ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ဆိုတာ မြန်မာနိုင်ငံအတွက် နှစ်ခါပြန်မေးစရာမလိုတဲ့ နိုင်ငံရေး မျှော်မှန်းချက်ဖြစ်ပါတယ်။
ဒီခရီးရှည်ကို လျှောက်တဲ့အခါ နည်းလမ်းအမျိုးမျိုးရွေးကြသူတွေထဲမှာ ပြည်သူမနာဆုံး နည်းလမ်းကို ရွေးချယ်တဲ့ ပါတီအစုအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေကို အားပေးထောက်ခံကြရမယ်ဆိုတာ ကျိုးကြောင်း ဆီလျော်တဲ့ ရွေးချယ်မှုပဲဖြစ်ပါတယ်။ တစ်နည်းပြောရရင် ပြည်သူမနာဆုံးနည်းကို ရွေးတဲ့ခေါင်းဆောင်၊ ပါတီဖက်ကို အပြတ်ဘက်လိုက်ကြဖို့ပါပဲ။
ပြည်သူမနာဆုံးနည်းက ဘာလဲ?
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ဘာလို့ တည်ဆောက်ချင်သလဲလို့မေးရင် တန်းတူညီမျှမှု၊ တရားမျှတမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စတဲ့အချက်တွေကို လိုချင်ကြလို့ဖြစ်ပါတယ်။ တစ်ကယ်တော့ အဲဒါတွေဟာ အင်မတန်မှ စိတ္တဇဆန်တဲ့ သဘောတရား (abstract concepts) တွေဖြစ်ပါတယ်။ တန်းတူညီမျှမှုကို ဘယ်လို ဖော်ဆောင်မလဲ၊ တရားမျှတမှုရှိအောင် ဘယ်လိုအကာအကွယ်ပေးမလဲ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဘယ်လိုအာမခံမလဲဆိုရင်တော့ လက်တွေ့ကျတဲ့ ပြုပြင် ပြောင်းလဲမှုတွေကို လုပ်ဖို့ လိုလာပါပြီ။
ဘယ်ကစပြောင်းမလဲ?
ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်ဖို့ ပထမဆုံး လိုအပ်ချက်က တည်ငြိမ်မှုဖြစ်ပါတယ်။ တည်ငြိမ်မှုရှိတဲ့ ဝန်းကျင်မှာမှ နိုင်ငံရေး၊ စီးပွားရေး၊ အင်စတီကျုးရှင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်နိုင်မှာပါ။ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပြီး တည်ငြိမ်မှုမရှိရင် ဘာကိုမှလည်း မပြောင်းလဲနိုင်သလို၊ ရှိနေတဲ့ အခြေအနေတွေတောင် ပျက်ယွင်းသွားမှာပါပဲ။ တည်ငြိမ်မှုရှိဖို့ အတွက် ကိုယ့်ရဲ့ နိုင်ငံရေးခံယူချက်တွေကို လက်လွှတ်လိုက်စရာလည်းမလိုပါဘူး။ နိုင်ငံရေးမျှော်မှန်းချက်တွေ ကိုလည်း ဆုပ်ကိုင်ထားရင်း၊ တည်ငြိမ်မှုရှိတဲ့ ဝန်းကျင်ကိုလည်း ဖန်တီးထားရင်း၊ တိုးတက်ပြောင်းလဲမှုတွေကိုလည် ဆက်လက်ဖော်ဆောင်ရင်းနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ဆက်လက်ချီတက်သွားရမှာပါ။ တည်ငြိမ်မှု နဲ့ ပြောင်းလဲမှုတွေကို ချိန်ဆပြီး လုပ်ဆောင်နိုင်ခြင်းဟာ နိုင်ငံရေးအတတ်ပညာပဲ ဖြစ်ပါတယ်။ ပြည်သူမနာတဲ့ နိုင်ငံရေးအတတ်ပညာပါ။ အဲဒီ နိုင်ငံရေးကို လုပ်နေကြသူတွေဖက်ကို အပြတ်ဘက်လိုက်ကြဖို့ လိုပါတယ်။
လက်ရှိအခြေအနေဟာ ပြီးပြည့်စုံတဲ့ အခြေအနေမဟုတ်ပါဘူး။ အာဏာရှင်စနစ်အောက်ကနေ ရုန်းထွက်နေရဆဲ၊ လက်နက်ကိုင် ပဋိပက္ခကို ရင်ဆိုင်နေရဆဲမို့ မတရားမှုတွေ၊ နစ်နာမှုတွေ အများအပြားရှိနေပါတယ်။ ဒါတွေကို တိုက်ဖျက်ဖို့အတွက် လက်နက်ကိုင်ခြင်းကို နည်းလမ်းအနေနဲ့ ထပ်ရွေးမယ်ဆိုရင် မတရားမှုသံသရာ လည်ဖို့ပဲ ရှိတာ မြေကြီးလက်ခတ်မလွဲပါ။ လက်ရှိ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေအရကို သိနိုင်ပါတယ်။ လက်နက်ကိုင်ခြင်းနည်းလမ်းဟာ မြန်မာပြည်သူတွေနဲ့ မြန်မာနိုင်ငံအတွက် အဖြေမဟုတ်ပါဘူး။
အဖြေလို့ဆိုခဲ့ရင် အခုလောက်ဆို အဖြေတောင် ရသင့်ပါပြီ။ ဒါကြောင့်မို့လို့ NLD အစိုးရဟာ ပြည်သူမနာဆုံးနည်းလမ်းကို ရွေးချယ်ခဲ့တာ လို့ ယူဆပါတယ်။ ဒီအတွက် ပေးရတဲ့ အဖိုးအခတွေ ရှိပါတယ်။ ဒါပေမယ့် တစ်နိုင်ငံလုံးကို လွှမ်းခြုံစဉ်းစားပြီး ပေးလိုက်ရတာနဲ့ ပြန်ရလိုက်တာကို ချင့်တွက်ကြည့်လို့ ပြည်သူတွေအထိအခိုက် အနည်းဆုံးဖြစ်တယ်ဆိုရင် မှန်ကန်တဲ့ ရွေးချယ်မှုလို့ ပြောလို့ရမှာပါ။ အဲဒီရွေးချယ်မှုဖက်ကို အပြတ်ဘက်လိုက် ကြဖို့လိုပါတယ်။
စစ်ပွဲတွေဖြစ်၊ အပြန်အလှန် တိုက်ခိုက်မှုတွေဖြစ်နေတဲ့ ကြားမှာ ဒီမိုကရေစီဖက်ကိုလည်း ဘက်လိုက်လို့မရပါဘူး။ လူ့အခွင့်အရေးဖက်ကိုလည်း ဘက်လိုက်လို့မရပါဘူး။
တန်းတူညီမျှရေးဆိုတာလည်း ပါးစပ်ကပဲပြောနိုင်ပြီး လက်တွေ့လည်း လုပ်နိုင်မယ် မဟုတ်ပါဘူး။ ဒီနေ့မျိုးဆက်တွေအတွက်ရော၊ အနာဂတ်မျိုးဆက်တွေအတွက်ပါ ဒီမိုကရေစီဖက်၊ ဖက်ဒရယ်ပြည်ထောင်စုဖက်၊ လူ့အခွင့်အရေးဖက်၊ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်း စတဲ့ ဘက်အသီးသီးကို ဘက်လိုက်နိုင်ကြစေဖို့ အတွက် ဒီနေ့ဒီအချိန်မှာ ပြည်သူမနာဆုံးနည်းနဲ့ ရှေ့ဆက်ချီတက်နေတဲ့ ခေါင်းဆောင် နဲ့ ပါတီဖက်ကို ဘက်လိုက်ကြရအောင်လို့ တိုက်တွန်းလိုက်ပါတယ်။
စစ်မော်