ဘန်ကောက်၊ ၂၄.၉.၂၀၂၀၊ အလုပ်သမားဟစ်တိုင်
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလတွင်ပြုလုပ်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးလိုသည့် ထိုင်းရောက်မြန်မာနိုင်ငံသားများအနေဖြင့် အောက်တိုဘာလ ၃ရက်နေ့မှစတင်ပြီး ကြိုတင်ဆန္ဒမဲများပေးခွင့်ရမည်ဖြစ်ကြောင်း ဆန္ဒမဲပေးရမည့်ကိစ္စများနှင့်စပ်လျဉ်း၍ မြန်မာသံရုံးတွင်ယနေ့ပြုလုပ်သည့် လူမှုအဖွဲ့စည်းများတွေ့ဆုံပွဲတွင် ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးကပြောသည်။
"အဓိကတော့ ဆန္ဒမဲပေးရမယ့် ရက်က ရှေ့လသုံးရက်ကနေ ဆယ့်သုံးရက်အထိဆန္ဒမဲပေးခွင့်ရမယ့်ဆိုတာရယ် ဘန်ကောက်မှာတော့ မဲပေးရမယ့် နေရာကို သုံးနေရာခွဲပြီး မနက်ရှစ်နာရီကနေ ညနေခြောက်နာရီအထိ တစ်နေ့ ကို လူဦးရေးခြောက်ရာနှုန်းနဲ့ နံနက် ညနေ နှစ်သုတ်ခွဲပြီး ဆန္ဒမဲပေးခွင့်အတွက်စီစဉ်ထားတယ်ဆိုတာရယ် နောက်ပြီးတော့ ဆန္ဒမဲလာပေးမယ့်သူတွေလည်း ကိုဗစ်ရောဂါကာကွယ်ရေးစည်းကမ်းချက်တွေအတိုင်းလာကြဖို့နဲ့ ဆန္ဒမဲလာပေးမယ့်နေ့ကျရင်နိုင်ငံသားမှတ်ပုံတင် အစစ်မရှိတဲ့သူလည်း မိတ္တူတော့ယူလာကြဖို့ပေါ့ အဲဒါတွေပြောဆိုတာပေါ့´´လို့ အစည်းဝေတတ်ရောက်ခဲ့သူ ကိုထွန်းလင်းအောင်က ပြောသည်။
ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများမှ ကြိုတင်ဆန္ဒမဲပေးရန် ပုံစံ(၁၅)တင်ထားသူဦးရေ ၃၆၇၀၀ခန့်ရှိပြီး ရွေးကောက်ပွဲကော်မရှင်မှပြန်လည်ပေးပို့လာမည့် ဆန္ဒမဲပေးခွင့်ရရှိမည့် အမည်စာရင်းအပြည့်စုံကိုယခုလ ၂၈ရက်နေ့တွင် ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး၏ ဖေ့ဘုတ်စာမျက်နှာနှင့် သံရုံးဝက်ဖ်ဆိုက်တို့၌ ဖော်ပြပေးမှာဖြစ်သလို နေ့ရက်အလိုက် ကြိုတင်ဆန္ဒမဲရမည့်သူများ၏အမည်စာရင်းများနှင့် ဆန္ဒမဲလာရောက်ပေးရာတွင် ဆောင်ရန်ရှောင်ရန်အချက်လက်များကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ထိုင်းရောက်မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲသွားရောက်ပေးရမည့် နေရာများမှာ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးနှင့်ဘန်ကောက်မြို့ရှိမြန်မာသံရုံးတို့ဖြစ်ပြီး အခြားဒေသများတွင် မဲရုံများဖွင့်လှစ်ရန် ကြိုးစားဆောင်ရွက်ခဲ့သော်လည်းလုံခြုံရေးဆိုင်ရာကိစ္စများအပါဝင်အကြောင်းအမျိုးမျိုးကြောင့် ထိုင်းအာဏာပိုင်များနှင့်သဘောတူညီမှုမရခဲ့သော်လည်း ပုံမှန်အလုပ်ဖွင့်ရက်များ၌အလုပ်သမားများဆန္ဒမဲလာရောက်ပေးရာ အဆင်ပြေစေရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနနှင့် သဘောတူညီရရှိခဲ့ကြောင်းနှင့် ဆန္ဒမဲလာရောက်ပေးမည့်သူများအနေဖြင့်လည်း မိမိတို့လိုလာသည့် ပါတီအား အေးချမ်းစွာဖြင့်ဆန္ဒမဲပေးနိုင်ရန် အားလုံးပူးပေါင်းဆောင်ရွက်ပေးကြရန် မြန်မာသံအမတ်ကြီးက ပြောကြားခဲ့သည်။
စောမောင်(အလုပ်သမားဟစ်တိုင်)