Saturday, May 09, 2015

အုန်းမှုတ်ခွက်နင်းရောဂါကင်း (အပိုင်း-၅)


 ငွေကုန်မှ ကောင်းတယ်ထင်ကြတာ


၁၀။ ခြေတစ်ဖက် ဆာနေသူ
ဦးဘကျော်သည် ပင်ကိုယ်စိတ်ရင်းကောင်းသူလည်းဖြစ်၊ မန္တလေးအမျိုးသားကျောင်းထွက်လည်းဖြစ်သောကြောင့် မြန်မာမှုကို အားပေးသည်။ အမျိုးသားစိတ်လည်း ပြင်းထန်သည်။ တစ်မျိုးသားလုံးကို ကျန်းကျန်းမာ မာဖြစ်စေချင်သူဖြစ်သည်။ သွားလေရာ ရောက်လေရာတွင် အယုတ်အလတ် အမြတ်မရွေး လေးလေး စား စား။ သူသိထားသမျှ ကျန်းမာရေး နည်းကောင်းများကို ဖောက်သည်ချ ပြောလေ့ရှိပါသည်။

စာရေးသူသည် အုန်းမှုတ်ခွက်နင်း ရောဂါကင်း စာအုပ်ရေးသား ထုတ်ဝေရေးအတွက် မကွေးမှ မန္တလေးသို့ ခုနှစ်ခေါက်မျှ ဦးလေး ဦးဘကျော်ထံ သွားခဲ့ပါသည်။ သေချာကျနစွာ မှတ်သားရပါသည်။ ဦးလေးဦးဘကျော် ပြောပြသည်မှာ......

ကျုပ်လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ရန်ကုန်ရောက်တယ် ရန်ကုန်လဟာပြင်ဈေးမှာ ရာဘာဖိနပ်ဆိုင် ဖွင့်နေ တဲ့ တရုတ်အဘိုးကြီး တစ်ယောက်တွေ့ရတယ်။ သနားစရာဗျာ၊ သူ့ခဗျာ တစ်ခြမ်းလေငန်းဆွဲပြီး ကိုယ် တစ်ခြမ်း တုန်တုန်ယင်ယင် ဖြစ်နေတယ်။သွားတဲ့အခါ ခြေတစ်ဖက် ဒရွတ်တိုက် ဆွဲသွားနေရတယ်။ တုတ် တစ်ချောင်းနဲ့ပေါ့။ ဒါနဲ့ကျုပ်ကအုန်းမှုတ်ခွက်နင်းဖို့ ပြောတော့ နားမလည်ရှာဘူး၊ အနီးအနားမှာရှိတဲ့ အုန်းထမင်း ချက်တဲ့ဆိုင်တွေကို အုန်းမှုတ်ခွက် နှစ်လုံးတောင်းပြီး လက်တွေ့ နင်းပြလိုက်တယ်။

တရုတ်ကြီးက တော်တော် သဘောကျသွားသဗျ၊ နင်းသဗျို့၊ တစ်နှစ်လောက်အကြာ နောက်တစ်ခေါက် ရန်ကုန် ရောက်တော့ ကျုပ်တောင် အံ့သြသွားတယ်ဗျို့၊ အကောင်းပကတိဗျို့၊ တကယ့်ကို အကောင်းဖြစ် သွားတာ၊ ကျုပ်ပြောတဲ့ နည်းအတိုင်း နှစ်လကျော်ကျော် နင်းလိုက်တာ အခုလိုကို ဖြစ်ရောတဲ့ဗျာ၊ရွှေသွား တဝင်းဝင်းနဲပ ဝမ်းသာလွန်း ကျေးဇူးတင်ရှာလွန်းလို့ ကျွေးလိုက် မွေးလိုက်တာလဲ အလွန်ပဲ၊ ကျုပ်လဲ ဝမ်း သာတာပေါ့ဗျာ။


၁၁။ ငွေကုန်မှ ကောင်းတယ်ထင်ကြတာ
“ ကျုပ်ကတော့ ဘယ်နေရာ ရောက်ရောက် ကိုယ်တစ်ခြမ်းသေ လေငန်း ရောဂါ ဖြစ်နေ သူ၊ ခြေတစ် ဘက် ဆာပြီး ကောင်းကောင်းလမ်းမလျှောက်နိုင်သူတွေ တွေ့ယင် အုန်းမှုတ်ခွက်နင်းဖို့ ပြောတာပဲ၊ တချို့လဲ ယုံယုံ ကြည်ကြည်နဲ့ လက်ခံတယ်၊ တစ်ချို့ကျတော့လဲ မယုံကြည်ဘူးဗျ၊ မယုံတာကလဲ ကျုပ်ပေးတဲ့နည်းက လွယ် လွန်းသကိုး။ တစ်ချို့က ငွေကုန်မှ ငွေများများကုန်မှ ကောင်းတယ်ထင်တာ၊ ပျောက်လိမ့်မယ် ထင်ကြ တာ ကိုး။ ဒါတွေ ကျုပ်တို့ ဗမာတွေ အစွဲမပျောက်သေးဘူး၊ အမှန်ကတော့ သူ့နည်းနဲ့သူ ငွေတစ်ပြား တစ်ချက်မှ မကုန်ဘဲ ပျောက်တဲ့နည်းပါ။

ဥပမာ ပြောရရင် သော့ခလောက်တစ်ခုကို သူ့သော့တံနဲ့သူ မခတ်ဘဲ ရွှေသော့တံနှင့်ခတ်ဗျ၊ မရဘူး၊ အဲ …သူ့သော့နဲ့ သူခတ်တော့ အံဝင်ခွင်ကျဒေါက်ခနဲ ပွင့်လာမှာပဲ၊ ဒီသဘောပဲဗျ၊ အုန်းမှုတ်ခွက်နင်းတဲ့ အခါမှာ ဇွဲရှိဖု့ိ အရေးကြီးပါတယ်။ တစ်ခါ နှစ်ခါနင်းရုံနဲ့ ပျောက်လဲ မပျောက်ဘူးလို့ အားမလျှော့သင့်ပါဘူး၊ နင်းစမ်းပါ စိတ်ရှည်ရှည်ထားနင်းစမ်းပါ၊ ပျောက်ရပါစေမယ်။ သွက်ခါပါဒ၊ လေငန်း၊ သွေးတိုး၊ ဆီးချို ၊ ခေါင်းကိုက်၊ ဇက်
လေး အကုန်ပျောက်။ စာရေးဆရာတွေ၊ ည အယ်ဒီတာတွေ အစိုးရ ဝန်ထမ်းတွေ အလုပ် တကုတ်ကုတ် လုပ်နေရလို့ ည အယ်ဒီတာတွေ အစိုးရဝန်ထမ်းတွေ အလုပ် တကုတ်ကုတ် လုပ်နေရလို့ ခါးကြီးတောင့်၊ ဇက်ကြီးလေးနေတာ လောက်များ ခုနင်း ခုပျောက်စေရမယ်ဗျာ” ဟု အားပါး တရ ပြောပြပါတော့၏။


၁၂။ အကြောတို့သဘော
အုန်းမှုတ်ခွက်နင်းခြင်းသည် ကိုယ်ခန္ဓာရှိ အကြောများကို ထိမိစေပါသည်။ အကြော၏ သဘောကို မြန်မာ့ အာယုဗ္ဗေဒ ဆေးသိပ္ပံ( သိမ်ဖြူ) ဆရာတော်အရှင်နာဂသိန်မဟာထေရ်က မြန်မာ့အကြောပြင်ကျမ်းတွင်
အောက်ပါအတိုင်း ရေးသားဖော်ပြထားသည်။

အကြောပြင်ဆရာ၏ စွမ်းရည်
ဖော်ပြပါ ရောဂါရောက်ရာ ခန္ဓာကိုယ်ကြီးတွင် အုပ်စုသုံးလီ အနက် အကြောသည် ပဓာန အကျဆုံး ဖြစ် သည်။ အပူသည်း ခြေထုတ်လုပ်သမျှ ဓာတ်ဗလတို့ကို လေသည် ပုံမှန်နေရာသို့ ရောက်အောင် ပို့ဆောင် ရ၏။ ပို့ဆောင်သမျှကို သလိပ်ခေါ် အစေးဓာတ်သည် ပေါင်းစုပေးရ၏။ သို့ဖြစ်၍ အကြောသည် သည်း
ခြေ၊ လေ၊ သလိပ်တည်းဟူသော ဒေါသသုံးပါးတို့၏ သွားရာလမ်းကြောင်း ဖြစ်သဖြင့် အဖိုးတန် ဓာတ်ကြီး များ သွားရာလည်း အကြောပင် ဖြစ်၏။ အညစ်အကြေးလေများ နေရာတကာ ပုံမှန်တည်ရှိရန်နှင့် အပြင် အပသို့ ထွက်ရန်လည်း အကြောသည် ပဓာန ဖြစ်၏။

အကြောပြင် အတတ်သိမှုဖြင့် ဆရာ့ပင့်ခေါ်ခြင်း မစောင့်သော ဆရာထံသို့ အကုစားခံရန် အချိန် မစောင့်
သော ၊ အဆိပ်ထက် လျင်မြန်သော နှလုံးရောဂါကို အမြန်ဆုံး ကယ်တင်ရန် ဖော်ပြပါ အကြောပြင် အတတ် မှ တပါး မရှိချေ။ သေခါနီးသော ရောဂါပင်လျှင် အကြော အတတ်ပညာသည် ကာကွယ်နိုင် သည်ဟု ဖော်ပြ လိုရင်း ဖြစ်သည်။

ဆီးချုပ်၊ ဓာတ်ချုပ်၊ လေချုပ်၊ သွေးချုပ်၊ အပူချုပ်၊ ချုပ်ကြီးငါးချုပ်နှင့် ပတ်သက်၍ ထိုးခြင်း၊ အောင့်ခြင်း ၊ ခေါင်း ကိုက်ခြင်း၊ ခေါင်းထိုးခြင်း၊ ဇက်ကြောတက်ခြင်း၊ လက်ပြင် အောင့်ခြင်း၊ နံဘေးနှစ်ဖက်အောင့်ခြင်း စသည့် အဂန္တုက ရောဂါဖြစ်ရာ၌ ရောဂါရောက်ကြောင်း အရပ်ရပ်တို့ကို နှိုင်းဆ၍ နှိပ်ကွင်း နှိပ်ကွက်တို့၌ အချက်ကျ ကျပြုပြင်သွားခြင်းဖြင့် တစ်ခဏချင်း ကောင်းသွားနိုင်၏။

လေဖြတ်ခြင်း၊ ရွဲ့ခြင်း၊ စောင်းခြင်း၊ တစ်ခြမ်းသေခြင်း၊ ချည့်ခြင်း၊ ကုန်းနေခြင်း၊ ကော့လန်နေခြင်း စသည် များသောအားဖြင့် လေမျိုးရှစ်ဆယ်တွင် နာတာရှည် ရောဂါတို့ကိုလည်း ရောဂါအနေနှင့် နှိပ်ကွင်း နှိပ်ကွက် တို့ ကို ပြုပြင်ပေးခြင်းဖြင့် ပျောက်ကင်း၏။

တက်ခြင်း၊ အဆိပ်သင့်ခြင်း၊ သွေးတိုးခြင်း၊ မောခြင်း၊ အသက်ရှူမဝခြင်း စသော လတ်တလော အရေးကြီး သည့် ရောဂါတို့ကို တွေ့ရာ၌လည်း ဆေးထက်ပင် လျင်မြန်စွာ ကုစားကာကွယ်နိုင်၏။ ယင်းကဲ့သို့ ရောဂါ သုံးမျိုးလုံးနှင့် သက်ဆိုင်နေသဖြင့် အကြောပြင် အတတ်ပညာကို စနစ်တကျ တတ်မြောက်ထားသော အသက်ကယ်တင်ရှင် သမား တစ်ဆူ ဖြစ်လိုသူတိုင်း လိုအပ်ပေသည်။

အထက်ပါအတိုင်း သိမ်ဖြူဆရာတော် ဘုရားက မြန်မာ့အကြောပြင် အတတ်ပညာကျမ်းတွင် မိန့်ဆိုထား ပါသည်။ စာရေးသူအနေဖြင့် ဤကဲ့သို့ ကောက်နှုတ်ဖော်ပြ တင်ပြရခြင်းမှာ အကြောသည် လူ့ခန္ဓာ ကိုယ် တွင် အရေးပါအရာရောက်ကြောင်း ထင်ရှားစေလိုသောကြောင့် ဖြစ်ပါသည်။အကြောကို နင်းခြင်း၊ နှိပ်ခြင်း ၊ ပြုပြင်ခြင်းသည် စာရေးသူလေ့လာတင်ပြသော အုန်းမှုတ်ခွက်နင်းခြင်း ၏ ခြေဖဝါး၊ ခြေဖနောင့် ၊ ခြေဖျား တို့ နှိပ်ခြင်းဖြင့် တစ်စိတ်တဒေသ ပါဝင်တူညီနေပါသည်။

အုန်းမှုတ်ခွက်နင်းခြင်းသည် မည်သည့်ကာလ၊မည်သူကစသည်ခဲ့သည်ဟု သမိုင်း အထောက်အထားများ မတွေ့ရပါ။ သို့သော် စာရေးသူသည် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပင်းတယ၊လားရှိုး၊ အောက်ဖက် 
 မော်လမြိုင် ၊ ကျိုက်ထို၊ သထုံ၊ ဖားအံ၊ မြန်အောင်၊ ဟင်္သတ၊ မြောင်းမြ၊ အိမ်မဲနှင့် သာယာဝတီမြို့များအထိ မြို့ပေါင်း တစ်ဒါဇင်ကျော်၊ လူပေါင်း ငါးရာတို့နှင့် တွေ့ဆုံလျှက် အုန်းမှုတ်ခွက် နင်းကြသူများ အား မေးမြန်း မှတ်သားပါသည်။ အချို့ဓာတ်ပုံနှင့် မှတ်တမ်းတင်၍ အချို့ အသံသွင်းကြိုးခွေနှင့်ပင် မှတ်တမ်းတင်ခဲ့ပါ၏။

ထို့သို့လေ့လာဆည်းပူး သုတေသနပြုကြရာတွင် “ ဒီနည်း အဖေက ပြောခဲ့တာပဲ” ။ “ အဘိုးက ပြောတာပဲ၊ “ မိတ်ဆွေ တစ်ယောက်က ပြောတပဲ” ထိုမျှသာ သိရပါသည်။ မည်သူ မည်ဝါက စတင်တီထွင်သည်ဟု မသိရပါ။ ထို့ကြောင့် မိဘမဲ့ “ နည်းလေးတစ်ခု ” သာ မှတ်ယူကြပါကုန်။

ရှေးခေတ် နန်းတွင်းသုံး အကြောပညာများမှ သည်ဘက်ခေတ်မြန်မာ့ အာယုဗ္ဗေဒ ဆေးသိပ္ပံသုံး လက်တွေ့ အကြောပညာတို့ကို လေ့လာတတ်ကျွမ်း နားလည်ထားပါက…

“ ဆေးမှာအငွေ့-လက်မှာ အတွေ့”
“ ဆေးဆယ်ခွက်- လက်တစ်ချက်”
ဆိုသကဲ့သို့ အတိုင်းအထက်အလွန် ကောင်းလှပါချေမည်။သို့သော် ယင်းအတတ်ပညာ သည် ခက်ခဲနက်နဲ သည်က တစ်ဖုံ မိမိတို့ ကိုယ်ရေးကိုယ်တာ အလုပ်အကိုင်များကြောင့် မလိုက်စား မလေ့လာနိုင်ကြသော ရဟန်းရှင်လူများ ကျန်းမာရေး အတွက် ဆေးတစ်ခွက်ဖြစ်သော ဤအုန်းမှုတ်ခွက်နင်း ရောဂါကင်း စာအုပ် ငယ် ကို လက်တွေ့ကိုယ်တွေ့များမှ စာအုပ်အဖြစ်သို့ တင်ပြလိုက်ရ ပေသတည်း။

ဆက်လက်ဖေါ်ပြပေးပါမည်။

တိုင်းရင်းဆေးဆရာ၊ စာရေးဆရာ မကွေးဝင်းမြင့်၏ ခွင့်ပြုချက်ဖြင့်တင်ပြပေးပါသည်။
ရွှေလမ်းငွေလမ်းဝင်းကြည်