၇။ အနှိပ်တော်
ရှေးက အကြောပြင်အတတ်ပညာ ကောင်းစွာတတ်ကျွမ်း နားလည်သူများရှိခဲ့ကြပါသည်။ နင်းခြင်း၊ နှိပ်ခြင်း
ဖြင့် ရောဂါဘယ ကင်းစင်စေခဲ့၏။ ထို့ကြောင့် ကုန်းဘောင်ခေတ်၊ ဘိုးတော်မင်း တရားလက်ထက်မှ အစ
ပြု၍ မင်းတုန်းမင်းလက်ထက်အထိ ၎င်းပညာရပ်များ ထွန်းကားခဲ့သည်ဟု ရာဇဝင် အထောက်အထားများ အရသိကြရပါသည်။ ရှေးဘုရင်များ အနင်း-အနှိပ် ကျွမ်းကျင်သူများကို “အနှိပ်တော်” ရာထူး များပေးကာ ချီးမြှင့်မြှောက်စားခဲ့ကြသည်ဟု ဆိုပါသည်။
သို့သော် “တစ်ဦးကောင်း ပညာသေရွာပါ” ဆိုသလို ဆင့်ပွားပညာပေးခဲ့ခြင်းများ နည်းပါးလှ ပါသောကြောင့် (တတ်ကျွမ်းသည့် ပညာများလျှို့ဝှက်ထိန်ချန် ဆရာစားချန်ခဲ့ကြဟန်တူပါ၏။) တစ်စတစ်စတိမ်ကောပပျောက် လာခဲ့ပါတော့သည်။ပြီးတော့ စစ်ပြီးခေတ်တွင် နင်းကြသူ နှိပ်ကြသူများမှာ တကယ်တတ်ကျွမ်းသူနည်းပါး လာပြီး ယင်းအလုပ်ကို ဘိန်းစားများ နေရာယူလာပါသည်။ အနှိပ်သည်ဆိုသည် မှာ အောက်တန်းစား အ လုပ်ဟု အထင်အမြင် သေးလာပါသည်။ ထို့ကြောင့် အကြောနားလည်သူများ ပါးရှားခဲ့ကြပါသည်။
၈။ မန္တလေးက ဦးရွှေကြူး
စစ်ပြီးခေတ်က မန္တလေးမြို့တွင် ဆရာဝန်ဦးရွှေကြူးဆိုသည့် ပုဂ္ဂိုလ်ရှိပါသည်။ဆေးကုသရာတွင် နာမည်
ကျော်ဖြစ်ပါသည်။ ဦးရွှေကြူးသည်သာမက ၎င်း၏ သားလည်း ခေတ်မီဆေးဝါးအတတ်ပညာ နိုင်ငံခြာပြန် ပင် ဖြစ်ပါသည် တစ်နေ့ ဦးရွှေကြူး၏ ဇနီး နေထိုင်မကောင်း ဖြစ်ပါတော့သည်။ ဆရာဝန်ဇနီး ဆိုတော့ ခပ်
ပေါ့ပေါ့ နေလာခဲ့ပါသည်။ တစ်စတစ်စဖြင့် ရောဂါရင့်လာပြီး အိပ်ရာထဲတွင် ဗိုင်းဗိုင်း လဲပါတော့သည်။အဖေ က ဆရာဝန်၊ သားကဆရာဝန်၊ နှစ်ယောက်သား အားကြိုးမာန်တက် ကုသကြပါသည်။ သို့သော် ဦးရွှေကြူး ဇနီး ရောဂါပါ မသက်သာပါ။ နောက်ဆုံး မေ့မြောသွားပါသည်။
ထိုအခြင်းအရာကို ဆရာဝန်ဦးရွှေကြူးတိုက်နှင့် တစ်အိမ်ကျော်က အနှိပ်သည်ဆရာကြီးကသိ၏။ ထို့ကြောင့်
မေ့မြောနေသူအား သတိပြန်လည်အောင် လုပ်ပေးလို ကြောင်းကို ဆရာဝန် ဦးရွှေကြူးအား မရဲတရဲ ခွင့်
တောင်း၏။ ဦးရွှေကြူးက ခွင့်မပြုပါ။ နိုင်ငံခြား ခေတ်မီ ဆေးဝါးများထက် ဘယ်ဟာမျှ အစွမ်း မထက်ဟု တဇွတ်ထိုး ယုံကြည်နေပါ၏။
တစ်ရက်မှ နှစ်ရက်မြောက်သော ဦးရွှေကြူးတို့ သားအဖ လက်လျှော့လိုက်ပါသည်။ အနှိပ်သည် ဆရာကြီး ကိုလည်း “ ကဲ - နှိပ်ချင် နှိပ်တော့ ” ခွင့်ပေးပါတော့သည်။ ဦးရွှေကြူး ခွင့်ပြုသည်နှင့် တစ်ပြိုင်နက် အနှိပ် သည် ဆရာကြီးသည် ဆရာဝန် ဦးရွှေကြူး၏ ဇနီး ခြေသလုံးသားများကို လည်းကောင်း၊ ပယ်ပယ် နယ်နယ်
နှိပ်ပါတော့၏။ အနှိပ်သည် ဆရာကြီး၏ လက်မောင်းနှင့် တစ်ကိုယ်လုံး ချွေးသီးချွေးပေါက်များ အောက်သို့ တပေါက်ပေါက် ကျလာပါတော့သည်။
တစ်နာရီနီးပါးမျှ ကြာသောအခါ ဆရာဝန် ဦးရွှေကြူး၏ ဇနီး မေ့ရာက လူးလွန့်လာပါသည်။ မျက်စိကို အား ယူဖွင့်၏။ ရေတောင်းတော့သည်။ ဆရာဝန် ဦးရွှေကြူးတို့ သားအဖ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြသည်မှာ ဆိုဖွယ်မရှိ။
လူ၏အကြောတို့ကို နှိပ်ခြင်း(ဝါ) ပြုပြင်ပေးခြင်းဖြင့် မေ့မြော နေသူတောင်မှ သတိလည် အသက်ရှင်နိုင် ပါ လားဟု မှတ်မှတ်ရရ သတိထားလိုက်သူကတော့ ယင်းဖြစ်ရပ်အလုံးစုံကို မြင်လိုက်ရသူ ကွယ်လွန်သူ အမျိုး သား ခေါင်းဆောင်ကြီး ဦးရာဇာတ်၏ ညီအရင်း မန္တလေးက ဦးဘကျော်ပင် ဖြစ်ပါသည်။
၉။ ဦးဘကျော်
ဦးဘကျော်သည် မန္တလေးဇာတိဖြစ်ပါသည်။ ယခု အသက်(၆၅)နှစ်ရှိပါပြီ။ ပင်စင် အငြိမ်းစား ဖြစ်ပါသည်။ ဦးဘကျော်သည် မန္တလေးတိုင်း ပြည်သူ့ရဲတပ်ဖွဲ့ရုံးတွင် ရုံးအုပ်စာရေးကြီးအဖြစ် အမှုထမ်းခဲ့သူ ဖြစ်ပါသည်။ ဦးဘကျော်သည် လွန်ခဲ့သော ၁၂ နှစ်လောက်က လေဖြတ်ခြင်း ခံခဲ့ရသည်။ ထို့ကြောင့် ရဲမင်းကြီးထံ( ထို စဉ်က ရဲမင်းကြီးဟု ခေါ်သည်။) မိမိလေဖြတ်သဖြင့် ခွင့်ငါးရက်မျှ ပေးပါရန် ခွင့်စာရေးတင်လိုက်၏။
နံနက် ၁၀နာရီ ခွင့်စာတင်ခိုင်းလိုက်ပြီး ညနေစောင်းသောအခါ လုပ်ဖော်ကိုင်ဖက်များနှင့်ရဲအရာရှိများ
ရောက်ရှိလာပါသည်။ နာရေးကိစ္စဆိုတော့ ရဲမင်းကြီးလည်း ရောက်ရှိလာပါသည်။
ရဲမင်းကြီးက “ ဦးဘကျော်၊ ခင်ဗျား ကိုယ်တစ်ခြမ်း လေဖြတ်တာ ပေါ့ပေါ့ လုပ်မနေပါနဲ့။ ခွင့်ငါးရက်နဲ့လဲ မဖြစ်ပါဘူး ” ဟု ပြောတော့ ဦးဘကျော်က “ ဖြစ်ပါတယ်၊ ကျွန်တော့်ရောဂါ ငါးရက်ရှိရင် သက်သာမှာပါ”
“ ဟုတ်ရဲ့လားဗျာ၊ ခင်ဗျား ဝေဒနာ လေဖြတ်တာနော်” ဟု ပြောသော်လည်း ဦးဘကျော်ကတော့ လက်ငါး
ချောင်းသာ ထောင်ပြတောင်းလိုက်ပါသည်။ ဦးဘကျော်၏ လက်ဝဲလက် ဆုပ်မရ လှုပ်မရပါ။ ယာလက်သာ လှုပ်ရ ဆုပ်ရ၏။ (လေဖြတ်ခံရသူများသည် ဝဲလက်လေဖြတ်ရပါက စကားပြောနိုင်ပြီး ယာဖက်ဖြစ်က စကား မပြောနိုင်ဟု အတွေ့ အကြုံများအရ သိပါသည်။)
ဦးဘကျော်သည် လေဖြတ်ခံနေရသော်လည်း အပြုံးမပျက်ပါ။ စိုးရွံ့ခြင်း၊ ထိန့်လန့်ခြင်း၊ အမူအရာမပြ၊ အဘယ့်ကြောင့်ဆိုသော် ဦးဘကျော်တွင် အားကိုးအားထား ဆေးစွမ်းကောင်းတစ်လက်ရှိနေပါသည်။ ထိုဆေးကား အုန်းမှုတ်ခက်နင်းခြင်းပေတည်း.။
ဦးဘကျော်၏ ယောက်ဖ လေဖြတ်စဉ်က
ဦးဘကျော်၏ ယောက်ဖ လေဖြတ်ခံရပါသည်။ ထိုစဉ်က ဦးဘကျော်က အကောင်းဆုံး ဆရာဝန်များက ဆရာဝန်များကို ပြပေး၏။ အမျိုးမျိုးသော ဆေးဝါးများကို ရှာကြံကုသစေပါသည်။ သို့သော် ရောဂါ မသက် သာပါ။တစ်နေ့ ကံကောင်းထောက်မသဖြင့် အနှိပ်သည် အဘိုးကြီးတစ်ယောက်နှင့် တွေ့ရပါတော့သည်။ ထိုအဘိုးကြီးးကို သာမန်အနှိပ်သည်ဟုသာ သိသည်။
အနှိပ်သည်အဘိုးကြီးက သွေးကြောလေကြောများက စမ်းသပ်ပြီး--
“ ကဲကွယ်…ဘာမှ ထွေထွေထူးထူး လုပ်မနေပါနဲ့တော့၊ ဘာဆေးတွေမှလဲ စားမနေပါနဲ့တော့၊ အုန်းမှုတ် ခွက်သာ နင်းတော့” ဆိုလေတော့၏။
အုန်းမှုတ်ခွက် နင်းပုံနင်းများ ချက်ချင်းပြသလိုက်သည်။ ဦးဘကျော်၏ ယောက်ဖမှာ လေဖြတ်ထားသဖြင့် မိမိဘာသာ မတ်တပ် မရပ်နိုင်ပါ။ ထို့ကြောင့် အုန်းမှုတ်ခွက်နင်းရသောအခါ ဘေးလူနှစ်ယောက်က တွဲရ
ပေသည်။ ယုံကြည်မှု၊ ဇွဲရှိမှုကြောင့်ဆိုရပါသည်။ ဦးဘကျော်၏ ယောက်ဖသည် နှစ်လအတွင်းသက်သာ
ပျောက်ကင်းသွားပါသည်။
ယင်းဖြစ်ရပ်ကို မျက်မြင်ကိုယ်တွေ့ သိရသူလည်း ဦးဘကျော် ဖြစ်ပါသည်။ ထို့ကြောင့် ဦးဘကျော်ကိုယ် တိုင် လေဖြတ်ခြင်းခံရသော အခါ တုန်လှုပ်မှု မရှိခြင်းမှာ ထို့ကြောင့်ပင် ဖြစ်ပါတော့၏။
ဦးဘကျော် သည် မိတ်ဆွေ သင်္ဂလ ပေါသူဖြစ်ပါသည်။ သူနေမကောင်း ဖြစ်သောအခါ လာသမျှ လူတွေ့ ဧည့်ခံရင်း အုန်းမှုတ်ခွက် တွင်တွင်နင်းပါတော့သည်။ ဦးဘကျော်၏ အပေါင်း အသင်းများက ကန့်ကွက် ကြသည်။ ပြုံးကြထေ့ကြပါသည်။ ငွေကြေးတတ်နိုင်ပါလျှက်နှင့် တစ်ပြားတစ်ချက်မှ မကုန်သော အလုပ် လုပ်ရပါမို့လား၊ အင်္ဂလိပ် ဆေးကောင်း ဝါးကောင်းများ ရှိပါလျှက် စားပါတော့လားဟု အပြစ်တင်ကြသည်။ ဦးဘကျော်က ဘာမျှ မပြော၊ ပြုံး၍သာ နေပါသည်။
ငါးရက်မျှ အုန်းမှုတ်ခွက်နင်းလိုက်သောအခါ ဦးဘကျော် ရုံးတက်နိုင်တော့၏။ ရဲမင်းကြီးလည်း အံ့သြသွား သည်။ သို့သော် ဦးဘကျော်၏ လက်မှာ မြှောက်၍ မရ၊ ဆုပ်၍ မရသေးချေ။ ရဲမင်းကြီးက “ ခင်ဗျား အုံး မှုတ်ခွက်နင်း မဆိုးဘူးဗျ၊ ဒါပေမယ့် အခု ရှင်းရှင်း ပျောက်သေးတာ မဟုတ်တော့ ခွင့်ထပ်ယူဦးဗျာ” ဟု ပြောကာ ခွင့် ဆယ့်ငါးရက် ထပ်ပေးလိုက်တော့၏။
ဦးဘကျော်သည် ထို ဆယ့်ငါးရက်အတွင်း အုန်းမှုတ်ခွက်ကို အားကြိုးမာန်တက် နင်းပါတော့သည်။တစ်ရက် ပြီး တစ်ရက် သိသိသာသာ သက်သာလာပြီး လက်မောင်း မြှောက်နိုင်လာ၏။လက်သီးလည်း ကောင်း
ကောင်း ဆုပ်နိုင်လာသည်။ နောက်ဆုံး၌ ရက်ပေါင်း နှစ်ဆယ်အကြာ လူကောင်း ပကတိ ဖြစ်သွား၏။
ထို့နောက်မှ စ၍ ဦးဘကျော်က လေဖြတ်ခံရသူများကို အုန်းမှုတ်ခွက်နင်းရန်တွင်တွင် တိုက်တွန်းလေတော့ သည်။ တစ်ခါတစ်ရံ အုန်းမှုတ်ခွက်ကို ရှာကြံပြီး အနင်းခိုင်းလေတော့သည်။
ဆက်လက်ဖေါ်ပြပေးပါမည်။
တိုင်းရင်းဆေးဆရာ၊ စာရေးဆရာ မကွေးဝင်းမြင့်၏ ခွင့်ပြုချက်ဖြင့်တင်ပြပေးပါသည်။
ရွှေလမ်းငွေလမ်းဝင်းကြည်