Friday, October 02, 2026

ငွေလိမ်ခြင်းဆိုတာ ထိုင်းဥပဒေအရ ဘယ်လိုအမှုဖြစ်နိုင်သလဲ

 


ထိုင်းရောက် မြန်မာအလုပ်သမားတွေ မကြာခဏကြုံတွေ့နေရတဲ့ ပြဿနာတွေထဲမှာ အလုပ်သွင်းပေးမယ်ဆိုပြီး ငွေယူတာ၊ Permit လုပ်ပေးမယ်ဆိုပြီး ငွေယူတာ၊ အခန်းငှားပေးမယ်ဆိုပြီး Deposit ယူတာ၊Facebook ကနေ ပစ္စည်းရောင်းပြီး ငွေလက်ခံကာ ပစ္စည်းမပို့တာ စတဲ့ကိစ္စတွေ ပါဝင်ပါတယ်။

ဒါပေမယ့် “ငွေပေးလိုက်ရပြီး အလုပ်မဖြစ်တိုင်း” လိမ်လည်မှု ဖြစ်တယ်လို့ မဆိုနိုင်ပါဘူး။

ထိုင်းရာဇသတ်ကြီး ပုဒ်မ ၃၄၁ — သာမန်လိမ်လည်မှု

ပုဒ်မ ၃၄၁ အရ အဓိကကြည့်ရမှာက—

တဖက်လူက မရိုးသားတဲ့ရည်ရွယ်ချက်နဲ့ မမှန်တဲ့အချက်ကို ပြောခဲ့သလား၊ ပြောသင့်တဲ့ အမှန်တရားကို တမင်ဖုံးကွယ်ခဲ့သလား၊ အဲဒီလိမ်လည်မှုကို ကိုယ်က ယုံကြည်ပြီး ငွေ၊ ပစ္စည်း ဒါမှမဟုတ် အခွင့် အရေးဆိုင်ရာ စာရွက်စာတမ်းတခုခု ပေးအပ်ခဲ့ရသလား ဆိုတာ ဖြစ်ပါတယ်။

ဥပမာ—

ပွဲစားတယောက်က “Work Permit လုပ်ပေးမယ်၊ ၁၅,၀၀၀ ဘတ်ပေး” လို့ပြောတယ်။ဒါပေမယ့် အမှန်တကယ် Work Permit လုပ်ပေးဖို့ အစီအစဉ်လည်းမရှိ၊ လုပ်ပေးနိုင်တဲ့လမ်းကြောင်းလည်းမရှိဘဲ အစကတည်းက ငွေယူဖို့သာ ရည်ရွယ်ခဲ့တယ်ဆိုရင် လိမ်လည်မှုဖြစ်နိုင်ပါတယ်။

ဒါမှမဟုတ်—

“စက်ရုံမှာ အလုပ်သွင်းပေးမယ်၊ လစာ ၁၅,၀၀၀ ဘတ်ရမယ်” လို့ပြောပြီး အလုပ်သွင်းခ ၅,၀၀၀ ဘတ်ယူတယ်။ တကယ်တော့ အဲဒီစက်ရုံနဲ့ ဆက်သွယ်ထားတာမရှိ၊ အလုပ်နေရာလည်း တကယ်မရှိဘူးဆိုရင်လည်း ပုဒ်မ ၃၄၁ နဲ့ သက်ဆိုင်နိုင်ပါတယ်။ Online ကနေ ပစ္စည်းရှိသလို ကြော်ငြာပြီး ငွေလွှဲခိုင်းကာ ပစ္စည်းမပို့တာ၊

“အခန်းလွတ်ရှိတယ်၊ Deposit ၃,၀၀၀ ဘတ် အရင်လွှဲထား”
လို့ပြောပြီး ငွေရတာနဲ့ ဖုန်းပိတ်၊ Facebook/LINE ကို Block လုပ်သွားတာမျိုးတွေမှာလည်း ဖြစ်ရပ်အခြေအနေပေါ်မူတည်ပြီး ပုဒ်မ ၃၄၁ အောက်က လိမ်လည်မှု ဖြစ်နိုင်ပါတယ်။

ပြစ်ဒဏ် ဘယ်လောက်ရှိသလဲ

ပုဒ်မ ၃၄၁ အရ—

ထောင်ဒဏ် ၃ နှစ်အထိ
သို့မဟုတ်
ဒဏ်ငွေ ၆၀,၀၀၀ ဘတ်အထိ
သို့မဟုတ်
ထောင်ဒဏ်နဲ့ ဒဏ်ငွေ နှစ်မျိုးလုံး

ချမှတ်ခံရနိုင်ပါတယ်။

ငွေပြန်ပေးလိုက်ရင် အမှုမဖြစ်တော့ဘူးလား

မဟုတ်ပါဘူး။ အစကတည်းက လိမ်လည်မှုရဲ့ အခြေခံအချက်တွေ ပြည့်စုံနေပြီးသားဆိုရင် နောက်မှ ငွေပြန်ပေးလိုက်တာနဲ့ ဖြစ်ပြီးသားလုပ်ရပ် အလိုအလျောက်ပျောက်သွားတာ မဟုတ်ပါဘူး။ ဒါပေမယ့် ပုဒ်မ ၃၄၁ သာမန်လိမ်လည်မှုဟာ နှစ်ဖက်ကျေအေးနိုင်တဲ့အမှု ဖြစ်ပါတယ်။ နစ်နာသူနဲ့ တရားခံဘက်က တရားဝင်ကျေအေးသဘောတူရင် အမှုအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။

ဒါပေမယ့်—

“ငွေပြန်ပေးလိုက်ပြီ၊ ဒါကြောင့် အမှုအလိုအလျောက်ပျောက်ပြီ”

လို့တော့ မယူဆသင့်ပါဘူး။

သတိထားရမယ့် “၃ လ”

ပုဒ်မ ၃၄၁ ဟာ ကျေအေးနိုင်တဲ့ ပြစ်မှုဖြစ်တာကြောင့် အမှုဖြစ်ကြောင်းနဲ့ ပြစ်မှုကျူးလွန်သူ ဘယ်သူလဲဆိုတာ သိတဲ့နေ့ကစပြီး ၃ လအတွင်း တိုင်ကြားဖို့ အရေးကြီးပါတယ်။ ထိုင်းတရားရေးရုံးကလည်း ကျေအေးနိုင်တဲ့ ရာဇဝတ်အမှုတွေမှာ ဒီ ၃ လကန့်သတ်ချက်ကို သတိပေးထားပါတယ်။

ဥပမာ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကိုယ်လိမ်ခံထားရကြောင်းနဲ့ လိမ်တဲ့သူ ဘယ်သူလဲဆိုတာ သိသွားတယ်ဆိုရင် အဲဒီနေ့ကစပြီး ၃ လအတွင်း တရားဝင်တိုင်ကြားဖို့ အရေးကြီးပါတယ်။

ဒါကြောင့်
“ငွေပြန်ပေးမယ်”
“နောက်တစ်ပတ်ပေးမယ်”
“ခဏစောင့်ပါ” ဆိုတဲ့ စကားတွေကိုယုံပြီး သက်တမ်းကျော်အောင် မစောင့်သင့်ပါဘူး။

လိမ်ခံရရင် ဘာသက်သေတွေ သိမ်းထားမလဲ

လိမ်ခံရပြီဆိုတာ သိသွားတာနဲ့ Message တွေကို မဖျက်ပါနဲ့။
တတ်နိုင်သမျှ

• Facebook Profile/Page URL
• LINE ID
• ဖုန်းနံပါတ်
• Bank Account အမည်/နံပါတ်
• ငွေလွှဲ Slip / Bank Statement
• Chat Screenshot
• ကြော်ငြာ Post
• Work Permit လုပ်ပေးမယ်ဆိုတဲ့ Message
• Voice Message
• နာမည်နဲ့ ဓာတ်ပုံ
• စာချုပ်
• လက်ခံဖြတ်ပိုင်း
• အခြားသက်သေတွေရဲ့ အချက်အလက်  တွေကို သိမ်းထားပါ။

ထိုင်းတရားရေးရုံးရဲ့ လမ်းညွှန်ချက်မှာလည်း ကြော်ငြာစာမျက်နှာ၊ Chat၊ ဖုန်းနံပါတ်၊ Account၊ ငွေလွှဲ Slip၊ Bank Statement နဲ့ ရောင်းသူ/လိမ်လည်သူဆိုင်ရာ အချက်အလက်တွေကို စုဆောင်းထားဖို့ အကြံပြုထားပါတယ်။

Online Scam ဖြစ်ရင် အချိန်မဆွဲပါနဲ့

Online ကနေ ငွေလွှဲပြီး လိမ်ခံလိုက်ရတယ်ဆိုရင် ဘဏ်ကို ချက်ချင်းဆက်သွယ်ပြီး သက်ဆိုင်ရာ Account ကို တားဆီးပေးဖို့ အကြောင်းကြားသင့်ပါတယ်။

ထိုင်းတရားရေးရုံးရဲ့ လက်ရှိလမ်းညွှန်ချက်အရ Online Crime ဖြစ်ရင် Bank ကို ချက်ချင်းကြောင်း
ကြားခြင်း၊ ငွေလွှဲသက်သေ သိမ်းထားခြင်း၊ ဆက်သွယ်ထားတဲ့အချက်အလက်တွေ သိမ်းထားခြင်းနဲ့
အမြန်ဆုံးတိုင်ကြားခြင်း ကို အကြံပြုထားပါတယ်။ နည်းပညာရာဇဝတ်မှုဆိုင်ရာငွေစာရင်းတားဆီးမှုလုပ်ငန်းစဉ်အတွက် ၇၂ နာရီအတွင်း ရဲတိုင်ဖို့လည်း ဖော်ပြထားပါတယ်။

Online တိုင်ကြားမယ်ဆိုရင် ထိုင်းတရားရေးရုံးက thaipoliceonline.com ကို တရားဝင် Online Police Reporting Website အဖြစ် ညွှန်ပြထားပြီး၊ Social Media Page တွေကနေ “Online ရဲတိုင်ပေးမယ်” ဆိုတာမျိုးကို မယုံဖို့လည်း သတိပေးထားပါတယ်။

ရဲစခန်းသွားရင် “မှတ်တမ်းတင်ရုံ” နဲ့ မရပ်ပါနဲ့

ကိုယ်က ရာဇဝတ်အမှုအဖြစ် ဆက်လက်အရေးယူစေချင်တာဆိုရင် အမှုဆောင်ရွက်ပေးဖို့ တိုင်ကြားတာဖြစ်ကြောင်း ရှင်းလင်းပြောဖို့ အရေးကြီးပါတယ်။ ထိုင်းတရားရေးရုံးက “နေ့စဉ်မှတ်တမ်းတင်ထားရုံ” နဲ့ “အမှုဆောင်ရွက်ပေးဖို့ တိုင်ကြားခြင်း” ဟာ မတူကြောင်း ရှင်းပြထားပါတယ်။ နိုင်ငံခြားသားဖြစ်ရင် Passport သို့မဟုတ် မိမိမှာရှိတဲ့ သက်သေခံစာရွက်စာတမ်းနဲ့ သက်သေအထောက်အထားတွေကိုပါ ယူသွားသင့်ပါတယ်။

Online ကနေလိမ်တာဆို တခြားဥပဒေပါ ဝင်နိုင်တယ်

Facebook၊ LINE၊ TikTok၊ Website စတဲ့ Computer System တွေကို အသုံးပြုပြီး လိမ်လည်ထားတဲ့အမှုမှာ Online ဖြစ်တာတစ်ခုတည်းနဲ့ Computer Crime Act အလိုအလျောက် ဝင်တယ်လို့တော့ မဆိုနိုင်ပါဘူး။

ဒါပေမယ့် လိမ်လည်ရည်ရွယ်ချက်နဲ့ မမှန်တဲ့ Computer Data ကို ထည့်သွင်းအသုံးပြုထားတဲ့ အခြေ အနေမျိုးမှာ Computer Crime Act ဆိုင်ရာပြစ်မှုပါ ထပ်မံသက်ဆိုင်နိုင်ပါတယ်။

လိမ်ခံရကြောင်း သိပြီဆိုရင်လည်း “ငွေပြန်ပေးမယ်” ဆိုတဲ့စကားကိုသာ ယုံပြီး အချိန်မဆွဲပါနဲ့။

ဒီသတင်းကို မျှဝေပါ Facebook