Tuesday, September 29, 2020

ဒီနေ့အတွက်၊ ဒီအတွေး ၃

ဒီလိုအချိန်မှာ နိုင်ငံအတွက်၊ ပြည်သူတွေအတွက် ဘယ်လိုစကားတွေ ပြောသင့်လဲဆိုတာ အမြဲစဉ်းစားရပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်အတွက် အလွန်အရေးကြီးတဲ့ လာမည့် အထွေထွေရွေးကောက်ပွဲအကြောင်းနဲ့၊ လက်ရှိအခြေအနေအရ အလွန်အရေးကြီးတဲ့ Covid ရောဂါကိစ္စ အကြောင်း၊ ဒီအကြောင်းနှစ်ခုလုံးကို အလေးထားရပါတယ်။ 

ဘယ်အကြောင်းပဲပြောပြော၊ ကျိုးရှိမှန်ကန် သူခံသာတဲ့ စကား ပြောနိုင်ဖို့ ကြိုးစားပါတယ်။ တစ်ခါတစ်ရံတော့လည်း လိုအပ်တယ်လို့ သုံးသပ်ပြီး အချို့အတွက် မခံသာစရာ စကားတွေလည်း ပါသွားပါတယ်။ 

ပထမဦးဆုံး ဒီအချိန်မှာ ဘယ်လိုစကားတွေက အကျိုးရှိမလဲလို့ စဉ်းစားပါတယ်။ ပြည်သူတွေ နှလုံးစိတ်ဝမ်းအေးချမ်းစေမည့် စကားတွေလို့ ခေါင်းထဲဝင်လာပါတယ်။ ကျွန်မအတွက်ပဲဖြစ်ဖြစ် အခြားသူတွေအတွက်ပဲဖြစ်ဖြစ် အကောင်းဆုံး ဆုတောင်းကတော့ “နှလုံးစိတ်ဝမ်းအေးချမ်းပါစေ”ပဲလို့ ကျွန်မယုံကြည်ပါတယ်။ 

Friday, September 25, 2020

ဒီနေ့အတွက်၊ ဒီအတွေး (၁)



“ပြည်သူ” ဆိုတာ ကျွန်မအတွက် တစ်ယောက်လို့လည်း ပြောလို့ရတယ်၊ သောင်း၊ သိန်း၊ သန်း ချီတယ်လို့လည်း ပြောလို့ရတယ်။ 

တစ်ယောက်ထဲပြောရမယ်ဆိုရင်၊ ဧရာဝတီကမ်းဘေးမှာ (၁၉၈၈ - ၈၉) လောက်က တွေ့ခဲ့တဲ့ ရေလုပ်သား။ သူ့ရဲ့လှေနားမှာ။ ကျွန်မကိုမြင်တော့ ပြောတယ်၊ “ဒေါ်အောင်ဆန်းစုကြည်၊ ကျွန်တော်တို့ ဗမာတွေ ဆင်းရဲပါတယ်” တဲ့။ မျက်နှာက တည်တည်ငြိမ်ငြိမ်၊ သူဘာဆိုလိုတယ်ဆိုတာ ကျွန်မ နားလည်မယ်လို့ ယုံကြည်စိတ်ချပြီးသား။ 

ဒီနေ့အတွက်၊ ဒီအတွေး (၂)


“စည်း” ဆိုတဲ့ စကားလုံးလေးတစ်လုံးဟာ ကျွန်မတို့ လူ့အသိုင်းအဝိုင်းအတွက် အလွန်အရေးပါပါတယ်။ အဘိဓာန်တွေထဲမှာတော့ “ပိုင်းခြားသတ်မှတ်ထားတဲ့” အကာအရံ၊ အရေးအကြောင်း စတဲ့ အဓိပ္ပါယ်တွေ ဖော်ထားပါတယ်။ “စည်း” ကနေပြီးတော့ “စည်းကမ်း” “စည်းလုံး” “စုစည်း” “စည်းရုံး” ဆိုတဲ့ ဝေါဟာရတွေက ဆက်လာပြန်ပါတယ်။ ဒီအချိန်မှာ အထူးတွေးစရာ စကားတွေပါ။ 

“စည်း” ကို လုံခြုံမှုဖန်တီးပေးရာလား၊ ကြပ်တည်းမှု ဖြစ်စေရာလား ဆိုတာကတော့ အမြင်ပေါ်မှာတည်ပါတယ်။ ကျွန်မကတော့ မျှတစေတယ်ဆိုတဲ့ သဘောနဲ့ ကြည့်ပါတယ်။ ကိုယ့်စည်း၊ သူ့စည်း။ ကိုယ့်စည်းဆိုတာက ကိုယ်ထိန်းသိမ်းရမယ့်စည်း၊ ကိုယ့်ရဲ့တာဝန်ပေါ့။ သူ့စည်းကတော့ သူထိန်းသိမ်းရမယ့်စည်း၊ ကိုယ့်ရဲ့ရပိုင်ခွင့်တွေကို မကျော်လွန် မထိခိုက်စေရေးပေါ့။ စည်းစောင့်ခြင်းက နှစ်ဦးနှစ်ဘက်အတွက် အကျိုးရှိစေပါတယ်။ 


Thursday, September 24, 2020

ထိုင်းရောက်မြန်မာများ အောက်တိုဘာလသုံးရက်နေ့မှပြီး ကြိုတင်ဆန္ဒမဲပေးခွင့်ရမည်


ဘန်ကောက်၊ ၂၄.၉.၂၀၂၀၊ အလုပ်သမားဟစ်တိုင်

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလတွင်ပြုလုပ်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးလိုသည့် ထိုင်းရောက်မြန်မာနိုင်ငံသားများအနေဖြင့် အောက်တိုဘာလ ၃ရက်နေ့မှစတင်ပြီး ကြိုတင်ဆန္ဒမဲများပေးခွင့်ရမည်ဖြစ်ကြောင်း ဆန္ဒမဲပေးရမည့်ကိစ္စများနှင့်စပ်လျဉ်း၍ မြန်မာသံရုံးတွင်ယနေ့ပြုလုပ်သည့် လူမှုအဖွဲ့စည်းများတွေ့ဆုံပွဲတွင် ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးကပြောသည်။


"အဓိကတော့ ဆန္ဒမဲပေးရမယ့် ရက်က ရှေ့လသုံးရက်ကနေ ဆယ့်သုံးရက်အထိဆန္ဒမဲပေးခွင့်ရမယ့်ဆိုတာရယ် ဘန်ကောက်မှာတော့ မဲပေးရမယ့် နေရာကို သုံးနေရာခွဲပြီး မနက်ရှစ်နာရီကနေ ညနေခြောက်နာရီအထိ တစ်နေ့ ကို လူဦးရေးခြောက်ရာနှုန်းနဲ့ နံနက် ညနေ နှစ်သုတ်ခွဲပြီး ဆန္ဒမဲပေးခွင့်အတွက်စီစဉ်ထားတယ်ဆိုတာရယ် နောက်ပြီးတော့ ဆန္ဒမဲလာပေးမယ့်သူတွေလည်း ကိုဗစ်ရောဂါကာကွယ်ရေးစည်းကမ်းချက်တွေအတိုင်းလာကြဖို့နဲ့ ဆန္ဒမဲလာပေးမယ့်နေ့ကျရင်နိုင်ငံသားမှတ်ပုံတင် အစစ်မရှိတဲ့သူလည်း မိတ္တူတော့ယူလာကြဖို့ပေါ့ အဲဒါတွေပြောဆိုတာပေါ့´´လို့ အစည်းဝေတတ်ရောက်ခဲ့သူ ကိုထွန်းလင်းအောင်က ပြောသည်။

Monday, September 21, 2020

၂၀၁၆-၂၀၂၀ လျှပ်စစ်ကဏ္ဍ တိုးတက်ပြောင်းလဲမှုများ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု၊ ဓါတ်အားသုံးစွဲမှုနှင့် ဓါတ်အားသုံးစွဲသည့်အိမ်ထောင်စုများ နှစ်အလိုက်တိုးတက်မှုကိုဖော်ပြနေသော အင်ဖိုဂရပ်ပုံများမှ ကောက်နှုတ်ချက် ဖြစ်ပါသည်။