ပြီးခဲ့သည့် အောက်တိုဘာလ အတွင်း လူနာများ၊ ပြစ်ဒဏ်ခံပြီးသူများ အပါအဝင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား လုပ်သား ၆၃၀၀ ကျော်ကို အလုပ်သမား သံအရာရှိရုံး က ပြည်တော်ပြန်နိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း နိုဝင်ဘာလ ၁ ရက်တွင် သတင်းရရှိသည်။
ကိုဗစ် ၁၉ ကပ်ရောဂါကာလတွင် ထိုင်းနိုင်ငံအတွင်းနေထိုင်လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနက် ဆေးရုံတက်ရောက်ကုသနေရသည့်လူနာများ၊ အကြောင်းအမျိုးမျိုးကြောင့်ဖမ်းဆီးထိန်းသိမ်းခံရသူများနှင့် ပြစ်ဒဏ်ကျခံပြီးဖြစ်၍ ပြန်လည်လွတ်မြောက်လာသူများ၊ တာ့ခ်ပြည်နယ်အတွင်း နေထိုင်လုပ်ကိုင်လျက်ရှိသော အလုပ်သမားများ နေရပ်ပြန်နိုင်ရေးအတွက် မဲဆောက်မြို့အလုပ်သမားသံအရာရှိရုံးအနေဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိပြီး မဲဆောက်မြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ်(၂)မှတဆင့် တစ်ရက်ခြား (၅၀၀) ဦးနှုန်းဖြင့် နေရပ်ပြန်နိုင်ရေးခွင့်ပြုပေးနေခြင်း ဖြစ်သည်။
ထို့ကြောင့် အောက်တိုဘာလအတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အလုပ်သမား ( ၃၈၁)ဦးအပါအဝင် ကျား(၃၄၇၂)၊ မ(၂၈၆၈)၊ စုစုပေါင်း(၆၃၄၀)ဦး နေရပ်ပြန်နိုင်ရေးဆောင်ရွက်ပေးခဲ့ကြောင်း အလုပ်သမား သံအရာရှိရုံး က သိရသည်။
တာ့ခ်ပြည်နယ်အတွင်း နယ်မြေဖြတ်ကျော်သွားလာခွင့်ပိတ်ပင်ထားဆဲဖြစ်ရာ တာ့ခ်ပြည်နယ်ပြင်ပတွင်နေထိုင်သူများအနေဖြင့် နယ်မြေဖြတ်ကျော်ဝင်ရောက်ပါက ကိုဗစ်ရောဂါထိန်းချုပ်ရေး ဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးလိုကြောင်း၊ ထိုင်းနိုင်ငံသို့ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများကို ထိုင်းအာဏာပိုင်များမှ မကြာခဏ ဖမ်းဆီးရမိလျက်ရှိရာ မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် တရားဝင်လမ်းကြောင်းများဖွင့်လှစ်မှသာ လာရာက်ကြပါရန် မေတ္တာရပ်ခံကြောင်း အလုပ်သမား သံအရာရှိ ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တာ့ခ်ပြည်နယ်နှင့် ထိစပ်ပြည်နယ်များတွင် ရွှေ့ပြောင်းအလုပ်သမားရေးရာကိစ္စရပ်များနှင့် ပတ်သက်၍အကူအညီတောင်းခံလိုပါက အလုပ်သမားသံအရာရှိ ဦးပြည့်ဖြိုးအောင် ဖုန်းအမှတ်(0652206953) သို့ဆက်သွယ်နိုင်ကြောင်းလည်း သိရသည်။
မိုးနတ် (အလုပ်သမားဟစ်တိုင်)