Saturday, March 17, 2018

ယောနသံဇင်ယော် အပိုင်း(၃)



သူတို့လည်း အနှေးပျံနည်းကို တတ်ကျွမ်းကြပေသကိုး။ ယောနသံသည် တောင်ပံများကို ခေါက်သိမ်းလျက် ကိုယ်ကို ခရုပတ် လှိမ့်ကာ အောက်သို့ တစ်နာရီ လျှင် မိုင်(၁၉၀) နှုန်းဖြင့် တဟုန်ထိုး ဆင်းလိုက်၏။ မျက်နှာစိမ်းနှစ်ကောင်လည်း သူ့နည်း အတိုင်းပင် ပုံပန်းမပျက်စေဘဲ လိုက်ဆင်းကြ၏။ နောက်ဆုံး သူသည် ယင်းအရှိန်ဖြင့်ပင် အထက်သို့ တဖန် အရစ် ကျဲသော ဝက်အူရစ်ပုံ ပျံနည်းဖြင့် ဒေါင်လိုက် ပြန်တက်၏။ သူစိမ်းနှစ်ကောင်လည်း အပြုံးမပျက် သူနှင့်အတူ လှိမ့်ကာ ပျံတက်ကြ၏။ သူသည် ယခု အလျားလိုက် ခဏကြာမျှ ပျံသန်းပြီးလျှင် -

 "ကဲ.. ကောင်းပြီ၊ ခင်ဗျားတို့က ဘယ်သူတွေလဲ" ဟုမေးလိုက်၏။
 "တို့ဟာ မင်းရဲ့အုပ်ထဲက ယောနသံ၊ မင်းရဲ့ သွေးရင်းသားရင် ညီအစ်ကိုများပေါ့ကွာ။" 
ထိုစကားသံများသည် အားအင်ပြည့်နှင့် ပြောသောစကားများ ဖြစ်သော်လည်း ညင်သာလှ၏။ 

"တို့မင်းဆီကို ရောက်လာခြင်းဟာ မင်းကို အမြင့်သို့ ဆောင်ကြဉ်းဖို့၊ ကိုယ့်ဘုံ ကိုယ့်နန်း ကိုယ့်အိမ်ကို ပြန်ခေါ်ဖို့ပေါ့" "ဘာဗျ၊ ကျုပ်ဘုံ ကျုပ်အိမ်။ ကျုပ်မှာ ဘုံရယ်အိမ်ရယ်လို့ မရှိဘူးဗျ။ ကျုပ်ငှက်အုပ်ဆိုတာလဲ မရှိဘူး။ ကျုပ်ဟာ အဖဲကြဉ်ခံခဲ့ရသူပါ။ တောင်ကုန်းလေကြောင်းကြီးရဲ့ ထိပ်ဖူးမှာ ခုကျုပ်တို့ ပျံနေကြတယ်။ နောက်ထပ် ပေတစ်ရာ နှစ်ရာထက်လွန်ပြီး ဒီ . . . အိုမင်းရင့်ရော်လှတဲ့ ကျုပ်ကိုယ်ကောင်ကြီးကို မပင့်နိုင်တော့ဘူး" 


"မဟုတ်ဘူးလေ၊ ယောနသံရယ် . . . မင်းတတ်ပြီးသားပါ၊ ကျောင်းတစ်ကျောင်းပြီးလို့ နောက်ကျောင်း တစ်ကျောင်း စတက်ဖို့ အချိန်ရောက်နေပြီကွဲ့" ပညာဉာဏ်အလင်းသည် (ယောနသံ မသိလို့သာ) သူ့သန္တာ န်ကို သူ့ဘဝတလျောက်လုံး ထုတ်ချင်း ပေါက် ဖေါက်ထွင်း ဝင်းတောက် လျက်ရှိ၏။ 

ထိုအခိုက်တွင် ယောနသံ၏ အတွင်း၌ ဉာဏ်အလင်းသည် သူသိသာအောင် ထင်ရှားစွာ တောက်လင်း လေ၏။ မျက်နှာစိမ်းနှစ်ကောင် ပြောလိုက်သော စကား များသည် မှန်ပေစွတကား။ သူသည်ခုနကထက် 
ပိုမြင့်စွာ ပျံသန်းလျက် ရှိ၏။ အိမ်ပြန်ဖို့ အချိန်လည်း ရောက်လေပြီ။ သူ့မျက်စိများသည် ကောင်းကင်ကို ဖြတ်သန်း၍ ဤမျှလောက် အပျံမျိုးစုံ တတ်ခဲ့ရသော နေရာ ဖြစ်သည့် ငွေပြည်တန် ကုန်းပြင်မြေကြီးဘုံသို့ နောက်ဆုံးကြည့်ခြင်းမျိုးဖြင့် အတန်ကြာအောင် လှည့်ကြည့် နေမိ၏။ "ကဲ၊ ကျုပ်တော့ လိုက်ဖို့ အသင့်ပဲ" ဟု
 နောက်ဆုံးတွင် သူပြောလိုက်၏။ သည့်နောက် ယောနသံ ဇင်ယော်သည် ကြယ်လုံးများပမာ ဝင်းတောက်
သော အဖော် နှစ်ကောင် နှင့် အတူ မှောင်အတိ ဖြစ်အောင် မည်းနက်နေသော ကောင်းကင်ထဲ၌ ပျောက်
ကွယ် သွားလေတော့ သတည်း။ 

ကမ်းကုန်အောင် တတ်စွမ်းခြင်း 
…………..သြော် . . . သည်ဟာ ခေမာရိပ်မြုံ ထင်ပါရဲ့။ ဤသို့ တွေးမိ၍ သူ့ ကိုယ်သူ ပြုံးရယ်မိ၏။ ဤဘုံသို့ ပျံတက် ဝင်ရောက်ခါစသာ ရှိသေး၊ ဘုံအကြောင်း စိစစ် နေသည်မှာ မခိုးမခံ့ပြုရာ ရောက်သဖြင့် ပြုံးမိခြင်းဖြစ်၏။ ကိုယ်ရောင် ကိုယ်ဝါ တောက်ပသော ဇင်ယော် နှစ်ကောင်နှင့်အတူ တောင်ပံချင်းယှဉ်၍ မြေကြီးပြင်မှ တိမ်များအထက်သို့ ပျံတက်လာစဉ်တွင် သူ့ ကိုယ်ခန္ဓာ ကိုယ်လည်း အခြားဇင်ယော်နှစ်ကောင်နည်းတူ တောက်ပလာသည်ကို သူမြင်ရ၏။ မှန်ပါပေသည်။ 

ယခုရှိနေသော ယောနသံ ဇင်ယော်လည်း ယခင်က ယောနသံ ဇင်ယော်ပင်ဖြစ်၏။ သို့သော် အပြင် ဗဟိဒ္ဓ ရုပ်အဆင်း အသွင် သဏ္ဍာန်သည် ပြောင်းလဲ လေပြီ။ ကိုယ်ခန္ဓာ သည်လည်း ဇင်ယော်ခန္ဓာ မျိုးပေတည်း။ သို့သော် ယခင် ခန္ဓာဟောင်း ကဲ့သို့မျိုး လုံး၀ မဟုတ်၊ ပို၍အပျံအသန်းကောင်းနေ၏။ ယခင် မြေကြီးဘုံ ဘဝဟောင်းတွင် စိုက်ထုတ်ခဲ့ဖူးသော လုံ့လ မျိုး ၏ တစ်ဝက်မျှဖြင့် ယခု အမြန်နှုန်း လည်း နှစ်ဆရ၍ 
အလုပ်လည်း နှစ်ပြန်ပြီး နိုင်ပေသည်။ သူ့အမွှေး များသည် ဆွတ်ဆွတ်ဖြူ ဖွေးဖွေးလက်လာ၏။ သူ့တောင်ပံများလည်း အကြိမ်များစွာ ပွတ် တိုက် ထား အပ်သော ငွေပြားများ နှင့် အတူ စင်းလုံးချော ညက်မွတ်၍ အပြစ်ကင်းစင်ဘိ၏။ သူသည် ဝမ်းမြောက် ဝမ်းသာ ဖြစ်လျက် ဤတဖြစ်လဲ တောင်ပံများ အကြောင်းကို စ၍
 လေ့လာ တော့၏။ တောင်ပံ များ အတွင်းသို့ အားအင် စွမ်းပကား သွတ်သွင်းမှုကိုလည်း သူစတင်လေတော့၏။ တစ်နာရီလျှင် မိုင် (၂၅၀) နှုန်းဖြင့် ပျံနိုင်လာသောအခါ အလျားလိုက် တပြေးတည်း အမြန်ဆုံး ပျံနိုင် သော နှုန်းသို့ ရောက်ခါနီး ချေပြီဟု သူထင်၏။

 တစ်နာရီလျှင် (၂၇၃) မိုင်နှုန်းဖြင့် ပျံလာနိုင် သော အခါ တွင်လည်း ဤသည်ပင် အမြန်ဆုံးနှုန်း ပေတည်း ဟု ထင်မိပြန် ၍ အနည်းငယ် စိတ်ပျက် နေမိ၏ ။ဤ ကိုယ်ခန္ဓာသစ်၏ အစွမ်းသည်လည်း အကန့်အသတ် ရှိနေပေ လိမ့်မည်။ ယခင်က အလျားလိုက် တပြေးတည်း အပျံနှုန်းထက် ယခုနှုန်းကား ပိုပင်ပိုငြားသော်လည်း အဆုံးစွန် သော အလျင်နှုန်းသို့မူ ရောက်ရှိနေပြီ။ ထိုစံချိန်ကို ချိုးရန် အလွန်ကြီးသော လုံ့လ ဝီရိယမျိုး လိုပေ လိမ့်မည်။ ဤသို့သော ကောင်းကင်ဘုံ မျိုး၌ အရာရာအဖို့ အတားအဆီး အကန့် အသတ် အပိတ်အပင် မရှိထိုက် ချေတကား ဟု သူထင်မိ၏။ တိမ်များသည် ဟင်းလင်းပေါက် ကုန်၏။ 

သူ့အဖော် သူ့အစောင့် များက “လိုရာခရီးကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ပါစေ၊ ဘေးမသီ ရန်မခဘဲ သက်ဆင်းနိုင်ပါစေ၊ ယောနသံ” ဟု နှုတ်ဆက် ပြီးသော် မိုးပျံ လေလျှိုး၍ ကွယ်ကုန်၏။ ယောနသံသည် ပင်
လယ်တစ်ခု၏ အထက်မှ လွှသွား ပုံနှယ် အထစ်အငေါ့ ရှိသော ကမ်းရိုးတန်းဆီသို့ ပျံသန်းလျက် ရှိ၏။

 တောင်ကမ်းပါး စောက်များ ပေါ်တွင် ဇင်ယော် အနည်းငယ်မျှ သာလျှင် အထက်သို့ ထိုးတက်နေသော
 လေကြောင်း များကို စီးနင်းနေကြ ကုန်၏။ မြောက်ဘက် အဝေးတွင် မျက်မြင် တဆုံးရှိ မိုးကုပ်ကုပ်ကြီး ပိတ်ဆီး နေသော အရပ် ၌လည်း ဇင်ယော် အနည်းငယ်မျှသာ ပျံနေကြကုန်၏။ အမြင်သစ်များ အတွေးသစ်များ အမေးသစ် များသည် သူ၌ ပေါ်လာ ကုန်၏။ အဘယ့်ကြောင့် ဇင်ယော်များ ဤမျှလောက် နည်းပါး
 နေသနည်း။ 


ဤလို ကောင်းကင်ဘုံ မျိုးသည် ဇင်ယော်အုပ်များဖြင့် အပြည့်အသိပ် ဖြစ်နေသင့်လှ၏။ ငါလည်း ယခု ကောက်ကာငင်ကာ အဘယ့်ကြောင့် ဤမျှ မောဟိုက် လာရ သနည်း။ ကောင်းကင်ဘုံမှ ဇင်ယော်များ ဟူသည် မောရိုး ထုံးစံ မရှိဆို။ အိပ်ရိုး ထုံးစံလည်း မရှိဆို။ ဒီစကားကို သူဘယ်က ကြားခဲ့ ပါလိမ့်။ မြေကြီးဘုံ၌ နေခဲ့ ရသည့် သူ့ဘ၀ အကြောင်းကို သူတဖြည်းဖြည်း မေ့လေပြီ။ မြေကြီးဘုံသည် သူကိုယ်တိုင် အတတ်ပညာ အမြောက်အမြား သင်ယူ တတ်ကျွမ်း လာခဲ့သည့် နေရာ ဖြစ်သည်ကား အမှန်ပင်။ 

သို့သော်လည်း ထိုနေရာ၌ ဖြစ်ဖူးကြုံဖူးသည်များကို အသေးစိတ် မမှတ်မိတော့။ မှုန်မွှားမွှား ရေးတေးတေး အရိပ်သဖွယ်သာ ဉာဏ်၌ ထင်နိုင်၏။ အစားအတွက် အလုအယက် တိုက်ကြရ ခိုက်ကြ ရ ဆိုလား . . . ဘာလား၊ ဖဲကြဉ်ခြင်း ခံရ၊ သိက္ခာချ ကံပြုခြင်း ခံရ ဆိုလား . . . ဘာလား၊ သေသေ ချာချာ တော့ 
မမှတ်မိတော့။ ကမ်းရိုးတန်းပေါ်ရှိ ဇင်ယော် တစ်ကျိပ် နှစ်ယောက်သည် သူ့ထံသို့လာ၍ တစ်ကောင်
 တစ်လေမျှလည်း ဘယ်စကား ကိုမျှမပြော။ သူ့ကို လာ၍ ပျူပျူငှာငှာ ခရီးဦးကြို ပြုကြသည်ကိုမူ ယောနသံ သိ၏။ 

ဤ နေရာ သည် သူ့ဘုံသူ့နန်း သူ့အိမ် ဖြစ်ကြောင်း ကိုလည်း သူသိ၏။ သူ့အဖို့ နေ့ထူးနေ့မြတ်ကြီး တနေ့ ဖြစ်၏။ ထိုနေ့ကြီး ၏ အစ နေထွက် ကိုမူ သူမမှတ်မိ တော့။ ကမ်းခြေ သို့ ဆင်းသက် ရန် သူလှည့် လိုက်၏။ တောင်ပံများကို ရိုက်ခတ်၍ မြေပေါ်မှ တစ်လက်မ အမြင့် တွင် တခဏမျှ တန့်ပြီးနောက် သဲပေါ်သို့ ပေါ့ပါးစွာ ခြေချလိုက်၏။ အခြားဇင်ယော်များလည်း သက်ဆင်းကြ၏။ သို့သော် သူနှင့် သက်ဆင်းပုံခြင်း မတူ။ တစ်ကောင်တစ်လေမျှ အတောင် ရိုက်ခတ်ဖို့ ဝေးစွ၊ အမွှေး တစ်မျှင် ကိုသော်ပင် မလှုပ်ကြ။ သူတို့သည် တောင်စုံကို ဖြန့် လျက် လေထဲတွင် ဝိုက် ကာ၊ ဘယ်ကဲ့သို့ ဟူမူ သူမသိ၊ အမွှေး အတောင် များကို ကိုင်းညွှတ်လျက် ခြေထောက်များနှင့် မြေကြီး ထိလိုက်သည်နှင့် တပြိုင်နက် အပျံလည်း ရပ်သွား၏။ 

အထိန်းအသိမ်း ကောင်းလိုက်လေခြင်း။ သို့သော်ယောနသံသည် တဟိုက်ဟိုက် တဟော်ဟော်နှင့် အတော်ကြီးရိနွမ်း၍ အပင်ပန်းကြီး ပင်ပန်းနေသဖြင့် စမ်းမကြည့်လိုတော့။ ကမ်းခြေသောင်ပြင်တွင် ရပ်လျက် ယခုတိုင်အောင် စကားလည်း တစ်ခွန်းမျှ မပြောဘဲ ကျိန်းစက်သွား၏။ နောက်နေ့ရက် များတွင် ယောနသံသည် ဤနေရာ ၌လည်း ပျံသန်းခြင်း အတတ်ပညာ အကြောင်း သင်ယူ လေ့လာစရာ နိဿရည်း များမှာ သူစွန့်ပစ်ခဲ့သော ဘုံဘ၀ ဟောင်း၌ ကဲ့သို့ပင် အမြောက် အမြား ရှိနေသေးသည်ကို သူမြင်၏။ သို့သော် ခြားနားမှု တစ်ခုကား ရှိ၏။ သူ စဉ်းစား တွေး တော သလို ဇင်ယော် များကား ဤနေရာ၌ ရှိ၏။ သူတို့ အမြတ်နိုးဆုံး အပြုဆုံး အလုပ်သည်ကား ပျံသန်း ခြင်း အတတ်ပညာ ပေပင်တည်း။ သူတို့ အားလုံးသည် ခံ့ညား သိုက်မြိုက်သော ငှက်များ ဖြစ်၏။ သူတို့သည် နေ့တဓူ၀ တစ်နာရီပြီး တစ်နာရီ တရံမစဲ အပျံလေ့ကျင့်လျက် အထက်တန်း လေ ကြောင်း အတတ်ထူး များကို ကြံဆ စမ်းသပ် တီထွင် နေကြ ကုန်၏။

 ယောနသံသည် သူ စွန့်ပစ် ထွက်ခွာ လာခဲ့ သော မြေကြီး ဘုံ အကြောင်း ကို အတော်ကြာမြင့်စွာ မေ့နေ၏။ ထို ဘုံဟောင်း၌ ဇင်ယော် အုပ်သည် ပျံသန်းခြင်း အတတ်၏ ကောင်းကျိုး ချမ်းသာကို မမြင် လို၍ မျက်စိ များကို စေ့နေ အောင် တအားကြီး မှိတ်လျက် အစာ ရှာရေးနှင့် အစား အတွက် ခိုက်ရန် များရေး အကျိုးကို အတွက် သူတို့ ၏ တောင်ပံ များကို အကြောင်းအရင်း ပြုကာ သာလျှင် နေကြကုန်၏။ ယောနသံ သည် ရံဖန် ရံခါ ထိုလွန်ခဲ့ သော ဘဝအကြောင်း တစ်ချက် တလေကို ခဏကြာမျှ သတိရ၏။

 ယောနသံသည် သူ့ဘဝဟောင်း အကြောင်းကို တစ်မနက်တွင် သတိ ရလာ ပြန်သည်။ အပျံ အတတ် သင် သူ့ဆရာနှင့် အတူ အတောင်များ ပိတ်လျက် လှိမ့်ပျံ ပျံခြင်း အတတ်ကို လေ့ကျင့် ပြီးနောက် သောင်ပြင် ပေါ်သို့ ဆင်း၍ အနားယူနေစဉ် တွင်ဖြစ်၏။

 ယောနသံသည် သူ့ဆရာအား ဤသို့မေးခွန်းထုတ်၏။
 “ဆရာ ဆာလီဗင်၊ ဇင်ယော်တွေ ဘယ်ရောက်ကုန်ကြသလဲ” ဤသို့ မေးလိုက် ရာတွင် နှုတ်မှ အသံမ
ထွက်၊ စိတ်မနော ဖြင့်သာ မေးလိုက်ခြင်း ဖြစ်၏။

 “ကီးကီး ဂတ်ဂတ်” ဟူ၍ အသံမပြုဘဲ ဤဘုံမှ ဇင်ယော်များသည် တစ်ဦးနှင့်တစ်ဦး နှုတ်ပြော ဖြင့်မဟုတ်၊ စိတ်မနော ဖြင့်သာ ဆက်သွယ် ကြ၏။ ယောနသံ လည်း ဤသို့ ဆက်သွယ်မှု၌ လွယ်လင့်တကူ ကျင့်သား ရလာ၏။

 “သည်မှာ ဘာကြောင့် ကျုပ်တို့ ဇင်ယော်ဦးရေ နည်းနေရတာတုန်း” ကျုပ်နှင့် ခင်ဗျား နှစ်ကောင် တင်ပဲလား။ ကျွန်တော်ထွက်လာတဲ့ နေရာမှာဆိုရင် . . . “ “ဇင်ယော်တွေ ထောင်နဲ့ချီပြီး ရှိတာကို ငါသိပါတယ်။” ဟု ဆာလဗီငှက် ခေါင်း တခါခါ ဖြင့် သ့ူစကားကို ဆက်ပြောသည် ။

 “ငါသိတဲ့ အဖြေတစ်ခုတည်း ကတော့ ယောနသံရယ်၊ မင်းဟာ ငှက်တစ်သန်းမှာ တစ်ကောင်ထူး အဖြစ် ကြီး ဖြစ်လို့ သာပေါ့။ တို့တတွေ အများစုဟာ ဒီကို အလာအရောက် နှေးကြတယ်ကွဲ့။ တစ်ဘုံက အခြားဘုံ ကို ကူးပြောင်း ကြရာမှာလဲ ရောက်ရှိ လာတဲ့ တခြားဘုံဟာလဲ ဘုံဟောင်းနဲ့ ဆင်တူရိုးမှား ဖြစ်တာမို့ ဘယ်ဘုံ က တို့ လာခဲ့ သလဲ ဆိုတာကိုလဲ တို့မေ့သွားကြတယ်။ ဒီကနေ ဘယ်ကို ဦးတည် နေတယ် ဆိုတာလဲ တို့မမှု။ ပစ္စုပ္ပန် တည့်တညြ့်ကီး ဖြစ်အောင် အခိုက် အတန့်အားဖြင့်သာ တို့ နေ လေ့ ရှိတာပဲ။ သတ္တဝါရယ်လို့ ဖြစ်လာရာမှာ ဘဝရဲ့ကိစ္စ ဆိုတာမျိုးဟာ စားဖို့ ချည်းပဲ မဟုတ်ဘူး။ ရန်ဖြစ် နေဖို့ ချည်းလဲ ပဲ မဟုတ်ဖူး။ ကိုယ့် အအုပ် အသင်း ထဲမှာ တန်ခိုး အာဏာရဖို့ ချည်းပဲ လဲ မဟုတ် ဘူး။ ဘဝဆိုတာ ဒီထက် အဓိပ္ပါယ် ရှိတယ်လို့ တို့ ပထမ မသိရခင် ဘယ်နှစ်ဘဝခြား ကူး ပြောင်း လာခဲ့ရသလဲ ဆိုတာ အရိပ်အမြွက်လောက် မင်းသိရဲ့လား။ ဘဝခြားပေါင်း အထောင်၊ ယောနသံ ဘဝခြားပေါင်း အသောင်းဟေ့၊ သည့်နောက် တခြား ဘဝခြား တစ်ရာလောက် ဖြစ်ပြီးမှ အပြီး တိုင် ကမ်းကုန်အောင် တတ်မြောက်ခြင်း ဆိုတာလဲ ရှိပေသကိုးလို့ တို့သိစပြုလာတယ်။ တဖန် အခြား ဘဝခြား နောက်ထပ် တစ်ရာလောက် ကြာမှ ဘဝရဲ့ ကိစ္စတွေဟာ ဒီအပြီးတိုင် ကမ်းကုန်အောင် တတ်မြောက်ခြင်းကို တွေ့ဆိုက်ဖို့ရယ် ထုတ်ဖော်ပြသဖို့ရယ် ဖြစ်တယ်ဆိုတာ တို့သိ လာရတယ်။ တို့တတွေ လဲပဲ ဒီနိယာမ အတိုင်း ဖြစ်ရတာ အမှန်ပေါ့။ တို့ရဲ့ ယခေါင် နောင်လာ လတ္တံ ဘဝဟာလဲ ယခုဘဝမှာ သင်ယူဆည်းပူး တတ်မြောက်တာတွေပေါ်မှာ တည်တယ်။ ယခုဖြစ်ဆဲ ဘဝမှာ ဘဝမှ သင်ယူ ဆည်းပူး တတ်မြောက်ခဲ့ခြင်း မရှိရင် ယခေါင် နောင်ဖြစ်လတ္တံ ဘဝဟာလဲ ယခုဘဝနဲ့ ဘာမှ ထူးမှာ မဟုတ်ဘူး။ တထေရာထဲပဲ ဖြစ်မှာပဲ။ ကျော်နင်းရဖို့ အကန့်အသတ်တွေ အချုပ်အချယ်တွေ အတားအဆီးတွေနဲ့ သယ်ပိုးရဖို့ ခဲအလေးဆွဲ တပြုံတခေါင်းကြီးနဲ့ ဖြစ်မြဲဖြစ်နေမှာပဲ။” 

ဆရာ ဆာလီဗင်သည် သူ့အတောင်များကို ဖြန့်လျက် လေကြောင်း ဆန်ရန် လှည့်လိုက်ပြီးလျှင် ဤ
သို့ပြော၏။ 
"ဒါပေမယ်လို့ ယောနသံ၊ မင်းဟာ တစ်ဘ၀ ထဲမှာ တတ်မြောက် ခဲ့တာတွေက များလွန်းလို့ ကြားဘဝပေါင်း တစ်ထောင် မနေခဲ့ရဘဲ ဒီဘဝကို ရောက်လာတာပေါ့။” 

တစ်ခဏအတွင်းပင် သူတို့ နှစ်ကောင်သည် လေထဲသို့ ရောက်ပြီး လေ့ကျင့်နေကြ၏။ နှစ်ကောင် ဖြစ်သဖြင့် တစ်ကောင် ဘယ်ဆိုလျှင် တစ်ကောင်က ညာ၊ တစ်ကောင်က ညာဆိုလျှင် တစ်ကောင်က ဘယ် တပြောင်း တပြန် လုပ်ရ၏။ ကိုယ်လှိမ့်ပျံခြင်း သည် ယောနသံအဖို့ အထူး ခက်၏။ အဘယ့် ကြောင့်မူ ယောနသံသည် သူ့ဆရာနှင့် ကပြောင်း ကပြန် စဥ်း စား၍ လုပ်ကိုင်နေရ သောကြောင့် တည်း။ 

“ကဲ နောက်တစ်ကြိမ် ပြန်လုပ်ကြဦးစို့” ဟု ဆရာ ဆာလီဗင် ကဆို၏။

 “နောက်တစ်ခါ ထပ်လုပ်ကြဦးစို့” ဟု ထပ် တလဲလဲ ခိုင်းသည်။ နောက်ဆုံးတွင် 
“အေး.. ကောင်းတယ်ဟေး” ဟုဆို၏။ သည့်နောက် သူ တို့ သည် ထောင်လိုက် စက်ဝိုင်းပုံ အပျံကို စ လေ့ကျင့် ကြ၏။ တစ်ညသောအခါ ညဉ့်အပျံ မလုပ်ကြသော ဇင်ယော်များသည် သဲသောင်ပြင်ပေါ်၌ တစုတဝေးတည်း ရပ်လျက် စဉ်းစားခန်း ထုတ်နေကြ၏။ ယောနသံသည် အရဲစွန့်ကာ အဖိုးအို ဆရာကြီးချန်း ဇင်ယော်ထံ ချဉ်းကပ်၏။ ဆရာကြီးချန်း ဇင်ယော်သည် ဤလောကမှ လွန်သော အရပ်သို့ ထွက်လိမ့်မည် ထွက်ရပ်
 ပေါက်သွားလိမ့်မည်ဟု ပြောစမှတ်ပြုကြ၏။

 ယောနသံက “ဆရာကြီးချန်း ခင်ဗျား” ဟု မဆိုဝံ့ ဆိုဝံ့ဝံ့ လျှင် ရွံရွံကြောက်ကြောက်နှင့် ခေါ်လိုက်၏။ အဖိုးအို ဇင်ယော်လည်း သူ့အား ကြင်နာစွာ ကြည့်၍ “အေး.. သား ဘာလဲ” ဟု ဆို၏။ အဖိုးအိုသည် အသက် အရွယ်ကြောင့် အိုမင်းမစွမ်း ဖြစ်နေရမည့်အစား ပို၍ပင် အားအင်နှင့် ပြည့်စုံနေသေး၏။ ငှက်အုပ် ထဲတွင် ပျံခြင်း အတတ်၌ သူမတူအောင် နိုင်နင်းကျွမ်းကျင်ပြီး ဖြစ်၏။ မည်သည့် ဇင်ယော်ကို ပင်မဆို အနိုင်ယူ နိုင်၏။ အခြား ဇင်ယော်များ တဖြည်းဖြည်းသာ လေ့ကျင့် သင်ယူနေရသော အတတ် အားလုံးကို အဖိုးအိုသည် တတ်မြောက်ပြီး ဖြစ်၏။ “ဆရာကြီးခင်ဗျား။ ဒီနေရာဟာ ခေမာရိပ်မြုံတော့ လုံးလုံးမဟုတ်တန်ပါဘူး၊ ဟုတ်ပါသလား ဆရာကြီး” အဖိုးအိုသည် လရောင်ထဲတွင် ပြုံးလျက် “ယောနသံ ဇင်ယော် မင်း သင်ကြားမှုဟာ တိုးတက်လာ ပါကောလား” ဟု ဆို၏။
 “ဒါဖြင့် ဒီကနေပြီး နောက် ဘာဖြစ်မှာလဲ၊ ကျွန်တော်တို့ ဘယ်ဆီကို ချီတက် နေကြပါသလဲ၊ ခေမာရိပ်မြုံ 
ဆိုတဲ့ နေရာ မရှိဘူးလား” 

“ဘယ်ဟုတ်မလဲ ယောနသံရယ်။ ခေမာရိပ်မြုံဆိုတာ မရှိဘူး။ ခေမာရိပ်မြုံ ဆိုတာ နေရာဌာနလဲ မဟုတ်ဘူး။ အချိန် ကာလလဲ မဟုတ်ဘူး၊ ခေမာရိပ်မြုံဆိုတာ အပြီးတိုင်အောင် တတ်စွမ်းခြင်း အဖြစ်၊ လိုလေသေး မရှိအောင် ပြည့်စုံခြင်း အဖြစ်ကို ခေါ်တာ။” 

အဖိုးအိုသည် ခဏကြာ ဆိတ်ဆိတ်နေပြီးလျှင် “မင်းဟာ တော်တော်မြန်မြန်ကြီး ပျံနိုင်သူ တစ်ဦးမဟုတ်လား” ဟုမေး၏။

 “ကျွန် . . . ကျွန်တော် အမြန်ပျံတာကို သိပ်ကြိုက်ပြီး၊ အမြန်သာ ပျံရရင် ကျွန်တော် သိပ်ပျော်တာပဲ” ဟု ယောနသံက ပြော၏။ အဖိုးအိုက သူတော်မှန်းကို သိနှင့်ထားသည့် အတွက်လည်း ဂုဏ်ယူမိသည်။ 

“အပြီးတိုင် ကမ်းကုန်တဲ့ အမြန်နှုန်းကို မင်းစရောက်တာနဲ့ တပြိုင်နက် မင်းဟာ ချမ်းသာ အတိ ခေမာရိပ်မြုံ ကိုလည်း စရောက်တာပဲ၊ ယောနသံ။ အဲဒီ အမြန်နှုန်းဟာ တစ်နာရီကို မိုင်တစ်ထောင်လဲ မဟုတ်ဘူးကွ၊ မိုင်တစ်သန်းလဲ မဟုတ်ဘူးကွ၊ ဘာဖြစ်လို့လဲဆိုရင် ဂဏန်းဆိုတာ ဘယ်ဂဏန်းမဆို အကန့်အသတ် ရှိနေတဲ့ အတွက်ပဲ။ အပြီးတိုင်အောင် ပြည့်စုံတတ်စွမ်းခြင်းဆိုတာ အကန့်အသတ် နယ်နိမိတ် အစွန်အဖျား အမြိတ်အနား မရှိဘူးကွ။ အပြီးတိုင် ကမ်းကုန်အောင် ပြည့်စုံတဲ့ အမြန်နှုန်း ဆိုတာ၊ ငါ့သား၊ ခေမာကို ရောက်ရှိခြင်းပဲ . . .” ဘာမပြော ညာမပြောနှင့် အဖိုးအိုသည် ရုတ်ခြည်း ပျောက်ကွယ်သွားပြီးလျှင် ပေငါးဆယ် အကွာ
တွင် ရှိသော ရေစပ်၌ ဘွားကနဲ သွားပေါ်လေ၏။ 

ဤအဖြစ်အပျက် အားလုံးသည် တမုဟုတ်အတွင်း ဖြတ်ကနဲ ဖြစ်ပျက် ခြင်းသာ ဖြစ်၏။ ထို့နောက် ရှေးနည်းတူပင် စိတ္တက္ခဏ ( တစက္ကန့် ၏ တစ်သန်း စိတ် တစ်စိတ် ) အတွင်းတွင် ပျောက်ကွယ် သွားပြီးလျှင် ယောနသံနှင့် ပခုံးချင်း ယှဉ်ကာ ရပ်လျက် သား ဖြစ်နေပြန်၏။ 

အဖိုးအိုချန်းက “ဒါဟာ အပျော်ကစားခြင်း တစ်မျိုးပေါ့ကွယ်” ဟု ဆို၏။ ယောနသံသည် ရင်သပ်ရှုမော 
အံ့သြသွား၏။ ခေမာရိပ်မြုံအကြောင်း ဆက်မေးရန်ပင် မေ့သွား၏။

 “ဒီလိုဖြစ်အောင် ဘယ်နည်းနဲ့ လုပ်လိုက်တာလဲ။ ဒီလိုလုပ်တာ ကိုယ်ထဲ စိတ်ထဲ ဘယ်လို ဖြစ်သွား ပါသလဲ။ ဘယ်လောက် ဝေးဝေးအထိ ဒီလိုလုပ်နိုင်ပါသလဲ။” 

အဖိုးအိုက “သွားလိုရာ ဘယ်လိုဌာနမျိုးကိုမဆို ဘယ်လို အချိန်ကာလ မျိုးကိုမဆို ပေါက်ရောက်နိုင် 
တာပေါ့” ဟု ဖြေကြား၏။ 

“ငါဟာ စိတ်ကူးပေါက်တဲ့ နေရာတိုင်း နေရာတိုင်းနဲ့ ကာလတိုင်း ကာလတိုင်းဆီကို သွားရောက် ခဲ့ပြီးပြီ။” အဖိုးအိုသည် ပင်လယ်ဘက်သို့ လှမ်းကြည့်ပြီးလျှင် ဤသို့ ဆက်ပြန်၏။

 “အံ့သြစရာပဲကွာ။ ခရီးတွင်မှုကိုသာ အဓိက ထားပြီး အပြီးတိုင် ကမ်းကုန်အောင် ပြည့်စုံမှုကိုတော့ မထေမဲ့မြင်ပြုတဲ့ ဇင်ယော်များဟာ ခရီးလဲကြန့်ကြာတယ်။ ဘယ်ကိုမှလဲ မရောက်ဘူး။ အပြီးတိုင် ကမ်းကုန်အောင် ပြည့်စုံမှုကို ပဓာနပြုပြီး ခရီးတွင်မှုကို သာမညပြုတဲ့ ဇင်ယော် များဟာ ဘယ် ဆီကို မဆို သွားနိုင်ကြတယ်။ ခုချက်ချင်းဆို ချက်ချင်းပဲ ပေါက်ရောက်နိုင်ကြတယ်။ ယောနသံ၊ မှတ်ထား နော်၊ ခေမာရိပ်မြုံဆိုတာ နေရာဌာနလဲ မဟုတ်ဘူး၊ အချိန်ကာလလဲ မဟုတ်ဘူးဆိုတာ။ ဘာဖြစ် လို့လဲဆိုတော့ ဌာနကာလ ဆိုတာတွေဟာ အဓိပ္ပါယ် ရှိကို မရှိလို့ပဲကွ။” 

ယောနသံသည် မသိသေး မတတ်သေးသည့် အရာကို သိချင်ဇော တတ်ချင်ဇော မွှန်မွှန်ဖြင့် ကိုယ်များ 
ပင် တုန်လာလျက် အဖိုးအိုအား “ခုနက ပျံသလို ပံျတတ်အောင် ကျွန်တော့်ကို သင်မပေးနိုင် ဘူးလား 
ခင်ဗျာ” ဟု မေးလိုက်ရာ၊ အဖိုးအိုက “သင်ပေးနိုင်တာပေါ့ မင်းသာ သင်ယူချင်ရင်” ဟု ဖြေ၏။ 

“ကျွန်တော် သင်ယူလိုပါတယ်။ ဘယ်တော့ သင်ပေးမှာလဲ” “ခုပေါ့၊ မင်းကြိုက်ရင်” 

“ခုနလို ကျွန်တော် ပျံတတ်ချင်လိုက်တာ” ဟု ယောနသံက ဆို၏။ သူ့မျက်လုံးများ အတွင်းတွင် ထူးဆန်း သော အဖိုးအိုချန်း သည် ဇင်ယော်ငယ်ကို တချိန်လုံး သေချာစွာ စူးစူးစိုက်စိုက် ကြည့်လျက် နှေးနှေး ပြောဆို၏။ 

“စိတ်မြန်သလောက် အပျံမြန်နိုင်ဖို့ (ဘယ်ဆီကို မဆိုပေါ့ကွာ) မင်း စလုပ်ရမယ့် အလုပ်ကိုတော့ မင်းဟာ သွားလိုရာ ခရီးကို ရောက်နှင့်နေပြီးလို့ သိလိုက်ခြင်းပဲ . . . “ အဖိုးအိုချန်း၏ အပြောအရ ယောနသံအဖို့ အဓိကအချက်ဟာ ကိုယ့်ကိုယ်ကိုကိုယ် မြင်ပုံမြင်နည်း ပြောင်းလိုက်ဖို့ပဲ။ 

သူဟာ တောင်ပံအဖြန့် လေးဆယ့်နှစ်ပေ ရှိသော ဤကိုယ်ခန္ဓာ အတွင်းတွင် လည်းကောင်း၊ ပုံစံများ ချ၍ 
မှတ်သားထားနိုင်သော ပျံနည်း ပျံဟန် အမျိုးမျိုးကို ပျံနိုင်စွမ်းရှိသည့် ဤကိုယ်ခန္ဓာ အတွင်းတွင် လည်းကောင်း၊ အကန့်အသတ် အချုပ်အချယ် ရှိနေသော ကိုယ်ခန္ဓာ အတွင်းတွင် လည်းကောင်း၊ ပိတ် လှောင် ခံနေ
ရသူဟူ၍ သူ့ကိုယ်သူ မြင်နေခြင်းကို ရပ်စဲပစ်လိုက်ရမည်။ သူ့ရဲ့ သဘာ၀ အမှန်သည် ရေး မှတ် ခြင်း မပြုရ သေး သော ဂဏန်း ကဲ့သို့ ပြီးပြည့်စုံ ၍ ဌာန ကာလတို့ကို လွှမ်းမိုးကာ နေရာတိုင်း နေရာ တိုင်း၌ တချိန်တည်း ရောက်ရှိ နေလေသည် ဟု အသိဉာဏ် အလင်း ထင်ရှားဖြစ်ခြင်းသည် သာ လျှင် အဓိက ဖြစ်၏တည်း။


ဘာသာပြန်ဆိုသူ - ဘသန်း(ဓမ္မိက)