Friday, June 11, 2021

အလုပ်ပြောင်းရွှေ့ခြင်းဆိုင်ရာသိကောင်းစရာများ


ထိုင်းရောက်မြန်မာအလုပ်သမားများအနေဖြင့် အလုပ်ပြောင်းရွှေ့မည်ဆိုပါက အလုပ်သမားအနေဖြင့်အလုပ်ရှင်ဖြစ်သူကို အနည်းဆုံး ( ၃၀ )ရက် ကြိုတင်အသိပေးရမည် ဖြစ်ပါသည်။ ထို့နောက် မိမိအလုပ်ရှင်ထံမှ အလုပ်ပြောင်းရွှေ့စာ(ဘိုင်ကျန့်အော်)ယူပြီး မိမိပြောင်းရွှေ့မည့် အလုပ်ရှင်ထံ (၁၅ ) ရက်အတွင်း အလုပ်ရှင်ပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါသည်။


အလုပ်ပြောင်းရွှေ့စာ(ဘိုင်ကျန့်အော်)ရရှိပြီး  (၁၅ )ရက်အတွင်း အလုပ်ရှင်မပြောင်းပါက မိမိ၏ နေထိုင်ခွင့်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။


ဒါ့ပြင် ယခုတလောအလုပ်သမားများကြုံတွေ့နေရသည့် ကိစ္စရပ်မှာ အလုပ်သမားအနေဖြင့် မိမိသဘောဆန္ဒအလျောက်အလုပ်မှ နှုတ်ထွက်ခြင်း အလုပ်ရှင်ဟောင်းထံမှ အလုပ်ပြောင်းရွှေ့စာမရဘဲ အခြားအလုပ်သို့ပြောင်းရွှေ့ခြင်းနှင့် မိမိနေထိုင်ရာခရိုင်တစ်ခုမှ အခြားခရိုင်တစ်ခုသို့ အလုပ်ပြောင်းရွှေ့ခြင်းတို့ကြောင့် နောက်ဆက်တွဲအခက်ခဲများတွေ့ကြုံနေကြရပါသည်။


ယခုကိုဗစ်ဖြစ်ပွားနေသည့် ကာလအတွင်း ခရိုင်ကျော်ပြီးအလုပ်ပြောင်းရွှေ့ခြင်းတို့ကို ပိတ်ပင်ထားသလို အလုပ်သမားများအနေဖြင့် အလုပ်ပြောင်းရွှေ့စာ(ဘိုင်ကျန့်အော်)မရှိပဲ  အခြားအလုပ်နေရာတွင်အလုပ်လုပ်ကိုင်နေသည်ကို တာဝန်ရှိသူများ စစ်ဆေးတွေ့ရှိပါက လက်ခံသူအလုပ်ရှင်နှင့်အလုပ်သမားတို့ကို ဒဏ်ငွေ ဘတ်နှစ်သောင်းပြစ်ဒဏ်ချမှတ်ခံရမည်ဖြစ်သည်။


အလုပ်သမားများအနေဖြင့် အလုပ်ပြောင်းရွှေ့ရန် အလုပ်ရှင်ဖြစ်သူကို ကြိုတင်အသိပေးပြီးနောက်လုပ်ရှင်က အလုပ်ပြောင်းရွှေ့ခွင့် (ဘိုင်ကျန့်အော်)ကို ထုတ်မပေးပါက မိမိနေထိုင်ရာ မြို့နယ်များရှိ ကျဟာငန် (သို့) ဆဝါဒီကန်ရုံးများထံအကူညီတောင်းခံနိုင်ပါသည်။ 


#MOUစနစ်ဖြင့်ထိုင်းနိုင်ငံသို့ရောက်ရှိ အလုပ်လုပ်ကိုင်ကြသည့်မြန်မာ အလုပ်သမားများအနေဖြင့် အလုပ်ပြောင်းလဲ လုပ်ကိုင်ရန်အတွက် အလုပ်ရှင်မှ အောက်ပါအချက် ( ၅ ) ချက်အား ဖောက်ဖျက်ပါက အခြားအလုပ်သို့ ပြောင်းလဲ လုပ်ကိုင်နိုင်ပါသည်။


၁။ အလုပ်ရှင်မှ အလုပ်ထုတ်ခြင်း၊အလုပ်မပေးနိုင်ခြင်းနှင့် အလုပ်ရှင်ဆုံးပါသွားခြင်း။

၂။လုပ်ငန်းရှင်မှကြွေးမှီပြန်မပေးဆပ်နိုင်ခြင်း။

၃။လုပ်ငန်းရှင်မှညှင်းပန်နိုပ်စက်ခြင်းနှင့်ကိုယ်ထိလက်ရောက် အနိုင်ကျင့် ကျူးလွန်ခြင်း။

၄။လုပ်ငန်းရှင်မှ အလုပ်ရှင်အလုပ်သမားစာချုပ် ချိုးဖောက်ခြင်း သို့မဟုတ် အလုပ်သမား ဥပဒေချိုးဖောက်ခြင်း။

၅။ လုပ်ငန်းရှင်မှ အလုပ်သမားအား ပါတ်ဝန်းကျင်ထိခိုက်စေသော အလုပ်အားခိုင်းခြင်းနှင့် အလုပ်သမားအား ဘေးအန္တရာယ် ဖြစ်စေနိုင်သော အလုပ်ခိုင်းစေခြင်း သို့မဟုတ် အသက်အန္တရာယ် ဖြစ်နိုင်သော အလုပ်ခိုင်းစေခြင်းတို့ဖြစ်သည်။


အလုပ်သမားများအနေဖြင့် ခွင့်မဲ့ (အကြောင်းပြချက်မရှိပဲ ) အလုပ်မှ( ၃) ရက်ထက်ပိုပြီးအလုပ်နားမည်ဆိုလျင် အလုပ်ရှင်က အလုပ်ထုတ်ခွင့်ရှိပြီး အဆိုပါ အလုပ်ထုတ်ခံရသည့်အတွက် နစ်နာကြေးရမည်မဟုတ်ပါ။ 


အကယ်အလုပ်ရှင်ဖြစ်သူက မိမိကို အလုပ်မှထုတ်ရင် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲအလုပ်ထုတ်ခဲ့ပါက မိမိလုပ်သက်အလိုက် နစ်နာကြေးခံစားခွင့်ရရှိမည်ဖြစ်သည်။(#သီးသန့်ဖော်ပြမည်)


အလုပ်သမားဟစ်တိုင်