“စည်း” ဆိုတဲ့ စကားလုံးလေးတစ်လုံးဟာ ကျွန်မတို့ လူ့အသိုင်းအဝိုင်းအတွက် အလွန်အရေးပါပါတယ်။ အဘိဓာန်တွေထဲမှာတော့ “ပိုင်းခြားသတ်မှတ်ထားတဲ့” အကာအရံ၊ အရေးအကြောင်း စတဲ့ အဓိပ္ပါယ်တွေ ဖော်ထားပါတယ်။ “စည်း” ကနေပြီးတော့ “စည်းကမ်း” “စည်းလုံး” “စုစည်း” “စည်းရုံး” ဆိုတဲ့ ဝေါဟာရတွေက ဆက်လာပြန်ပါတယ်။ ဒီအချိန်မှာ အထူးတွေးစရာ စကားတွေပါ။
“စည်း” ကို လုံခြုံမှုဖန်တီးပေးရာလား၊ ကြပ်တည်းမှု ဖြစ်စေရာလား ဆိုတာကတော့ အမြင်ပေါ်မှာတည်ပါတယ်။ ကျွန်မကတော့ မျှတစေတယ်ဆိုတဲ့ သဘောနဲ့ ကြည့်ပါတယ်။ ကိုယ့်စည်း၊ သူ့စည်း။ ကိုယ့်စည်းဆိုတာက ကိုယ်ထိန်းသိမ်းရမယ့်စည်း၊ ကိုယ့်ရဲ့တာဝန်ပေါ့။ သူ့စည်းကတော့ သူထိန်းသိမ်းရမယ့်စည်း၊ ကိုယ့်ရဲ့ရပိုင်ခွင့်တွေကို မကျော်လွန် မထိခိုက်စေရေးပေါ့။ စည်းစောင့်ခြင်းက နှစ်ဦးနှစ်ဘက်အတွက် အကျိုးရှိစေပါတယ်။
“စည်းကမ်း” ကတော့ ကိုယ့်စည်း၊ သူ့စည်း မျှတ ထင်ရှားအောင် သတ်မှတ်ရတာပါ။ ဒါကြောင့် စည်းကမ်းလိုက်နာခြင်း (မျှတ၊ သင့်တော်တဲ့ စည်းကမ်းတွေကို ဆိုလိုတာပါ) က အားလုံးအတွက် အကျိုးရှိပါတယ်။ ဒါကို Covid နဲ့ပတ်သက်လို့ ပြောရလွန်းလို့ နားထောင်ရသူတွေ ငြီးငွေ့မလား စိုးရိမ်ရတယ်။ ဒီအချိန်မှာ ကျွန်မတို့နိုင်ငံအတွက် အရေးကြီးလွန်းလို့ အားမနာတမ်း ပြောနေရတာပါ။
ဒီအချိန်မှာ အရေးပါနေတဲ့ နောက် “စည်း” စကားကတော့ “စည်းရုံး” ပါပဲ။ နိုင်ငံအတွက် အရေးကြီးလှတဲ့ လာတော့မယ့် အထွေထွေရွေးကောက်ပွဲကြီးအတွက် စည်းရုံးရေးကာလ ရောက်နေပါပြီ။ “အောင်နိုင်ရေး” လုပ်ငန်းစဉ်ကြီးပေါ့။ အောင်နိုင်ရေးဆိုတာကတော့ ပြည်သူကို စည်းရုံးရာမှာ အောင်မြင်ရေးပဲ ဖြစ်ပါတယ်။ အမှန်တကယ် ပြည်သူတွေကို စည်းရုံးနိုင်တယ်ဆိုတာ ပြည်သူတွေရဲ့ နှလုံးသားထဲက၊ စိတ်ထဲက ယုံကြည်ထောက်ခံမှုတွေကို စုစည်းရယူလိုက်နိုင်ခြင်းပါပဲ။
ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ချမှတ်ထားတဲ့ စည်းရုံးရေးစည်းကမ်းက ရိုးရှင်းပါတယ်။ “ပြည်သူကိုလေးစား၊ တန်ဖိုးထားပါ။” ဒီဝါကျလေးတစ်ခုအောက်မှာ ဖြောင့်မတ်ခြင်း၊ မတည်နိုင်တဲ့ကတိတွေ မပေးခြင်း၊ မေတ္တာ၊ သစ္စာ၊ ကျေးဇူးတရားစောင့်ထိန်းခြင်းတို့ အားလုံးပါပါတယ်။
မှန်ကန်တဲ့ စည်းရုံးရေးဟာ၊ နိုင်ငံရဲ့စည်းလုံးရေးဘက်ကို ဦးတည်ရပါမယ်။ ဖတ်ဖူးပါတယ်။ အမုန်းတရားကို အခြေခံပြီး စည်းရုံးတာဟာ ရေတိုမှာ အောင်မြင်သလိုရှိပေမဲ့၊ ပိုပြီးသည်းခံစိတ်ရှည်၊ အချိန်ယူရတဲ့ မေတ္တာ အခြေခံတဲ့ စည်းရုံးရေးဟာ ရေရှည်တည်တံ့ ခိုင်မြဲ အကျိုးပေးပါတယ်တဲ့။ အခြားသူကို မုန်းအောင်တိုက်တာထက် ကိုယ့်ကို ချစ်အောင် ကြိုးစားတာက ပိုမိုထိရောက်တဲ့ စည်းရုံးရေးဆိုတာ နားလည်ရလွယ်ပါတယ်နော်။
စည်းရုံးရေးတကာ့ စည်းရုံးရေးကတော့ ပြည်သူတွေကိုယ်တိုင် လုပ်ဆောင်ပေးတဲ့ စည်းရုံးရေးတွေပါပဲ။ တန်ဖိုးဖြတ်လို့ မရပါ။
အောင်ဆန်းစုကြည်
စက်တင်ဘာ ၂၄၊ ၂၀၂၀ ခုနှစ်