Saturday, March 17, 2018

ယောနသံဇင်ယော် အပိုင်း(၄)


ငှက်အုပ် လောကသို့ ပြန်သွားခြင်း

ယောနသံသည် ဤအချက် ဤအထာကို သဲသဲမဲမဲ မှတ်သားဆွဲကိုင်လျက် တနေ့ပြီးတနေ့ နေမထွက် မီက ညဉ့်သန်းခေါင် ကျော်အထိ ကြိုးစား အားထုတ်လေ၏။ သို့ကြိုးစားပေမင့်လည်း သူသည် မူလ ရပ်နေ သော နေရာမှ တစ်ဆံခြည်မျှမရွေ့။ 

အဖိုးအိုချန်းက “ယုံကြည် အားထားမှုဆိုတာကို မေ့ပစ်လိုက်၊ မေ့ပစ်လိုက်” ဟု ထပ်ခါထပ်ခါ ပြောလေ့ ရှိ၏။ 

“အပျံတတ်ဖို့ဆိုတာ ယုံကြည်အားထားမှုမလိုဘူးကွ။ ပျံခြင်းအတတ်ကို နားလည်ဖို့သာလိုတယ်။ ယုံကြည် အားထားမှုနှင့် ပျံခြင်းအတတ် နားလည်မှုဆိုတာ အတူတူပဲ။ ကဲနောက်တစ်ကြိမ် ထပ် ကြိုးစား ဦး။” 

ထို့နောက် တစ်နေ့သောအခါ ယောနသံသည် ကမ်းပေါ်၌ ရပ်လျက် မျက်စိများကို မှိတ်ကာ စိတ် စူးစိုက်မှု အလုပ်ကို လုပ်နေ၏။ ထိုစဉ်တွင် အဖိုးအိုက သူ့အား ယခင် တလျှောက်လုံး ပြောဆို ဆုံးမ ခဲ့သမျှ အလုံးစုံကို ယောနသံသည် ဉာဏ်ရောင်လက်လက် လျှက်တပြက်ဖြင့် တမုဟုတ်ချင်း ထိုးထွင်း ၍ သိလိုက်၏။


 “ဟ . . . မှန်လိုက်လေခြင်း၊ ငါဟာ အပြီးတိုင် ကမ်းကုန် အောင် ပြီးပြည့်စုံတဲ့ ဇင်ယော် တစ်ကောင် ဖြစ်နေပါပကော၊ အကန့်အသတ် အချုပ်အချယ် မရှိတဲ့ ဇင်ယော်ပဲ” ဟု သူသည် ဝမ်းသာ လုံးဆို့ သွား၏။ အဖိုးအို

ကြီးချန်းက အောင်မြင်သော အသံမျိုးဖြင့် “အေး . . . ကောင်းတယ်ဟေ့” ဟု ဆို၏။ 

ယောနသံသည် မျက်စိများကို ဖွင့်လိုက်၏။ ယခင် သူနေဖူးသော ကမ်းခြေမျိုးနှင့် လုံးဝ ကွဲပြား ခြားနား သော ကမ်းခြေတစ်ခုပေါ်၌ အဖိုးအို ကြီး ချန်းနှင့် အတူ နှစ်ယောက်တည်း ရပ်လျက်သား ဖြစ်နေ၏။ ရေစပ် အထိ သစ်ပင်များ ရှိ၏။ အထက်ကောင်းကင်တွင် နေဝါ အမွှာ ပူးနှစ်စင်းလည်း လှည့်လျက် ရှိ၏။ 

အဖိုးအိုကြီးချန်းက “နောက်ဆုံးတော့ မင်းဟာ ထိုးထွင်းဟုတ်မှန် အသိဉာဏ်ကို ပေါက်ရောက် သွားပြီပဲ။ ဒါပေမယ့် အထိန်းအသိမ်းအလုပ်မှာ မင်းနဲနဲလိုသေးတယ်” ဟု ဆို၏။ ယောနသံသည် ကြက်သေသေလျက် “ကျွန်တော်တို့ ခု ဘယ်ကို ရောက်နေကြသလဲ” ဟု မေး၏။ ထူးဆန်းသော ပတ်ဝန်းကျင်ကို လုံးဝ
ဂရုမပြုဘဲ အဖိုးအိုကြီးသည် ထိုမေးခွန်းကို ဤစကားတို့ဖြင့် ဖယ်ရှား ပစ်လိုက်၏။

 “ဂြိုလ်တစ်ခုပေါ် ငါတို့ ရောက်နေတာ အထင်အရှားပေါ့၊ ကောင်းကင်စိမ်းစိမ်းနဲ့၊ နေလဲနှစ်စင်းပေါ့။”
 ယောနသံသည် အပျော်ကြီးပျော်လွန်း၍ “ဖြစ်တယ်ဟေ့” ဟု အော်လိုက်မိ၏။ ဤအသံသည် သူမြေကြီး
ဘုံမှ ထွက်ခွာလာခဲ့သည့် နေ့မှစ၍ သူ၏နှုတ်မှ ပထမဦးဆုံး ထွက်မြည်တွန်မြူးသော ဥဒါန်းကျူးခြင်း 
အသံပေတည်း။ 

“ဖြစ်တာပေါ့၊ ယောနသံရယ်” ဟု အဖိုးအိုက ဆို၏။ “မင်းဘာလုပ်နေတယ်ဆိုတာကို မင်းသာသိနေရင် 
ဘာမဆို အမြဲတန်း ဖြစ်တာပေါ့။ ကဲ . . . အခု အထိန်းအသိမ်း အကြောင်း . . .” သူတို့ပြန်ကြသောအခါ
 မှောင်နေလေပြီ။ အခြားသော ဇင်ယော်များသည် ယောနသံကို ရွှေရောင် အဆင်းရှိသော မျက်စိများဖြင့်
 ကြောက် ကြောက် ရွံ့ ရွံ့ ကြည့် ကြ၏။ အဘယ်ကြောင့် ဆိုသော် အမြစ် စိုက်တွယ် ဘိသကဲ့သို့ မလှုပ်မယှက် ကြာမြင့်စွာ ရပ်နေရာမှ ဖြုန်းကနဲ ယောနသံ ပျောက်ကွယ် သွားသည် ကို ဆတ်ဆတ်ကြီး သူတို့ မြင်လိုက်ရ သောကြောင့် တည်း။ ယောနသံသည် ဇင်ယော် အများ၏ ချီးမွမ်းစကားကို ခဏမျှသာ သည်းခံ
လျက် နားထောင်ပြီးလျှင် “ကျွန်တော်ဟာ ဒီမှာ ဇင်ယော်သစ်ပါ၊ စကာ စရုံသာ ရှိပါသေးတယ်။ ခင်ဗျားတို့ ဆီကသာ ကျွန်တော်က သင်ယူ ဆည်းပူး ရမှာပါ” ဟု ဆို၏။ အနီးတွင် ရပ်နေသော ဆရာဆာဗီလင်က 

ဤသို့ဆို၏။ “ဒါတော့ မဟုတ်ဘူး ထင်တယ် ယောနသံ။ အနှစ် တစ်သောင်း အတွင်း ငါကိုယ်တိုင်တွေ့ ဖူးခဲ့တဲ့ ဇင်ယော်ငှက် တွေ အားလုံး ထဲမှာ မင်းတစ်ယောက်ဟာဖြင့် သင်ယူ ဆည်းပူးတဲ့ နေရာမှာ အကြောက်အရွံ့ အတွန့် အဆုတ် အနည်းဆုံးပဲ။” ငှက်အုပ်သည် ငြိမ်သွား၏။

 ယောနသံလည်း ရှက်ကိုးရှက်ကန်းဖြင့် ဂဏာမငြိမ် ဖြစ်နေ၏။ အဖိုးအိုချန်းသည် ဤသို့အမိန့်ရှိ၏။
 “မင်းအလိုရှိရင်၊ အချိန်ကာလကို ကျော်နင်းတဲ့ အလုပ်နဲ့ တို့ စကြ တာပေါ့။ ဖြစ်ပြီးအတိတ် ကာလဆီသို့ရော ဖြစ်လတံ့ အနာဂါတ်ကာလဆီကိုပါ ပျံနိုင်တဲ့ အထိပေါ့။ အဲဒီအခါ ကျတော့ မင်းဟာ အခက်ဆုံး
အလုပ်၊ တန်ခိုး အရှိဆုံး အလုပ်၊ ပျော်စရာ အကောင်းဆုံး အလုပ်ကို စလုပ်ဖို့ အသင့်ဖြစ်နေပေလိမ့်မယ်။ အဲဒီအလုပ်ကတော့ တခြားမဟုတ်ဘူး၊ အထက်ကို ပျံတက်ပြီး သနားခြင်း တရားတော်မြတ်နဲ့ ချစ်ခြင်းတရားတော်မြတ်တို့ရဲ့ အဓိပ္ပါယ် အတ္ထ ကို သိရှိ အောင် လေ့လာ ဖို့ပဲ။” တစ်လ သို့မဟုတ် တစ်လနှင့် အလားတူဟု ထင်ရသော အခြင်းအရာသည် ကုန်လွန်လေပြီ။

 ယောနသံ သည် ပညာဆည်းပူး တတ်ကျွမ်းသည့် နှုန်းမှာ ကြောက်ခမန်းလိလိ ဖြစ်ဘိ၏။ သူသည် 
အတွေ့အကြုံ ရိုးရိုးများ တွင် အမြဲတန်း အတတ်မြန် လှ၏။ ယခုမူ သူသည် အဖိုးအိုချန်း၏ အထူး 
တပည့်ကျော် ဖြစ်သည်မို့ အမွှေးအတောင် တဖွားဖွားနှင့် ခေတ်မှီ ကွန်ပြူတာ စက်ငှက်ကြီးပမာ ပညာ
သစ် ဉာဏ်သစ်များကို သိမ်းကျုံးလက်ခံနေပေသတည်း။ မပြန်လမ်းအတိုင်း ထွက်ရပ်ပေါက်၍ အဖိုးအိုချန်း ကွယ်ပျောက်သွားတော့မည့် နေ့ရက်ကား ဆိုက်ရောက် လေပြီ။ အဖိုးအိုသည် ရှေးရှေးကတည်းကစ၍ 
ယခုတိုင်အောင် ဇင်ယော်များအား အေးဆေးသာယာစွာ စကားပြောဆိုလျက် ဘဝ ဟူသရွေ့၏ မမြင်အပ်
သော သဘောတရားကို ပို၍ ထိုးထွင်း သိရှိလာအောင် မရပ်တမ်း ဆည်းပူးနေကြရန်၊ မလျှော့တမ်း လေ့
ကျင့်နေကြရန်၊ မဆုတ်တမ်း အားထုတ်နေကြရန်၊ လှုံဆော် တိုက်တွန်းခဲ့၏။ ထိုနေ့ ထိုအခါ ထိုသို့ ဇင်ယော်များအား ချေချွတ်ဆုံးမ နေစဉ်ပင် အဖိုးချန်း၏ အမွှေးအမျှင်တို့သည် ဝင်းတောက်လာ၏။ အခြား ဇင်ယော် များက သူ့အား မကြည့်နိုင်သည် အထိမျှပင် ထိန်ထိန်ကြီး ဝင်းလက်လာ၏။ 

ဘာသာပြန်ဆိုသူ - ဘသန်း(ဓမ္မိက)