Saturday, March 17, 2018

ယောနသံဇင်ယော် အပိုင်း(၂)


ဇင်ယော်ငှက် မတစ်ထောင် တစ်ကောင်ဖွား ကလေးတော့ဖြင့် တစ်နာရီ လျှင် (၂၁၄) မိုင်နှုန်းဖြင့် ပျံနိုင်လေပြီ ဟေ့။ ဖြစ်တောင့် ဖြစ်ခဲသော အရာပေတည်း။ ဇင်ယော်တို့သမိုင်း၏ တစ်ခုတည်းသော အကြီးဆုံး မင်္ဂလာ
ရတောင့် ရခဲ အခါအခိုက် ပေတည်း။ ယောနသံ ဇင်ယော်အဖို့ ထိုအခါမှစ၍ ခေတ်သစ် တံခါးသည် ဟင်းလင်းကြီး ပွင့်လေပြီ။ တကိုယ် တည်း လေ့ကျင့်ရာ စခန်းသို့ ပျံသွားပြီးလျှင် ပေရှစ်ထောင်အမြင့် ဝေဟင်သို့တက်၍ အောက် သို့ ဦးစောက်ထိုးရန် သူ့ တောင်ပံ များကို ရုပ်သိမ်းကာ သူသည် တဟုန်ထိုး ထိုး၍ လှည့်နည်း တိမ်းနည်း ဝိုက်နည်း များကို တတ် အောင် လေ့ကျင့် လေတော့ သတည်း။ ဤသို့ဖြင့် ယောနသံဇင်ယော်သည် ဤမြေကြီးဘုံတွင် ကောင်းကင် ဂျွမ်းဘား အစွမ်းကို ပထမဦးဆုံး ပြနိုင်သည့် တကယ့်ဇင်ယော် ငှက်ကျော်ငှက်မော် ဖြစ်လာ၏။

 အကြဉ်ခံရခြင်း
အနာဂါတ် ကာလမှ နှစ်များသည် ဆုလာဘ်ကတိ အပြည့်နှင့် ဝင်းဝင်းတောက်လျက် အသံ တကြော်ကြော်
 ဖြင့်လည်း ဖိတ်ခေါ် လျက်ရှိ၏။ ပင်လယ် ဇင်ယော်များသည် ယောနသံ ဆင်းလာ သောအခါ ငှက်ကောင်စီ အစည်းအဝေး အတွက် စုရုံးပြီးသား ဖြစ်နေ၏။ ကြိုတင်၍ စုဝေး နေနှင့် ကြသည်မှာ ထင်ရှား ၏။ အမှန်စင်စစ် ကား စုရုံး ကြပြီးနောက် သူ့အလာကို စောင့်မျှော်နေ ကြခြင်းသာ ဖြစ်၏။


 "ယောနသံ ဇင်ယော် အလယ်ကို ကြွပါ" ဇင်ယော် အကြီးအကဲ များ၏ ဤအသံသည် ပွဲသဘင် အခမ်းအနား တခုကို ဖွင့်လှစ်သော အသံမျိုး ပမာ တည်ကြည် ခံညား လှ၏။ အလယ်သို့ ကြွ၍ ရပ်ပါ ဆိုသော ဤအပြောမျိုး သည် ရှက်ဖွယ်လိလိ သိက္ခာချ ကံပြုခြင်း အဓိပ္ပါယ် ရှိ၏။ ဇင်ယော် သူရဲကောင်းများကို သူကောင်းပြုသော ပွဲမျိုးတွင် အချီးအမြှောက် ကံ အပြုခံဖို အလယ်သို့ ကြွစံပါဟု ဆိုလေ့ရှိ၏။ သူ၏ ဂုဏ်ကျေးဇူးများကို တဖွားဖွား ခံတွင်းမဆံ့ ချီးအံ့ ပြောဖို့သာ ဖြစ်မှာပါပဲ ဟူသော အထင်ဖြင့် ယောနသံ က ဤသို့ တွေးမိ၏။ မနက်က အစာရှာ ထွက်ကြတဲ့ ငှက်အုပ်ထဲ ငါဖြတ်ပျံ မိလို့ ဖြစ်မှာပေါ့။ အလျင်နှုန်း အဟုန် တံတိုင်းကို ငါထိုးဖောက်နိုင်ခဲ့တာ သူတို့ မြင်လိုက် ကြလို့ ဖြစ်မှာပေါ့။ ဒါပေမယ့် ငါက ဘာဂုဏ်တွေ ကိုမှ မလိုပါဘူး။ ငါတွေ့လာ ခဲ့သမျှကို၊ ငါတတ်လာ ခဲ့သမျှကိုသာ သူတို့ကို ဝေမျှ ပေးလိုတဲ့ စိတ်ဆန္ဒပဲ ရှိပါတယ်။ တို့တတွေ အားလုံးကို မျက်နှာ တူရူမှ ငံ့လင့် စောင့် မြှော် နေတဲ့ ဆုလာဘ်ကြီးတွေ ဆီကိုသာ ညွှန်ပြ လိုတာ ပါဘဲ။ ယောနသံ သည် အလယ် ဗဟိုသို့ ချီလေ၏။ ဇင်ယော် ခေါင်းဆောင် ကြီးက ဤသို့ ဆိုလိုက်၏။ 

"ဟေ့ . . . ယောနသံ ဇင်ယော်၊ မင့် အဖော် ဇင်ယော်တွေ မြင်သာ အောင် သိက္ခာချကံ အပြုခံဖို့ အလယ်ကို သွားပြီး ရပ်စမ်းပါ။”

 ယောနသံ သည် ပျဉ်ထူထူ တစ်ချပ်ဖြင့် အရိုက်ခံလိုက်ရဘိသကဲ့သို့ ဖြစ်သွား၏။ သူ့ဒူး များလည်း ယိုင်လာ၏။ သူ့အမွှေးများလည်း နွဲ့ယိုင် အိတွဲ ကုန်၏။ သူ့နားထဲ၌ မောင်းသော အသံကြီးတစ်ခု မြည် ဟိန်း လာ၏။ သိက္ခာချ ကံ အပြုခံရဖို့ ငှက်ဗဟို မှာ သူရပ်နေ ရပြီ၊ မဖြစ်နိုင်တာ၊ ဘယ့်နှယ် အလျင်နှုန်း အဟုန် တံတိုင်းကြီးကို ထိုးဖောက် အောင်မြင်ခဲ့ခြင်းဟာ ဘယ်ရောက် သွားသလဲ။ သူတို့ နားမလည် ကြပါဘူး။

 သူတို့ မှားကြ လေပြီ။ သူတို့ မှားကုန် ကြပြီ။ ခံ့ညားသော အသံကြီးက ဆက်၍ ဆိုလိုက်သည်မှာ -

 "သူ့ရဲ့ . . . ပိုးစိုးပက်စက် ရောက်တတ်ရာရာ တာဝန်မဲ့ အပြုအမူကြောင့် . . . သူဟာ ဇင်ယော် အိမ်ထောင်စု ကြီးရဲ့ ဂုဏ်နဲ့ အစဉ်အလာ တွေကို ချိုးဖောက် ဖျက်ဆီး စော်ကား ခဲ့တာမို့ . . ." သိက္ခာ ချကံ အပြုခံရခြင်းသည် သူ့အဖို့ ဇင်ယော်တို့ ဘောင် မှ ကြဉ်ခြင်း ဖဲခြင်း ခံရပြီးနောက် ဝေးလှစွာသော ကျောက်ကမ်းပါး စောက်များ မဲဇာဖျားသို့ သွား၍ ကိုယ် ထည်း သာ ချည်း တစ်ယောက်တည်း လျှင်၊ အထီးကျန် အလေနတော အဖြစ် ဘဝဆုံး ရမည်သာ ဖြစ်သတည်း။ အသံကြီးက ဆက်ဆိုပြန်၏။ 

"ယောနသံ ဇင်ယော်၊ တနေ့ကျ မင်းသိလိမ့် မပေါ့၊ တာဝန် မဲ့ ကပက်ကစက် ပြုလုပ်လို့ မင်းအတွက် ဘာအကျိုးမှ မရနိုင်၊ ဘဝ ဆိုတာလည်း မသိ ရသေး တဲ့ အရာ၊ မသိနိုင်သေးတဲ့ အစိန္တေယတရား လို့မှတ်။သိတာနဲ့ သိနိုင်တာ တစ်ခုတည်း ကတော့ ဒီမြေကြီးဘုံထဲ တို့တတွေ ရောက်ရှိ လာတာ ဟာ စားဖို့ နဲ့ အသက်နဲ့ကိုယ် ကြာကြာ မြဲနိုင် သလောက် မြဲအောင် နေသွားနိုင် ဖို့ပဲ” ဇင်ယော်တို့၏ ကောင်စီ အစည်းအဝေးတွင် အဘယ်မည်သော
ဇင်ယော်တို့ကမျှ ခွန်းတုံ့ပြန်၍ နှုတ် လှန်ထိုးခြင်း ပြုရိုးထုံးစံမရှိ။ 

သို့သော်လည်း ယောနသံသည် ဤသို့ထုချေ၏။ 
"ဘယ့်နှယ်ဗျ၊ ကျွန်တော် တာဝန်မဲ့ ပြုလုပ်တယ်တဲ့လား။ ကျွန်တော့်ညီများ အစ်ကိုများတို့။ ဘဝ အဓိပ္ပာယ်နဲ့ ဘဝရဲ့ ကိစ္စကို တွေ့ရှိကြရပြီး ဇင်ယော်ထက် ဘယ်သူကများ တာဝန်ပိုသိ ဖြစ်နိုင် ပါသေး သလဲ။ ကျွန်တော်တို့ ဟာနှစ်ပေါင်း တစ်ထောင်မျှ ငါးခေါင်းများ နောက်ကိုချည်း တကောက်ကောက် လိုက်နေခဲ့ ကြရာက အခုမှ ဘဝရဲ့ ယုတ္တိရှိ မှုတွေကို တွေ့လာ ရတာပါ။ သတ္တဝါ ဆိုတဲ့ ဘဝကို ရလာတာဟာ သင်ယူဖို့ တွေ့ရှိ ဖို့ လွတ်ဖို့ ကျွတ်ဖို့ ပဲ ဆိုတာ လေဗျာ။ ကျွန်တော် အခု တွေ့ထား တာကို ပြပါရ စေဦး။ ဒီတစ်ကြိမ် လောက်တော့ ခွင့်ပြုပါ။"

 ငှက်အုပ်ကြီးသည် ကျောက်ခဲ ကျောက်တုံး များကဲ့သို့ မတုန်မလှုပ် ငုတ်တုတ် ကြီး နေကြ၏။ ပြီးနောက် 
ဇင်ယော် အပေါင်း တို့သည် -

 "မင်းဟာ တို့မျိုးရိုးကို စော်ကား မော်ကား ဖျက် ဆီး ပစ်တာပဲ” ဟု တစ်သံတည်း အုန်းအုန်း ဖြဖြ ထွက်ဆို 
ကြပြီး လျှင် နားများကို ပိတ်လျက် သူ့ကို ကျောခိုင်း သွားကြ ကုန်၏။

 ယောနသံ ဇင်ယော်သည် သူ၏ နေ့ညများကို တစ်ကောင်ထီးတည်း ကုန်လွန်စေရငြားလည်း ဝေးလံ လှသော ချောက်ကမ်းပါးများသို့ ရောက်ရုံ သာမက ထို့ထက် ကျော်လွန်၍ပင် ကျယ်ပြန့်စွာ ကျင်လည် ကျက်စား ရ၏။ သူ၏ တစ်ခုတည်းသော ဝမ်းနည်းမှုကား အထီးကျန် အဖြစ်နှင့် နေရခြင်း မဟုတ်၊ ပျံသန်းခြင်း အတတ်၏ ဘုန်းကြက်သရေသည် ဇင်ယော်အပေါင်း အပေါ်တွင် ဖြိုးဝေရန် စောင့်လင့် နေသည်ကို အခြားသော ဇင်ယော်တို့က မယုံနိုင် ဖြစ်နေခြင်း သာတည်း။ သူတို့ခမျာ မျက်စိဖွင့်၍ ကြည့်မြင်ရန် ငြင်းဆို နေကြခြင်း တည်း။ ယောနသံသည် ပျံသန်းခြင်း အတတ်ကို တနေ့တခြား ပို၍ ပို၍ တတ်လာ၏။ လေတိုးသည့် သူ့ကိုယ် ဧရိယာကို နည်းနိုင်သလောက် နည်း အောင် အတောင်များကို ပိတ်လျက် ကိုယ်အလျားကိုလည်း ဆန့်ထုတ်ကာ လျင်မြန်သော အဟုန်ဖြင့် အောက်သို့ ဒေါင်လိုက် ထိုးဆင်းခြင်းသည် သူ့အား ပင်လယ် ရေ မျက်နှာပြင် ၏အောက် ဆယ်ပေ၌ စုဝေး သွားလာ နေလေ့ ရှိသည့် ငါးမြုံးများအတွင်းသို့ ရောက်သွား စေ၏။ 

ဤသို့ဖြင့် ပင်လယ်ပြင်အောက် ဆယ်ပေ အရပ်တွင် လျှာအရသာထူးကို သူ ခံစား ရ၏။ အသက်ရှင်နေရန် အတွက် တံငါလှေများနှင့် ပေါင်မုံ့သိုးများကို သူမလိုတော့။ လေထဲတွင်ပင် သူအိပ်တတ်လာသည်။ ကမ်းအလွန်၌ တိုက်ခတ်နေသော လေကြောင်းကိုလည်း ညဉ့်အခါ ဖြတ်သန်း ၍ နေဝင်မှ နေထွက်အတွင်း မိုင်တစ်ရာ ခရီးပေါက်ရောက်နိုင်၏။ ဤသို့သော အတွင်းအဇ္ဈတ္တ တန်ခိုး မျိုးဖြင့်ပင် သူသည် ထူထပ်သော ပင်လယ် နှင်းတိုက် နှင်းတော များကို ထိုးဖောက် ဖြတ်သန်း၍ မျက်စိ ကျိန်းလောက်အောင် တောက်ပ ကြည်လင် နေသော အထက် ကောင်းကင်ယံ သို့လည်း ပျံတက်နိုင်၏။ တခြားဇင်ယော်တိုင်း ဇင်ယော်တိုင်းအဖို့ မြေကြီးပေါ်တွင် ရပ်လျက်သာ မင်းလွင် မိုးနှင်းတို့မှ တပါး အခြား ဘာမျှ မသိနိုင်သော အချိန်အခါ ရာသီမျိုးတွင် သူ့အဖို့ မူ နေမင်းသည် သာလျက်ရှိ၏။ မြင့်မားသော ကောင်းကင်ယံမှ လေဟုန်များကို စီးနင်းလျက် သူသည် ကမ်းခြေနှင့်ဝေးသော အတွင်း ပိုင်း ကုန်းအရပ်ဒေသများသို့လည်း သွားရောက်ကာ ချိုမြန်သော ခဲဘွယ် ပိုးကောင် မွှားကောင်များကို မြိုးမြိုးမြက်မြက် သုံးဆောင်ရ၏။ 

ဇင်ယော်တစ်သိုက်လုံး တစ်အုပ်လုံးအတွက် သူတစ်ချိန်က မျှော်လင့်မိသောအရာကို ယခု သူ တစ်ယောက် တည်းသာ ရရှိနေလေပြီ။ ပျံသန်းခြင်း အတတ်ကို သူ သင်ယူ ဆည်းပူး ခဲ့၏။ သင်ယူရာ၌ ခံခဲ့ရသော ဒုက္ခများကို သူအမှုမထား၊ ဝမ်းနည်းခြင်းလည်း မရှိ။ ငြီးငွေ့ပျင်းရိခြင်း၊ ထိတ်လန့်ကြောက်ရွံ့ခြင်း၊ အမျက်ဒေါသ ထွက်ခြင်း ဟူသော ဓလေ့စရိုက်သုံးမျိုး ရှိနေ လေသည့် အတွက် ဇင်ယော်တို့သည် ဤမျှလောက် သက်တမ်း တိုတောင်း ကြရ၏ဟု ယောနသံ သည် သိရှိလာ၏။ ယောနသံ၏ စိတ်သန္တာန်၌ ဤ အကြောင်း တရားသုံးပါး ကင်းပျောက် ဆိတ်သုဉ်း နေသောကြောင့်ပင် သူသည် အနာကင်းမဲ့ မရှိဘေးကင်း သက်တမ်းရှည်စွာ နေနိုင်ဘိတောင်း။ 

အခြားဇင်ယော် နှစ်ကောင်သည် ညဉ့်အခါ၌ ရောက်ရှိလာပြီးလျှင် ယောနသံ တစ်ကောင်ထီးထည်း သူမြတ်နိုးလှသော ကောင်းကင်ယံဝယ် ချမ်းမြေ့ ညင်သာစွာ လေဟုန်စီးလျက်ရှိသည်ကို တွေ့ရ သည်။ 

သူ့အတောင် တစ်ဖက် တစ်ချက်၌ သူ့ ကိုရံ၍ ပေါ်လာသော ထိုဇင်ယော် နှစ်ကောင် သည် ကြယ်ရောင်အလား သန့်စင်လှ၏။ သူတို့မှ ပြိုးပြက်သော အလင်းရောင်သည် လေအမြင့်၌ သိမ်မွေ့ခြင်း၊ ရင်းနှီးခြင်း တို့ဖြင့် လျှမ်းတောက်လျက်ရှိ၏။ သူတို့၏ ချစ်စရာအကောင်းဆုံး အချက် သည်ကား အပျံ ကျွမ်းကျင် ပုံတည်း။ တစ်ဖက် တစ်ချက် စီတွင် အတောင်ဖျားခြင်း တစ်လက်မ တိတိ သာ အမြဲပင် မယုတ်မလွန် အကွာ ထားလျက် ပျံသန်း၍ သူသွားလေရာရာသို့ ကပ်မြှောင်၍ အတူ လိုက် နေနိုင်မှု ပေတည်း။ ယောနသံသည် စကားတစ်ခွန်း မပြောပဲ ထိုဇင်ယော်နှစ်ကောင်ကို စိန်ခေါ် သည့် အနေဖြင့် စမ်းကြည့်လေတော့၏။ 

အခြားမည်သည့် ဇင်ယော်မျှ မလိုက်နိုင် မအောင်နိုင်သော အစမ်းအသပ် အစစ်ဆေးမျိုးပေတည်း။ 
သူသည် လေခို၍ ခွေးကျကျခြင်း မဖြစ်ရုံတမယ်မျှသာ ရှိသောနှုန်းမျိုးဖြင့် ဖြေးနှေးစွာပျံ၏။ ဇင်ယော် မျက်နှာ
စိမ်း နှစ်ကောင်လည်း သူနှင့်အတူ ထက်ချပ်မကွာ နှေးကွေးစွာ လိုက်ပျံနိုင်ကုန်၏။