Sunday, May 13, 2018

အလုပ်သမားများအတွက် လူမှုဖူလုံရေးခံစားခွင့်ဆိုတာ


လူမှုဖူလုံရေးဆိုတာ
လူမှုဖူလုံရေးအဖွဲ့သည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အဖွဲ့ကြီးတစ်ခုဖြစ်သည်။ အလုပ်သမားများ၏ ရပိုင်ခွင့်၊ အခွင့်အရေးများ၊ ကျန်းမာရေး နှင့် လူမှုရေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် လူမှုဖူလုံရေးဥပဒေကို ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး သတ်မှတ်ထား သည့် ပြဋ္ဌာန်းချက်များအတိုင်း စီမံကိန်းများရေးဆွဲကာ မူဝါဒ များချမှတ်၍ အလုပ်သမားအရေးအတွက် အကောင်အထည် ဖော်နေသည့် အဖွဲ့တစ်ခုဖြစ်သည်။




မြန်မာနိုင်ငံတွင် လူမှုဖူလုံရေးဥပဒေကို အပြည်ပြည်ဆိုင် ရာအလုပ်သမားရေးရာအဖွဲ့ (International Labour Organization-ILO) ၏ အကူအညီဖြင့် ၁၉၅၂ ခုနှစ်တွင် စတင်ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ၁၉၅၆ ခုနှစ်မှစတင်၍ ၁၉၅၄ ခုနှစ် လူမှုဖူလုံရေးအက်ဥပဒေနှင့်အညီ လူမှုဖူလုံရေး စီမံ ကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ် သည်။ ထိုသို့အကောင်အထည်ဖော်ဆောင်ရွက်ပြီး ၅၈ နှစ် ကျော် ကြာချိန်တွင် လူမှုဖူလုံရေးအဖွဲ့က ထောက်ပံ့ပေးလျက် ရှိသည့် အကျိုးခံစားခွင့်များမှာ ခေတ်စနစ်များနှင့် ကိုက်ညီမှု မရှိတော့သည့် အနေအထားသို့ ရောက်ရှိလာခဲ့သည်။ ထို့ကြောင့် ၂ဝ၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေကို ပြင်ဆင်ရေးဆွဲ ခဲ့သည်။ လူမှုဖူလုံရေး ဥပဒေသစ်တွင် လက်ရှိခေတ်ကာလနှင့် ကိုက်ညီမှုရှိသည့် ဆေးကုသမှုပေးအပ်ခြင်းနှင့် ငွေကြေး အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းတို့စသည့် အာမခံ အလုပ်သမားများ၏ အခွင့်အရေးကို အပြည့်အဝရရှိခံစား နိုင်ရန် ထည့်သွင်းရေးဆွဲထားခဲ့သည်။ အဆိုပါ လူမှုဖူလုံရေး ဥပဒေကို ၂ဝ၁၂ ခုနှစ် သြဂုတ် ၃၁ ရက်တွင် ပြည်ထောင်စု လွှတ်တော်မှ ဥပဒေအမှတ် ၁၅ ဖြင့် ၂ဝ၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေသစ်ကို ပြဋ္ဌာန်းနိုင်ခဲ့ပြီး ၂ဝ၁၄ ခုနှစ် ဧပြီ ၁ ရက်မှ စတင် ကာ ယနေ့အထိ လူမှုဖူလုံရေးဥပဒေပါ ပြဋ္ဌာန်းချက်များအရ အလုပ်သမားများ၏ အခွင့်အရေးနှင့် ကျန်းမာရေးစောင့် ရှောက်မှုများကို ပေးအပ်လျက်ရှိနေပြီဖြစ်သည်။


သို့သော် ၂ဝ၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေတွင် အာမခံစနစ် ခြောက်မျိုးကို ပြဋ္ဌာန်းထားခဲ့သော်လည်း ပုဒ်မ ၁ဝဝ အရ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ်မူတည်ပြီး အာမခံစနစ်များအား အဆင့်ဆင့်အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်ထားခဲ့ရပြီး ယခုအချိန်တွင် အာမခံစနစ် သုံးမျိုးကိုသာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်သေး သည်ကို တွေ့ရှိရသည်။ လက်ရှိ လူမှုဖူလုံရေးအဖွဲ့မှ ကျန်းမာ ရေးနှင့် လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်၊ မိသားစု ထောက်ပံ့မှုအာမခံစနစ်နှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်  အာမခံစနစ်တို့ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့မှ သိရှိရသည်။


လက်ရှိကျင့်သုံးလျက်ရှိသည့် လူမှုဖူလုံရေးအာမခံစနစ် သုံးမျိုးအတွက် ထည့်ဝင်ကြေးများကို အလုပ်သမားတစ်ဦး ချင်း၏ လုပ်ခလစာများအပေါ်မူတည်၍ အလုပ်ရှင်က သုံး ရာခိုင်နှုန်း၊ အလုပ်သမားမှ နှစ်ရာခိုင်နှုန်း စုစုပေါင်း ငါးရာခိုင် နှုန်းကို လူမှုဖူလုံရေးအာမခံအတွက် လစဉ်ပေးသွင်းကြရ မည်ဖြစ်သည်။


အာမခံအလုပ်သမား
လူမှုဖူလုံရေးအဖွဲ့သည် ၁၉၅၄ ခုနှစ် လူမှုဖူလုံရေးအက် ဥပဒေပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် အလုပ်သမားဆေးရုံကြီး သုံးရုံ၊ ဆေးခန်း ၉၃ ခန်း၊ ဌာနကြီး ဆေးခန်း ၄၃ ခန်း၊ တိုင်းဒေသကြီးရုံး သုံးရုံးနှင့် မြို့နယ်ခွဲရုံး ၇၇ ရုံးတို့ဖြင့် အလုပ်သမားများအတွက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ ယင်းသို့ ဆောင်ရွက်ပေးခဲ့သဖြင့် ၂ဝ၁၄ ခုနှစ် မတ်လအထိ အာမခံ အလုပ်သမားပေါင်း ၆၉၉၅၈၆ ဦး ရှိခဲ့ကြောင်း လူမှုဖူလုံရေး အဖွဲ့မှ သိရှိရသည်။


ယခုအချိန်တွင် ၂ဝ၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ လုပ်ငန်း စဉ်များကို ဆေးရုံကြီး သုံးရုံ၊ ဆေးခန်း ၉၆ခန်း၊ ဌာနကြီး ဆေးခန်း ၅၅ ခန်း၊ တိုင်းရင်းဆေးခန်း တစ်ခန်း၊ ပုဂ္ဂလိကဖြင့် စာချုပ်ချုပ်ဆိုထားသော လူမှုဖူလုံရေး ကဲဝဲလ် ဆေးခန်းပေါင်း လေးခန်း၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ်ရုံး ၁၄ ရုံး၊ ခရိုင်ရုံး လေးရုံး၊ မြို့နယ် ၇၈ ရုံးတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ သည်။ ထိုသို့ ဆောင်ရွက်ပေးမှုများကြောင့် ၂ဝ၁၈ ခုနှစ် မတ်လတွင် အကျုံးဝင်အလုပ်ဌာနပေါင်း ၂၉၉၄၈ ဌာနနှင့် အာမခံအလုပ်သမားပေါင်း ၁၁၄၉၂၃၂ ဦးအထိ တိုးတက်လာ ခဲ့ကြောင်း သိရှိရသည်။


ကျန်းမာရေးစောင့်ရှောက်မှုနှင့်အကျိုးခံစားခွင့်
အလုပ်ရှင်မှ ၎င်းတို့၏အလုပ်သမားများကို လူမှုဖူလုံရေး စီမံကိန်းတွင် အကျုံးဝင်ထားခြင်းဖြင့် အလုပ်သမားများ အကြောင်းအမျိုးမျိုးကြောင့် နေထိုင်မကောင်းဖြစ်လျှင် ကျန်း မာရေးစောင့်ရှောက်မှုရရှိမည်ဖြစ်ပြီး အလုပ်သမားများ အနက်မှ အမျိုးသမီး အလုပ်သမားများ မီးဖွားခဲ့လျှင်လည်း မီးဖွားစရိတ်နှင့် မီးဖွားမှု ငွေကြေးအကျိုးခံစားခွင့်များကို ထောက်ပံ့ပေးလျက်ရှိသည်ကို မြင်တွေ့ရသည်။
အလုပ်တွင်ထိခိုက်မှုဖြစ်ပွားပါက လူမှုဖူလုံရေးအာမခံ ထားရှိသည့် အလုပ်သမားသည် ဆေးကုသမှုခံယူနိုင်ပြီး ¤င်း တို့ ထည့်ဝင်ထားသည့် ထည့်ဝင်ကြေးများကို လုပ်ခလစာ အပေါ်မူတည်ပြီး ငွေကြေးထောက်ပံ့မှုပေးလျက်ရှိကြောင်း လူမှုဖူလုံရေးအဖွဲ့မှ သိရှိရသည်။ အာမခံအလုပ်သမားများ အတွက် အလုပ်ရှင်၊ အလုပ်သမားထည့်ဝင်ကြေးစုစုပေါင်း ငါး ရာခိုင်နှုန်း ပေးသွင်းထားခြင်းဖြင့် အကျိုးခံစားခွင့် ၁၅ မျိုးကို ရရှိခံစားနိုင်မည့်အပြင် ဆေးကုသရန် လာရောက်ရသည့် ခရီး စရိတ်ကိုလည်း သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြန်လည်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။


ယခုနောက်ပိုင်းတွင် အလုပ်သမားများအား ဆေးကုသ ပေးမှုများတွင် လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံ၊ ဆေးခန်းများ အပြင် လူမှုဖူလုံရေးအဖွဲ့နှင့် သဘောတူစာချုပ်ချုပ်ဆိုထား သည့် ပြင်ပပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင်လည်း ဆေး ကုသမှုခံယူခွင့်ရှိလာသည့်အပြင် အာမခံအလုပ်သမားများ စိုက်ထုတ်သုံးစွဲထားရသည့် ဆေးဖိုးများကိုလည်း သတ်မှတ် ချက်များနှင့်အညီ ပြန်လည် ခွင့်ပြုထုတ်ပေးလျက်ရှိနေပြီဖြစ် ကြောင်း လူမှုဖူလုံရေးအဖွဲ့မှ သိရှိရသည်။


အလုပ်သမားဆေးရုံကြီး သုံးရုံတွင် တက်ရောက်၍ ဆေး ကုသမှုခံယူနေကြရသည့် အာမခံအလုပ်သမားများအတွက် ဖြည့်စွက်စာအဖြစ် တစ်ဦးအတွက် တစ်နေ့လျှင် ငွေကျပ် ၁၂ဝဝ နှုန်း ကုန်ကျစရိတ်ရှိသည့် နံနက်စာ၊ နေ့လယ်စာနှင့် ညနေစာများကို ကျွေးမွေးပေးလျက်ရှိကြောင်း သိရပြီး အာမခံအလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးရာတွင် ဆေးခန်းများအပြင် ဆေးရုံကြီး သုံးရုံတွင်လည်း ပြင်ပလူနာ၊ အတွင်းလူနာအဖြစ် ကြည့်ရှုစောင့်ရှောက်မှုပေး လျက်ရှိရာ ဘဏ္ဍာရေးတစ်နှစ်အတွင်း ပျမ်းမျှပြင်ပလူနာ ၆၆၈၃ဝ နှင့် အတွင်းလူနာ ၈၂၆၇ ဦးတို့ကို ပြုစုစောင့်ရှောက် ပေးနိုင်ခဲ့သည်။


လူမှုဖူလုံရေးဆေးရုံဆေးခန်းများကိုလာရောက်ပြသရန်အခက်အခဲရှိသည့် အာမခံအလုပ်သမားအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် ရွေ့လျား ဆေးကုသယာဉ်(Mobile Medical Unit-MMU) ဖြင့် စက်ရုံ၊ အလုပ်ရုံအရောက် ကွင်းဆင်းဓာတ်ခွဲစမ်းသပ်စစ်ဆေး မှုနှင့်ဆေးကုသမှုများကို ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် မြို့နယ်လူမှုဖူလုံရေးဆေးခန်း၊ တာဝန်ခံဆရာဝန်များက လုပ်ငန်းခွင်အရောက် ကွင်းဆင်းဆေးကုသမှုပေးခြင်း အပြင် အထူးကုဆရာဝန်ကြီးများကလည်း ကွင်းဆင်း ဆေးကုသမှု ပေးအပ်လျက်ရှိကြောင်း သိရသည်။


ငွေကြေးအကျိုးခံစားခွင့်
၂ဝ၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေကို စတင် အကောင် အထည်ဖော်ချိန်မှစ၍ ယနေ့အထိ လူမှုဒုက္ခများနှင့် ကြုံတွေ့ရ သည့် အာမခံအလုပ်သမားများ၏ အမှုတွဲပေါင်း ၅၄၁၄၉၅ မှုအတွက် ငွေကြေး အကျိုးခံစားခွင့်အဖြစ် ငွေကျပ်သန်းပေါင်း ၂၁၂၇၂ ဒသမ ၆၂ ကျပ်သန်းကို ထောက်ပံ့ပေးပြီးဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ထောက်ပံ့ပေးရာတွင် လူမှုဖူလုံရေးအဖွဲ့သည် အာမခံ အလုပ်သမားများကို ကျန်းမာရေးစောင့်ရှောက်မှုသာမက ဆေးကုသမှုကုန်ကျစရိတ်များကိုလည်း ပြန်လည်ပေးအမ်း လျက်ရှိကြောင်း သိရသည်။ ဥပမာအားဖြင့် အာမခံအလုပ် သမား တစ်ယောက်သည် နှလုံးခွဲစိတ်ကုသမှုခံယူရန် လိုအပ် ပါက နှလုံးခွဲစိတ်မှုအတွက် ကျပ်သိန်း ၂ဝ တိတိ တစ်လုံးတစ်ခဲ တည်း ခွင့်ပြုထောက်ပံ့ပေးနိုင်ခဲ့ကြောင်းသိရသည်။ ထို့အပြင် နှလုံးခွဲစိတ်ကုသမှုမတိုင်ခင်ကာလများတွင်လည်း ဆေးဖိုး ကုန်ကျစရိတ်များကို ထုတ်ပေးနိုင်ခဲ့ပြီး နှလုံးခွဲစိတ်ကုသပြီး သည့်နောက်တွင် ဆက်လက်ကုသမှုခံယူရန် လိုအပ်ပါက ကုန်ကျစရိတ်ရှိလာလျှင်လည်း သတ်မှတ်ရာခိုင်နှုန်းဖြင့် ပြန်လည်ခွင့်ပြုထုတ်ပေးလျက်ရှိသည်။


အလားတူ အသည်းရောဂါစီပိုးဖြစ်ပွားသူများကိုလည်း ဆေးကုသမှုခံယူသည့်အခါ ဆေးဖိုးပြန်လည်ပေးအမ်းခြင်းကို ရာခိုင်နှုန်းဖြင့် ပြန်လည်ထုတ်ပေးနေပြီး ကျောက်ကပ်ရောဂါ ဝေဒနာရှင်များ၊ ကင်ဆာရောဂါဝေဒနာရှင်များ၏ ဆေးဝါး ကုသမှု ကုန်ကျစရိတ်များကို ပြန်လည်ခွင့်ပြုပေးနေကြောင်း လည်း သိရှိရသည်။ တီဘီရောဂါလူနာများအတွက်လည်း လုပ်ငန်းခွင်ဝင်ရောက်နိုင်ခြင်းမရှိပါက လူမှုဖူလုံရေးအဖွဲ့မှ ဆေးလက်မှတ်ဖြင့် အများဆုံးခြောက်လအထိ ဆေးခွင့် ရရှိ ခံစားနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ လူမှုဖူလုံရေး အဖွဲ့သည် အာမခံ အလုပ်သမားများ အလုပ်မလုပ်နိုင်သည့် အတွက် ဝင်ငွေအစားထိုးရရှိစေရန် ဆေးခွင့်ခံစားချိန်တွင် လုပ်ခလစာ၏ ၆ဝ ရာခိုင်နှုန်းကို အကျိုးခံစားခွင့်အဖြစ် ထောက်ပံ့ပေးလျက်ရှိကြောင်းသိရ

သည်။


လူမှုဖူလုံရေးနှင့် မီးဖွားခွင့်အကျိုးခံစားမှု
လုပ်ငန်းခွင်အတွင်း အမျိုးသမီးအလုပ်သမားများ၏ မီးဖွား ခွင့်နှင့်မီးဖွားစရိတ်များ ရရှိမှုသည်လည်း အလွန်အရေးကြီး သဖြင့် လူမှုလူဖူလုံရေးအဖွဲ့မှ အမျိုးသမီးအလုပ်သမားများ အတွက် မီးဖွားခွင့်များနှင့် မီးဖွားစရိတ်များကို ဥပဒေနှင့်အညီ ခွင့်ပြုထုတ်ပေးလျက်ရှိသည်။ ဥပမာအားဖြင့် လစာကျပ်သုံး သိန်းရရှိသည့် အမျိုးသမီးအာမခံ အလုပ်သမားတစ်ဦးသည် မီးဖွားခွင့်ရက်ပြည့် ခံစားနိုင်ခဲ့ပါက မီးဖွားမှု အကျိုးခံစားခွင့် နှင့် မီးဖွားစရိတ် စုစုပေါင်း ကျပ် ရှစ်သိန်းကျော်အထိ လူမှုဖူလုံ ရေး အကျိုးခံစားခွင့်ကို ရရှိမည်ဖြစ်သည်။


ကျန်ရစ်သူအကျိုးခံစားခွင့်
အာမခံအလုပ်သမားများ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ပါကလည်း နာရေးစရိတ် ခွင့်ပြုထုတ်ပေးလျက်ရှိ ကြောင်း သိရှိရသည်။ ဥပမာအနေဖြင့် အာမခံအလုပ်သမား သည် ၂ဝ၁၄ ခုနှစ်ကတည်းက ထည့်ဝင်ကြေးပေးသွင်းထားခဲ့သူဖြစ်ပြီး လစာကျပ် သုံးသိန်း ရရှိခဲ့သူတစ်ဦးဖြစ်ပါက ¤င်း၏ ကျန်ရစ်သူမိသားစုအား နာရေးစရိတ်အဖြစ် ကျပ် ၁၁ သိန်းကျော်ကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုကဲ့သို့ပင် လစာကျပ် သုံးသိန်းဖြင့် အာမခံထည့်ဝင်ကြေး ပေးသွင်းထားသည့်အာမခံအလုပ်သမားတစ်ယောက်သည်လုပ်ငန်းခွင်တွင် ထိခိုက်ဒဏ်ရာရမှုဖြစ်ပွားပြီး သေဆုံးသွား ခဲ့ပါကလည်း နာရေးစရိတ်ကျပ် ၁၁ သိန်းကျော်အပြင် ကျန်ရစ် သူ အကျိုးခံစားခွင့်အဖြစ် အာမခံအလုပ်သမားရရှိသည့် လုပ်ခလစာ၏အဆ ၃ဝ ဖြစ် သော ကျပ်သိန်း ၉ဝ ကိုလည်း မိသားစုကိုထောက်ပံ့ ပေးသွားမည်ဖြစ်သည်။ ထိုသို့ ထောက်ပံ့ ပေးခြင်းမှာ သေဆုံးသွားသော အာမခံအလုပ်သမား၏ ကျန်ရစ်သူမိသားစုအတွက် လူမှုဖူလုံရေးအဖွဲ့မှ ထောက်ပံ့ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။


လုပ်ငန်းခွင်ထိခိုက်မှုအကျိုးခံစားခွင့်
အချို့သော အာမခံအလုပ်သမားများသည် ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာရရှိပြီး ခြေချောင်း၊ လက်ချောင်းများ ဆုံးရှုံးသွား သည့်အခါ လုပ်အားဆုံးရှုံးမှု သတ်မှတ်ပြီး လုပ်အားဆုံးရှုံးမှုရာခိုင်နှုန်းအလိုက် အာမခံအလုပ်သမားများကို အကျိုးခံစား ခွင့် ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်သည်။ ဤသို့ထောက်ပံ့ သည့်အခါတွင်လည်း ဥပမာအားဖြင့် ကိုယ်ခန္ဓာ ၈ဝ ရာခိုင်နှုန်း လုပ်အားဆုံးရှုံးမှုဖြစ်ပေါ်သည့် အလုပ်သမားတစ်ယောက်ကို လူမှုဘဝလုံခြုံစွာ အခက်အခဲမရှိ ဆက်လက်နေထိုင်နိုင်ရန် အမြဲတမ်းမသန်စွမ်းမှု ငွေလုံးငွေရင်း အကျိုးခံစားခွင့် တစ်လုံး တစ်ခဲတည်း ကျပ် ၁၈၁ သိန်းကျော်ကို လူမှုဖူလုံရေးအဖွဲ့မှ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ၁ဝဝ ရာခိုင်နှုန်း လုပ်အားဆုံးရှုံး သွားသူဖြစ်သည့်အပြင် ဘေးမှ တစ်ဦးတစ်ယောက်၏ ကူညီ စောင့်ရှောက်မှုရယူရန် လိုအပ်သူဖြစ်ပါက ကူညီပေးသူ အတွက် ၁ဝ ရာခိုင်နှုန်းကို ထပ်ဆောင်းထောက်ပံ့ပေးလျက်ရှိ သည့်အတွက် အလုပ်သမားတိုင်း လူမှုဖူလုံရေးအာမခံထား ရှိကြရန် လိုအပ်ပြီး မိမိထားရှိသည့် လူမှုဖူလုံရေးအကြောင်း အရာများကိုလည်း သိရှိနိုင်ကြရန် ကြိုးပမ်းခြင်းဖြင့် လူမှုဖူလုံ ရေးခံစားခွင့်များကို ရယူနိုင်ကြမည်ဖြစ်သည်။


လူမှုဖူလုံရေးအဖွဲ့နှင့် ပြုပြင်ပြောင်းလဲရေး
ယခုအခါ လူမှုဖူလုံရေးအဖွဲ့သည် အကျုံးဝင် မှတ်ပုံတင်ထား သော အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းကို ပိုမိုထိရောက် ကျယ်ပြန့်စွာဆောင်ရွက်နိုင်ရေး အတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် သဘောတူ စာချုပ်ချုပ်ဆိုပြီး ပြင်ပလူနာဝန်ဆောင်မှုဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုကိုဝယ်ယူသည့် Provider Purchaser Split စနစ်သို့ အဆင့်မြှင့်တင်ပြောင်းလဲခြင်းနှင့် ငွေပေးချေ မှုကို နိုင်ငံတကာလူမှုဖူလုံရေးအာမခံစနစ်များတွင် အသုံးပြု အောင်မြင်နေသည့် ငွေပေးချေမှုစနစ်များအနက် Capita-tion စနစ်ဖြင့် စတင်ကျင့်သုံးမည့် Pilot Project ကို မြိတ်မြို့၊ တောင်ကြီးမြို့နှင့် မြစ်ကြီးနားမြို့များတွင် ၂ဝ၁၈ ဧပြီ ၃ဝ ရက်မှ စတင်၍ စမ်းသပ်ဆောင်ရွက်လျက်ရှိပြီး ဆက်လက် ၍လည်း ရန်ကုန်မြို့၊ မ္တလေးမြို့နှင့်ကျန်ရှိသည့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များတွင်လည်း တိုးချဲ့ဖွင့်လှစ်နိုင်ရန်ဆောင် ရွက်နေကြောင်း သိရှိရသည်။

ဆောင်ရွက်ချက်များအပြင် လူမှုဖူလုံရေးအဖွဲ့၏ ပင်မလုပ် ငန်းစဉ် ငါးရပ်ကို ပိုမိုပီပြင်စွာဆောင်ရွက်နိုင်စေရန် ပြုပြင် ပြောင်းလဲရေးအစီအစဉ်များကိုလည်း ဆက်တိုက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့မှ သတင်းထုတ်ပြန် ထားသည်။ ယင်းလုပ်ငန်းစဉ်များမှာ သတင်းအချက်အလက် နှင့် နည်းပညာကဏ္ဍပြုပြင်ပြောင်းလဲခြင်း၊ ကျန်းမာရေး ဝန်ဆောင်မှုပေးသည့် ကဏ္ဍအတွက် ပြုပြင်ပြောင်းလဲခြင်း၊ ဥပဒေရေးရာကဏ္ဍအတွက် ပြုပြင်ပြောင်းလဲခြင်းနှင့် စီမံခန့်ခွဲ မှုဆိုင်ရာကဏ္ဍပြုပြင်ပြောင်းလဲခြင်းများကိုလည်း ပြည်တွင်း ပြည်ပပညာရှင်များနှင့် ပူးပေါင်းကာ စီမံချက်များရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရှိရပါ သည်။


လူမှုဖူလုံရေးသည် အလုပ်သမားများအတွက် ကိုယ်စားပြု ပြီး အားကိုးအားထားရာ ကျန်းမာရေး၊ လူမှုရေးစောင့်ရှောက်မှု ပင်မအရင်းအမြစ်ကြီးတစ်ခုဖြစ်လာမှသာ အလုပ်သမားများ အတွက် အလုပ်လုပ်ကိုင်ရာတွင် ပိုမိုအားရကျေနပ်ဖွယ် ဖြစ် လာမည်ဖြစ်သည်။ ထို့ကြောင့် အလုပ်သမားများကလည်း မိမိတို့လစဉ် ထည့်ဝင်ကြသည့် လူမှုဖူလုံရေးအာမခံကြေးများ ကို ထည့်ဝင်သည့်နည်းတူ မိမိတို့ရရှိနိုင်ကြသည့် အခွင့်အရေး များ၊ အစီအစဉ်များအတွက်လည်း ကြိုတင်လေ့လာခြင်းတို့ကို လူမှုဖူလုံရေး ဌာနများအားလုံးတွင် မေးမြန်းစုံစမ်းနိုင်ပြီး အလုပ်သမားများအားလုံး လူမှုဘဝများ မြင့်မားရေးနှင့် ကျန်းမာ ရေး၊ လူမှုရေးကိစ္စရပ်များအတွက် ပိုမိုအားကိုးအားထားပြုနိုင် ပြီဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

ခင်ရတနာ