို ဝမ်းပမ်းတသာ ကျေးဇူးတင် ရင်းအုန်းမှုတ်ခွက်နင်းတာဟာ မျက်စိကွယ်တာပါ ပျောက်ကင်းကြောင်းသင့်ဘဝမဂ္ဂဇင်းထဲ ဆောင်းပါး ရေး
ပေးပါရှင့်။
မညိုစိမ့်
တွဲဘက် အ-ထ-က
ဆီမီးခုံကျေးရွာ
ကျွန်တော်သည် မညိုစိမ့်ဆီက စာဖတ်ပြီး မဖော်ပြနိုင်လောက်အောင် ဝမ်းသာပီတိ ဖြစ်မိပါသည်။ မျက်စိမှုန် သူများ၊ လတ်တလော အပူခိုးကြောင့် ကင်းဝေးကြပါစေ။
၂၉။ ဓမ္မဒါန ဤသို့ ပြုကြ
သင့်ဘ၀ မဂ္ဂဇင်းတွင် ပါရှိသော စာရေးသူ၏ ဆောင်းပါးကို ဤသို့ ကူးယူ၍ ဓမ္မဒါန ပြုကြသည်။ အုန်းမှုတ် ခွက်နင်း ရောဂါကင်း
(လေဖြတ် ရောဂါသည်တစ်ဦး၏ တွေ့ရှိချက် မယုံနိုင်စရာ)
ရန်ကုန်မြို့၊အောင်ဆန်း အားကစားပြိုင်ဝင်းအတွင်းမှာ ပြည်နယ်နှင့်တိုင်း လက်ဝှေ့ပြိုင်ပွဲအတွက် တိုင်းနှင့်
ပြည်နယ် အသီးသီးမှ လက်ဝှေ့အသင်း အုပ်ချုပ်သူများ၊ နည်းပြ ဆရာများ၊ ၁၉၇၆ ခု၊ဇူလိုင်လ ဒုတိယ အပတ်လောက်ကစပြီး ရောက်နေကြပါတယ်။ စာရေးသူလည်း မကွေးတိုင်း အားကစားမှူး ဦးတင်ထွဋ်နှင့် အတူ အောင်ဆန်း အားကစား ပြိုင်ဝင်းထဲက အခန်းတစ်ခန်းထဲမှာ ရောက်နေပါတယ်။
ညတိုင်း သူ့အခန်း ကိုယ်ဝင်၊ ကိုယ့်အခန်းသူထွက်ဆိုသလို တစ်ယောက်အခန်း၊ တစ်ယောက် ကူးသန်းပြီး အားကစားအကြောင်း၊ ရုပ်ရှင်အကြောင်း၊ ထွေရာလေးပါး ပြောဆိုကြရင်း ကျန်းမာရေးအကြောင်း၊ ဘာသာရေးအကြောင်းများပါ စုံတကာ စေ့နေပါတော့သည်။
ကျွန်တော်တို့ နှစ်ဦး တည်းခိုနေထိုင်သည့် အခန်းထဲ မကြာခဏ ရောက်လာတတ်သူကတော့ မန္တလေး တိုင်း လက်ဝှေ့အသင်းအုပ်ချုပ်သူ ဦးဘကျော် ဖြစ်ပါသည်။ သူသည် အသက်ခြောက်ဆယ် နီးနေပါပြီ။ သို့သော် လူငယ်များလို ဖျတ်လတ် သွက်လက်သည်။
စာရေးသူက…
“ ဦးလေး ဦးဘကျော်က ကွန်လွန်သူ အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇာတ်နဲ့ သိပ်တူတာပဲ“ ဟုပြောသောအခါ ဦးဘကျော်က သူသည် ဆရာကြီး ဦးရာဇာတ်၏ ညီအရင်း အငယ်ဆုံးပင် ဖြစ်ကြောင်း
၊ ပြောသဖြင့် အံ့အားသင့်ရပါတော့သည်။ သူ၏ ကျန်းမာရေး ကောင်းပုံကို မှတ်ချက် စကားပြောမိရာ…
“ ကျုပ်၊ ခုလို ကျန်းမာနေတာက တခြား ဘာဆေးမှ မစားပါဘူး၊ အုန်းမှုတ်ခွက် နင်းတာပဲ”
“ ဗျာ၊ အုန်းမှုတ်ခွက် နင်းတယ်၊ ဟုတ်လား ”
“ ဟုတ်တယ်၊ အုန်းမှုတ်ခွက် နင်းတယ်၊ ဒါကြောင့် အခုလို လူငယ် လက်ဝှေ့ သမားတွေနဲ့ နင်လားငါလား အစွမ်းပြနိုင်တာ အုန်းမှုတ်ခွက် နင်းလို့ပေါ့၊ အုန်းမှုတ်ခွက်ဟာ ဆေးပဲ”
“ ဘယ်လို နင်းတာ လဲ သိပါရစေ”
“ ဒီလိုလေ၊ အုန်းမှုတ်ခွက်ကို မြေမှာ မှောက်ဗျ၊ အဲဒါ လူကတက်နင်း၊ နင်းရင်း နင်းရင်း နင်းရင်းနဲ့ သဘောပေါက်လာလိမ့်မယ်။ ခြေဖဝါး အလယ်နဲ့ဖိနင်း၊ ကန်နင်းရမယ်၊ ခြေဖနောင့်နဲ့ ဖိနင်း၊ ကန်နင်းရမယ်၊ နင်းရင်း နဲ့ ကိုယ့်ဘာသာ အကြောမိ သဘောသိလာမယ်။ တစ်နေ့ နှစ်ကြိမ်ပေါ့ဗျာ၊ အနည်းဆုံ းနာရီ ဝက်လောက် နင်းဗျ၊ သွက်ချပါဒ လို့ ခေါ်တဲ့ လေဖြတ်တာတို့၊ သွေးတိုးရောဂါ၊ ခေါင်းကိုက်ရောဂါ၊ ဇက်လေး၊ ဇက်ကြော တက်၊ အို…အကုန်ပျောက်တယ်၊ လူမှာ အဓိက အရေးကြီးဆုံးက သွေးကြော လေကြောပဲဗျ။ သွေးကြော၊ လေကြော ပိတ်တာတွေကို ဖွင့်ပေးတဲ့ သဘောပဲ”
“ တယ်ဟုတ်ပါလား၊ လေဖြတ်တာတောင် ရသကိုး”
စာရေးသူက တအံ့တသြမေးတော့…
“ ဒီမှာ ကျုပ်၊ အုန်းမှုတ်ခွက် နင်းဖို့ ကြံတာကလည်း ကျုပ်လေဖြတ်ဖူးတယ်၊ ဟောဒီ ဘယ်လက်နဲ့ ဘယ်ခြေ
ထောက်ပေါ့၊ လက်ဆုပ်လို့ လှုပ်လို့ကို မရဘူး၊ မိတ်ဆွေ တစ်ယောက်က တစ်ခြားဘာမှ လုပ်မနေနဲ့ အုန်း မှုတ်ခွက်နင်းဖို့ အကြံပေးတာနဲ့ ကျုပ်လဲ စမ်းကြည့်တာ၊ ဟုတ်သဗျို့၊ တစ်နေ့ နာရီဝက် သာသာပဲ နင်းတယ်၊ ဆယ့်ငါးရက်နဲ့ ရှင်းရှင်း ပျောက်သဗျ၊ ဇက်ကြောတက်၊ ခေါင်းကိုက်၊ ဇက်လေး၊ သွေးတိုးဒါတွေ အကုန်ရ တယ်။ ကျုပ်ကတော့ အုန်းမှုတ်ခွက်ကို လက်မလွှတ်တော့ဘူး၊ အဲ…. တစ်ခု သိထားရမှာက အုန်းမှုတ်ခွက် နင်းပြီးရင် ရေမချိုးမိဘို့ပဲ၊ အကောင်းဆုံးကတော့ အိပ်ယာဝင်မှာ နင်းရင် အကောင်းဆုံးပဲ”
ဦးလေး ဦးဘကျော်က အုန်းမှုတ်ခွက်နင်း၍ မည်သူလေဖြတ်တာ ပျောက်ကြောင်း၊ သွေးတိုးရောဂါကင်း ရှင်းကြောင်း၊ စာပေလောက၊ ရုပ်ရှင်လောက၊ အားကစားလောကမှ နာမည်ကျော် ပုဂ္ဂိုလ်တွေ တစ်ယောက်ပြီး တစ်ယောက် အထောက်အထား နာမည်နှင့်တကွ ပြောပြ သွားပါသည်။
ထို့ကြောင့် စာရေးသူက အလကား မနေဘဲ အုန်းမှုတ်ခွက် နင်းကြသူများထံ သွား၍ စုံစမ်းပါသည်။ မီးရထားဘက်က မိတ်ဆွေ တစ်ယောက်နှင့် စကားစပ်မိကြတော့ သူလည်း အုန်းမှုတ်ခွက်တိတ်တဆိတ်
နင်းလာတာ ဆယ်နှစ်ကျော်ပင် ကြာပြီ ဖြစ်ကြောင်း ပြောပြပါတော့သည်။ ထိုပုဂ္ဂိုလ်လည်း ဦးလေး ဦးဘကျော်လိုပင် ဖျတ်လတ် သွက်လက် နေပါသည်။ တစ်လောက ရုပ်ရှင်ရုံထဲ ဆိုးသွမ်းလူငယ်နှစ်ဦးက အမျိုးသမီးလေးတစ်ဦးကို ရိုင်းရိုင်းပြပြ လုပ်သည်ကို ကြားက သည်းမခံနိုင်၍ လက်သီးစွမ်းပြလိုက်သည်ဟု ဆိုပါသည်။
မန္တလေးတိုင်းမှ လက်ဝှေ့ အသင်းအုပ်ချုပ်သူ ဦးဘကျော် ပြောပြသည့် စာပေ လောကမှ ပုဂ္ဂိုလ်အချို့ အိမ်ကို မယောင်မလည် အကဲခတ်၍ ကြည့်မိပါသည်။ ဟုတ်ပါသည်။ သူတို့ အုန်းမှုတ်ခွက်ကို နင်းနေကြပါသည်။
အံ့သြစရာ အကောင်းဆုံးကတော့ ဆရာဝန်မ တစ်ဦး၏ မိဘနှစ်ပါးက သမီးဆေးထိုးတာ သူတို့ သွေးတိုး
ရောဂါ မပျောက်၊ အုန်းမှုတ်ခွက် နင်းမှာ ဇက်ကြောတက်၊ သွေးတိုး ပျောက်တော့ကြောင်း တအံ့တသြ ကြားသိရပါသည်။
ထို့ကြောင့် ဆေးဖိုးဝါးခ မကုန်၊ ကရီကထလည်းမများ၊ အနင်းအနှိပ်သည်လည်း ခေါ်စရာ မလိုသော အုန်းမှုတ်ခွက်နင်းခြင်းကို ကိုယ်တွေ့ မဟုတ်၍ မယုံကြည်သေးသည့်တိုင် စမ်းသပ်ကြည့်ကြပါ ကုန်ဟူ ၍ စေတနာကောင်းနှင့် တင်ပြလိုက်ရပါသတည်း။အုန်းမှုတ်ခွက်နင်းခြင်းဖြင့် ရောဂါခပင်း ကင်းဝေးကြပါစေ။
မကွေးဝင်းမြင့်
ဆက်လက်ဖော်ပြပါမည်.....
တိုင်းရင်းဆေးဆရာ၊ စာရေးဆရာ မကွေးဝင်းမြင့်၏ ခွင့်ပြုချက်ဖြင့်တင်ပြပေးပါသည်။
ရွှေလမ်းငွေလမ်းဝင်းကြည်