Saturday, May 09, 2015

အုန်းမှုတ်ခွက်နင်းရောဂါကင်း (အပိုင်း-၂)


အုန်းမှုတ်ခွက်ဂယက်
(ဦးလေးကြီး ဦးတင်မောင်)
“အုန်းမှုတ်ခွက်နင်း ရောဂါကင်း ” ဆောင်းပါးကို သင့်ဘဝမဂ္ဂဇင်းတွင် စာရေးသူ ထည့်သွင်းဖော်ပြခဲ့စဉ်က အချက်နှစ်ခုကို စဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချခြင်း ဖြစ်ပါသည်။

မဆုံးဖြတ်မီ စဉ်းစားရသည့် ပထမအချက်မှာ “ အုန်းမှုတ်ခွက်နင်း ဆောင်းပါးသည် ပရိသတ်အတွက် အကျိုး ရှိနိုင်မည်လားဟူ၍ ဒုတိယအချက်မှာ အကျိုးမရှိစေအုံးတော့ အပြစ်ဖြစ်နိုင်မည်လား ဟူ၍ ဖြစ်ပေသည်။


အုန်းမှုတ်ခွက်နင်း ဆောင်းပါးကို ဖတ်ကြည့်သောအခါ ဤမျှ လွယ်ကူသော လေ့ကျင့်ခန်းဖြင့် ထိုမျှ ခက်ခဲ
သောရောဂါများကို ပျောက်ကင်းစေနိုင်သည်ဟု ညွန်ပြခြင်းမှာ ပြုံးချင်စရာ ဖြစ်သည် မှန်သော်လည်း မကွေး ဝင်းမြင့် တင်ပြပုံက ကောင်းနေသည်။ထို့ပြင် အုန်းမှုတ်ခွက်နင်းရန် နည်းပေးသူကလည်း မန္တလေး လက်ဝှေ့ အသင်းကို အုပ်ချုပ်ကာ ရန်ကုန်သို့ လိုက်ပါလာသူ ဦးဘကျော် ဖြစ်နေသည်။ ဦးဘကျော်ကား ကွယ်လွန်သူ အများသား ခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇာတ်၏ ညီအရင်းပေတည်း။

ဦးဘကျော်ကိုယ်တိုင်ကလည်း ကျန်းမာရေး ကောင်းပြီး ဖျတ်လတ်နေသည့်အပြင် သူလိုက်ပြသော စာပေ၊ ရုပ်ရှင်နှင့် အနုပညာလောကတို့မှ အုန်းမှုတ်ခွက် နင်းနေသူများမှာလည်း ကျန်းမာရေးကောင်းလျှက်ပင် ရှိနေကြသည်ဟု မျှော်လင့်ထားခဲ့သည်။

အကယ်၍ မျှော်လင့်ထားသည့်အတိုင်း အကျိုးမရှိသည့်တိုင် အပြစ်ဖြစ်နိုင်မည်လားဟု ချိန်ဆကြည့်သော အခါမှာလည်း ဘာမှ အပြစ်မဖြစ်နိုင်ဟု အဖြေရသောကြောင့် သင့်ဘဝမဂ္ဂဇင်း၌ ဖော်ပြလိုက် ရခြင်း ဖြစ်ပေ သည်။

ယင်းသို့ ဖော်ပြလိုက်သော ၁၉၆၇ ခု စက်တင်ဘာလမှ စတင်ရိုက်ခတ်ခဲ့သည့် အုန်းမှုတ်ခွက်ဂယက်သည်
 နှစ်လအကြာတွင် စာအစောင် တစ်ရာ့ ငါးဆယ်မျှကို ဆောင်းပါးရှင် မကွေးကိုဝင်းမြင့်လက်သို့ ရောက်
 ရှိစေ ခဲ့လေသည်။ထိုစာများနှင့်တကွ မြစ်ကြီးနား၊ မော်လမြိုင် ဟင်္သတ စသည်တို့သို့ လူကိုယ်တိုင် ရောက်
 ရှိ ပြောကြားသွားသူတို့၏ ပယောဂကြောင့် “ အုန်းမှုတ်ခွက်နင်း ရောဂါကင်း ” စာအုပ်ငယ် ဖြစ်မြောက်ရေး အတွက် ကိုဝင်းမြင့် လုပ်ငန်းစရတော့သည်။

သတင်းထောက်လည်းဖြစ်၊ စာရေးဆရာလည်း ဖြစ်သော၊ မကွေးကိုဝင်းမြင့်ကား အချက်အလက်များ ရရှိ မည်ဆိုပါက မည်သူနှင့်မဆို တွေ့ဆုံရန် ဦးမလေးသူ တစ်ဦး ဖြစ်ရာ သူ့စာအုပ်အတွက် အပြီးသတ် လုပ်ငန်း အနေဖြင့် ရန်ကုန်မြို့ သိမ်ဖြူဆရာတော် ဘုရားထံ ကိုယ်တိုင် သွားရောက်ဖူးမြော်ခဲ့လေသည်။

ဤတွင် လက်တွေ့ခံစားနေကြရသည့် ကျန်းမာကြံ့ခိုင်မှု “ အကျိုးတရား ” တည်းဟူသော ကိုယ်ထည်အ တွက် “ အကြောင်းတရားတည်း “ ဟူသော တတိယ ဆေးပညာ ဦးခေါင်းကို ဆရာတော် ဘုရားက တပ်ဆင်ပေးလိုက်တော့သည်။

ဆရာတော်ဘုရားက…
“ ခြေဖဝါး အလယ်သည် အရေးကြီးလှ၏။ ယင်းသည် သွေးကြော လေကြောတို့ ဆုံရာ “ သွေးကြောဘူ တာရုံကြီး ” ဖြစ်၏။ ဟု တင်စားခေါ်ဝေါ်ထားသည်။ “ မူးခြင်း၊ မေ့ခြင်း၊ တက်ခြင်း” စသည်တို့ ဖြစ်လျှင်
 ခြေဖဝါး အလယ်ကို နာနာ နှိပ်ပေးရာ၏ ” ဟုလည်း ညွှန်ကြားတော်မူသည်။ရတနာသုံးပါးကို မပြတ်ဆည်း ကပ်သော ဥပါသကာ လူငယ်တစ်ဦး ဖြစ်၍ လူအများ ကျန်းမာရေးအတွက် ရှေးရှုသော မကွေးကိုဝင်းမြင့်၏ ကြိုးပမ်းမှု တိုးတက်အောင်မြင်ပါစေ။

သူတော်ကောင်းဓာတ်……တရားမြတ်…..လွှမ်းပတ်ကမ္ဘာတည်စေသော်။

ဦးလေးကြီး ဦးတင်မောင်



အုန်းမှုတ်ခွက်နင်း ရောဂါကင်း(တေးထပ်)

ဓာတ်လေးဖြာ ညီကာမမျှတဲ့
ဂီလာနတွေမှာ
ဇီဝက အဖြေရှာတယ်
သေအချာ မယွင်း။

ကုထုံးဖြင့် တဖြာသိစရာငယ်
နာဠီကာ အုန်းမှုတ်ခွက်နင်း
လေငန်းဖြင့် ကြောက်ဖွယ်မလိုတယ်
ပျောက်တယ်ဗျို့ချက်ချင်း
သက်ရှည်စွာ အနာကင်းလို့
ကျန်းမာခြင်း လာဘံ။

ဘယ်ရောဂါ ဝင်လာပူးစေတော့
ယှဉ်သာဘူး ပျောက်လိမ့်ဧကန်။

ဆီးချိုနဲ့ သွေးတိုး မကျန်တယ်
ဘေးဆိုးရန် ဟူသမျှရယ်တို့
မြျူတစ်စ မကြွင်းရလေအောင်
အလျဉ်းပသွေရှောင်
သမ္ဘဝမင်းညီနောင်တောင်
မျက်မြင်အောင် ကုနိုင်ရဲ့လေး ။ ။

မောင်အုန်းသောင်း (မကွေး)
ဆက်လက် ဖေါ်ပြပေးပါမည်။

တိုင်းရင်းဆေးဆရာ၊ စာရေးဆရာ မကွေးဝင်းမြင့်၏ ခွင့်ပြုချက်ဖြင့်တင်ပြပေးပါသည်။
ရွှေလမ်းငွေလမ်းဝင်းကြည်

အုန်းမှုတ်ခွက်နင်းရောဂါကင်း (အပိုင်း-၁)