အဖိုးအို၏ အန္တိမ နောက်ဆုံး စကား များမှာ
“ယောနသံ၊ ချစ်ခြင်း တရားတော်မြတ် လုပ်ငန်း ကိုမင်း ဆက်ပြီး ကျင့်ကြံ အားထုတ်နေပေတော့” ဟူ
သတည်း။
ဇင်ယော်တို့သည် မျက်စိများကို တဖန်ဖွင့်နိုင်၍ ဖွင့်ကြည့်လိုက်သောအခါ အဖိုးအိုချန်း မရှိတော့ပြီ။ နေ့ရက်များ ကုန်လွန်လေသော် ယောနသံသည် သူထွက်ခွာလာသော မြေကြီးဘုံအကြောင်း မကြာခဏ တွေးနေ မိသည်ကို သတိထားမိ၏။
ဟိုမှာတုန်းက အခုသိတာရဲ့ ဆယ်ပုံတစ်ပုံ သို့မဟုတ် အပုံ တစ်ရာပုံ တစ်ပုံမျှလောက်ကို တကယ်လို့များ သိခဲ့ရလျှင် ဘဝ ဆိုတာ ဘယ် လောက် များ အဓိပ္ပါယ် ရှိလိမ့် မလဲ။ ယောနသံသည် သဲသောင်ပြင်ပေါ်
ရပ်လျက် ဟိုမြေကြီးဘုံမှာ အကန့်အသတ် အချုပ် အချယ် ထဲက လွတ်မြောက်အောင် ကြိုးစားနေတဲ့
ဇင်ယော်တစ်ကောင် တစ်လေတော့ဖြင့် ရှိကောင်း ရှိနေလိမ့်မည် ဟုလည်းကောင်း၊ ပျံသန်းမှု၏ အဓိပ္ပါယ် အတ္ထသည် လှေတစ်စင်းက ပေါင်မုန့်တစ်ဖဲ့ တစ်စ ရစေရန်အတွက် ခရီးထွက်ရန် ကိစ္စသာပဲ ဟူသော
အမြင်အယူဖြင့် မကျေမနပ်နိုင်သည့် ဇင်ယော် တစ်ကောင်တစ်လေတော့ဖြင့် ရှိကောင်း ရှိနေလိမ့်မည်ဟု လည်းကောင်း၊ ငှက်အုပ်ဗိုလ်ပုံ အလည်တွင် မိမိတွေ့ ရှိလာသော အမှန်တရား အကြောင်းကို ဖွင့်ပြော
မိသဖြင့် အကြဉ်အဖဲ ခံရသော ဇင်ယော်မျိုးပင် တစ်ကောင်တစ်လေတော့ဖြင့် ရှိကောင်းရှိနေလိမ့်မည်ဟု လည်းကောင်း၊ ကြံစည် တွေးတောနေ၏။
ယောနသံသည် ချစ်ခြင်းတရားတော်မြတ် သင်ခန်းစာများကို လေ့ကျင့်လေ၊ ချစ်ခြင်း တရား တော်မြတ် ၏ သဘောကို သိရှိလာအောင် ပို၍လုပ်လေလေ၊ မြေကြီးဘုံသို့ ပြန်သွားလိုစိတ် ပို၍ ပေါ်လေလေ ဖြစ်နေ၏။ အဘယ့် ကြောင့် ဆိုသော် ယောနသံသည် တစ်ကောင်ကြွက် ဘဝနှင့် နေခဲ့ သော်ငြား လည်း နည်းပြဆရာတစ်ဦးဖြစ်ဖို့ ကံဇာတာ ပါလာသူ ဖြစ်နေသော ကြောင့်တည်း။ ထို့ပြင် ယောနသံသည် ချစ်ခြင်းတရားတော်
မြတ်ပွားများရေးနှင့် စပ်လျဉ်း၍ ဤသို့သာ ခံယူ လိုခြင်း ဆန္ဒ ရှိနေသော ကြောင့်တည်း။
သစ္စာ အမှန်တရားကို ကိုယ်တိုင်ထိတွေ့ ခံစားဖို့ နည်း ကောင်း လမ်း ကောင်း ကလေးကိုမျှ တောင်းဆိုလာသော အခြား ဇင်ယော် တစ်ကောင် တစ်လေ အား သူ တွေ့ ဖူး သော အမှန်တရားကို ဝေမျှ ပေးအပ်ခြင်းသည် ချစ်ခြင်းတရားတော်မြတ်ကို လက်တွေ့ ကျင့်သုံး ဆောက်တည်ခြင်း မည်ပေ၏ ဟူလို။ စိတ်အကြံအစည်နှင့် အမြန်နှုန်းချင်းတူအောင် ပျံသန်းခြင်း အတတ်၌ အလေ့အကျက် ဝသီဘော် မြောက်ပြီးဖြစ်၍ ထိုနည်းကို အခြား ဇင်ယော်များအား သင်ကြားပို့ချ နေရ သော ဆရာ ဆာလီဗင် အဖို့မူ ယောနသံ နှင့် အတွေး အယူ ချင်း မတိုက်ဆိုင်။ ဆရာ ဆာလီဗင် သည် သံသယဖြင့် ဤသို့ ပြော၏။
“ယောနသံရယ် မင်းဟာ တစ်ကြိမ်က အကြဉ်ခံ ဖြစ်ဖူးတယ်။ မင်း ဘဝဟောင်း က ဇင်ယော် တွေက မင်းရဲ့စကားများကို လက်ခံ နားဆင်ကြလိမ့်မည် လို့ မင်းဘာကြောင့် ထင်မိသလဲ။ ဟိုစကားပုံ ကို မင်းကြားဖူးမှာပေါ့။ အမြင့်ဆုံး ပျံတဲ့ ဇင်ယော်ဟာ အဝေးဆုံး မြင်တယ်တဲ့။ ဒီစကားပုံဟာ သွေး ထွက် အောင် မှန်
တယ်။ မင်းလာခဲ့တဲ့ဘုံက ဇင်ယော်တွေဟာ မြေကြီးပေါ်မှာ တဂီးဂီး တဂပ်ဂပ်နဲ့ တဟောင်ဟောင်
တလောင်လောင် အချင်းချင်း ရန်ဖြစ်နေကြတာ။ ဒီချမ်းမြေ့ရိပ်မြုံက မိုင်တစ်ထောင် လောက် အဝေးမှာ
သူတို့ ရှိကြတာ။ ဒါနဲ့တောင် သူတို့ ရှိနေတဲ့ နေရာကနေပြီး ဒီဘုံကို လှမ်းမြင် ရအောင် မင်းက လုပ်ပေးချင်တယ်လို့ မင်းကဆိုနိုင်သေးပလေကွယ်။ ယောနသံရယ် သူတို့ဟာ သူတို့ရဲ့ အတောင်ဖျား တွေကိုတောင်
မမြင်နိုင် ဖြစ်နေတာပဲ။ ဒီမှာ နေစမ်းပါ။ မင်းပြောစရာ ရှိတာတွေ ကို နားလည်လာအောင် ဘ၀
အဆင့်မြင့်နေတဲ့ ဒီက ဇင်ယော်များကို သာ ကူညီနေ စမ်းပါ” ဆရာ ဆာလီဗင် သည် ဤနေရာတွင် ခဏမျှ ရပ်ဆိုင်း ပြီး နောက် ဤသို့လည်း ဆက်ပြောသေး၏။
“စဉ်းစားကြည့်စမ်းပါ၊ အဖိုးအိုချန်းသာ သူ့ ဘုံ ဘဝဂဟောင်း များဆီကို ပြန်သွားခဲ့ရင် ဘာဖြစ်မလဲ၊ ဒီလိုဆို မင်းကော ဘယ်လိုနေရာမျိုးကို ရောက်နေမလဲ ဆိုတာလေ”
ဤနောက်ဆုံးမေးခွန်းသည် အထိဆုံး အမိဆုံး ဖြစ်၏။ ဆရာ ဆာလီဗင်ပြောတာ မှန်ပေတယ်။ "အမြင့်ဆုံးပျံတဲ့ ဇင်ယော်ဟာ အဝေးဆုံး မြင်သတဲ့။"
ထို့ကြောင့် အလွန်ဉာဏ်ကောင်း၍ သင်ကြားရ လွယ်သော ဇင်ယော်ဧည့်သည်များ နှင့် သာ အတူ ယောနသံ ဆက်နေ၏။ သို့သော်လည်း သူ့ဆန္ဒ အလိုဟောင်းသည် ပြန်၍ ပေါ်လာ၏။ သင်ကြားပေး၍ ရမည့် ဇင်ယော် တစ် ကောင် နှစ်ကောင် လောက်တော့ဖြင့် မြေကြီးဘုံမှာ ရှိကောင်းရှိမှာပဲ။ သူကိုယ်တိုင် မြေကြီးဘုံမှာ အကြဉ်ခံ ဖြစ်နေရတုန်းက အဖိုးအိုချန်းသာ ရောက်လာခဲ့မယ်ဆိုရင် သူအခု ဘယ်ကလောက်ထိ ပိုပြီး အသိပညာတွေ ရှိနေလိမ့်မလဲ။
ယောနသံသည် နောက်ဆုံးတွင် မနေနိုင်တော့ပဲ ဆာလီဗင်အား ဤသို့ပြောလေတော့၏။ “ဆာလီ၊ ကျွန်တော် မြေကြီးဘုံကို ပြန်သွားမှ ဖြစ်တော့မယ်။ ဆရာ့ရဲ့ တပည့်တွေဟာ ဟန်ကျနေပြီပဲ။ ဇင်ယော်သစ်တွေ ထပ်ရောက်လာရင် သူတို့ဟာ ဆရာ့ကို ကူညီနိုင်ပါလိမ့်မယ်။”
ဆရာ ဆာလီဗင်သည် သက်ပြင်းချသော်လည်း အငြင်းစကား မပွားတော့။ “ငါ့မှာ မင်းကို လွမ်းလို့ တသသ
ဖြစ်နေတော့မှာပဲ၊ ယောနသံ ရယ်” ဟုသာ ဆို၏။ ယောနသံသည် သူ့ဆရာအား အပြစ်တင်စကား
ဤသို့ဆို၏။ “ရှက်စရာကြီး၊ ဆရာဆာလီရယ်။ မတွေဝေ စမ်းပါနဲ့။ ဒီလိုဆို ကျွန်တော်တို့ နေ့စဉ်လေ့ကျင့်နေတာဟာ ဘာလဲ။ ကျွန်တော်နဲ့ ဆရာ မိတ်ရင်း ဆွေရင်း တွေ ဖြစ်နေတာဟာ အကယ်၍များ ဌာနနဲ့ ကာလ မျိုးပေါ်မှာသာ တည်နေတယ် ဆိုရင် ဌာနနဲ့ ကာလ နှစ်ခုစလုံးက ကျွတ်အောင် လွတ်အောင် ကျွန်တော်တို့ အောင်မြင်လာတဲ့ အခါ ကျွန်တော်တို့ ဟာ ကျွန်တော်တို့ ရဲ့ အသင်းအပင်း မိတ်ဆွေ အဖြစ်ကို ဖျက်ဆီးပစ်ရာ ရောက်မသွား ပေဘူးလား။ ဌာနဆိုတာကို အနိုင်ယူလိုက်ရင် “ဒီနေရာ” ဆိုတာပဲ ကျန်ရှိ တော့တယ်၊
ကာလ ဆိုတာကို အနိုင်ယူလိုက်ရင် “ခု ဒီအချိန်” ဆိုတာပဲ ကျန်ရှိတော့တယ်။
ဒီတော့ “ဒီနေရာ” နဲ့ “ခု ဒီအချိန်” စပ်ကြား အလယ်မှာ ဆရာနဲ့ ကျွန်တော် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်
လောက်တော့ တွေ့ဆုံ ကောင်း တွေ့ဆုံနိုင်လိမ့်မယ်လို့ ဆရာ မထင်ပေဘူးလား” ဆာလီဗင်သည်
မရယ်ဘဲ မနေနိုင်တော့။
သူက ကြင်နာစွာ ပြောဆိုသည်မှာ “ဟေ့၊ ငှက်ရူး။ မြေကြီးဘုံ တစ်ရိုးမှာ ရှိတဲ့ ဇင်ယော် တစ်ကောင်ကောင် ကို အထက် မိုင်တစ်ထောင်က လှမ်းမြင်နိုင်အောင် လုပ်နိုင်တဲ့ ပုဂ္ဂိုလ်ထူးများ ပေါ်လာ ရင်လေ အဲဒီ ပုဂ္ဂိုလ်
ကြီးဟာ ယောနသံပဲလို့ ငါတော့ အောက်မေ့လိုက်မှာပဲ။”
ဆာလီဗင်သည် သဲပြင်ကို ငုံကြည့်လျက် “သွားပေရော့ မိတ်ဆွေကြီး ယောနသံ” ဟု နှုတ်ဆက်လိုက်၏။
“သွားပြီ၊ ဆရာဆာလီဗင်။ ကျွန်တော်တို့ ပြန်တွေ့ ကြဦးမှာပဲ။” ထိုနှုတ်ဆက်သံများ နှင့်အတူ ယောနသံ သည် အခြား သော ကာလတစ်ခု၏ ကမ်းခြေပေါ်၌ ရှိနေသော ဇင်ယော်အုပ် ကြီးများ ဟူ သည့် နိမိတ်ပုံကို စိတ်ထဲတွင် လှမ်းမြင် မိလိုက်၏။ ငါဟာ အရိုးနဲ့ အမွှေးဆိုတဲ့ ရုပ်ဓာတ် သာ မဟုတ် ဘူး၊ ဘာကမျှ ကန့်သတ် ချုပ်ချယ်မထားတဲ့ ကျွတ်တမ်းဝင်တရားနဲ့ လွတ်မြောက်စွာ ပျံသန်းမှု တရား တွေကို ထိုးထွင်း
သိမြင်တဲ့ ဉာဏ်ပညာဆိုတဲ့ နာမ်ဓာတ်တစ်ခုပဲဟု ဝသီဘော်မြောက်ပြီးသော စိတ်ဖြင့် သူ့ကိုယ်သူလည်း
ပြန်၍ ဆင်ခြင်မိ၏။
ဘာသာပြန်ဆိုသူ - ဘသန်း(ဓမ္မိက)