Tuesday, November 02, 2021

ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေရဲ့ ရင်တွင်အပူ ဘယ်သူကူလို့ငြိမ်းပါ့မယ်

 

နိုဝင်ဘာ ၂ ၂၀၂၁ ၊ ကန်ချနဘူရီ/ပကျွတ်ခီလီခမ် ၊ အလုပ်သမားဟစ်တိုင်

မြန်မာအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံသို့ တရားဝင်သွားရောက်အလုပ်လုပ်ကိုင်ခွင့်များပိတ်ပင်တားဆီးခံရသဖြင့်တဦးလျှင် ဘတ်ငွေ ၁၇၀၀၀ မှ ၂၀၀၀၀ ထိအကုန်ကျခံပြီး တရားမဝင်လမ်းကြောင်းများမှတဆင့်ဝင်လာသောကြောင့် နေ့စဉ်အဖမ်းခံနေရကြောင်း ထိုင်းဘုရင့်တပ်မတော်၏သတင်းထုတ်ပြန်ချက်များအရ သိရသည်။


ယမန်နေ့ နံနက် ၁နာရီခန့်တွင် ပကျွတ်ခီလီခမ်ခရိုင်  မေ(င်)နယ်မြေ ဘန်ယန်ရပ်ကွက်တွင် မြန်မာအလုပ်သမား ၃၂ဦး ( ကျား ၁၈ / မ ၁၄ ) နှင့်  နံနက် ၈နာရီ၄၀မိနစ်ခန့်တွင် ကန်ချနဘူရီခရိုင် စိုင်ယိုးနယ်မြေ စီလီမုံခွန်ရပ်ကွက် အုပ်စု ၈ ထားခမ်းစုနေရာအနီးရှိ တောတွင်တနေရာတွင် မြန်မာအလုပ် သမား ၁၀၂ ဦး (ကျား ၆၁ / မ ၄၁) စုစုပေါင်းမြန်မာအလုပ်သမား ၁၃၄ဦး တို့ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိကြောင်းသိရသည်။


အဆိုပါဖမ်းဆီးရမိသူများသည် မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မော်လမြိုင်မြို့နယ်နှင့်ဧရာဝတီတိုင်းဒေသကြီးများမှ လာကြပြီး ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်နှင့်စမွတ်ဆာခွန်ခရိုင်များတွင် အလုပ်သွားလုပ်မည့်သူများဖြစ်ကြကြောင်းနှင့် ဖမ်းဆီးရမိသူများအား ကိုဗစ်စစ်ဆေးခြင်းတို့ကိုဆောင်ရွက်ပေးခဲ့ပြီးနောက် ဥပဒေအရဆက်လက်အရေးယူဆောင်ရွက်ရန် သက်ဆိုင် ရာမြို့နယ်ရဲစခန်းသို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များအရသိရသည်။

Source: Army PR Center