Thursday, October 28, 2021

ဖခင်ဖြစ်သူ တိမ်းရှောင်သွားပြီးနောက် ကျန်ရစ်သော နာမကျန်းဖြစ်နေသည့် ရက်သားအရွယ် သားငယ်နှင့် မိခင်တို့ ထိုင်းတွင် အကူအညီ လိုအပ်နေ

 


အောက်တိုဘာ ၂၇ ၊ ဘန်ကောက် ၊ အလုပ်သမားဟစ်တိုင်

ဖခင်ဖြစ်သူ တိမ်းရှောင်သွားပြီးနောက် ကျန်ရစ်သော နာမကျန်းဖြစ်နေသည့် ရက်သားအရွယ် သားငယ်နှင့် မိခင်တို့ ထိုင်းနိုင်ငံတွင် အကူအညီ လိုအပ်နေကြောင်း အလုပ်သမားသံအရာရှိရုံးထံက သတင်းရရှိသည်။

ဖြစ်စဥ်မှာ ထိုင်းနိုင်ငံ၊ ဝက်လက်ခင်အနီးရှိ မိခင်တစ်ဦးမှာကလေးမွေးပြီး ၄ ရက်အကြာတွင် ဆေးရုံဆင်း ခွင့်ရသော်လည်း ကလေးတွင် မွေးရာပါ ရောဂါပါ လာသဖြင့် ဝက်လက်ခင်ဆေးရုံမှ နကော့ပထုံဆေးရုံသို့ ပြောင်းရွှေ့ ကုသစေခဲ့ပြီး မိခင်အား ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

ကလေးငယ်၏ မိခင်ဖြစ်သူ ဒေါ်စီစီချိုသည် အောက်တိုဘာလ ၂၇ ရက် နံနက်ပိုင်း ၉ နာရီ အချိန်တွင် အလုပ်သမား သံအရာရှိရုံးသို့ဖုန်းဆက်ကာ ကလေးကို တွေ့ချင်ကြောင်း၊ ဝက်လက်ခင်ဆေးရုံတွင် ဘတ် ၁၇၀၀၀ ခန့် ကုန်ကျခဲ့ပြီး လက်ရှိတွင် ငွေမရှိကြောင်း၊ ကလေးပြန်လည်ထုတ်ယူခွင့် ရရှိလိုကြောင်း ဆက်သွယ် အကူအညီတောင်းခံလာသည်ဟု သိရသည်။

ထို့ကြောင့် အလုပ်သမားသံအရာရှိရုံးမှ တာဝန်ရှိသူက ဆေးရုံသို့ မိခင်နှင့် အတူ သွားရောက်၍ အခြေအနေ စုံစမ်းခဲ့ရာ ကလေးသည် အသက်ရှူမြန်လွန်း၍ ကိရိယာတစ်ခု ခန္ဓာတွင် ထည့်၍ အသားဝါပိုး ကုသခြင်း၊ အောက်စီဂျင်ပေးခြင်း၊ အခြားရောဂါပိုးတစ်ခုလည်း ရှိ၍ ကုသခဲ့ရာမှ အသက်ရှူမြန်မှု၊ အသားဝါပိုးကုသမှု ပျောက်ကင်းသော်လည်း အခြားရောဂါပိုးအတွက် ဆေးထိုးကုသမှုမှာ ၆ ရက် ရှိပြီး ၄ ရက်ထိုးရန် ကျန်ရှိကြောင်း၊ ယမန်နေ့အထိ ကုသစရိတ် ဘတ် ၅၄၀၀၀ ကျသင့်ကြောင်း သိရသည်ဟု အဆိုရုံး၏ ထုတ်ပြန်ချက်အရသိရသည်။

သို့သော် မိခင်က ကလေးကို ဆေးရုံဆင်းပေးစေလိုကြောင်း၊ သေဆုံးပါက မိမိ လက်ထဲတွင် အသေခံမည်ဖြစ်ကြောင်း၊ ဆေးရုံမှ ကလေးရောဂါကုသသူ တာဝန်ကျ ဒေါက်တာ ဆရာမက ကလေးသေလုမျောပါးဖြစ်ချိန်တွင် မိမိမှာ ကြိုးစား၍ ရှင်သန်အောင် ကုသခဲ့ရကြောင်း၊ ယခု ထိုအန္တရာယ်မှ လွတ်မြောက်ပြီးဖြစ်၍ ဆက်လက်အသက်ရှင်စေလိုကြောင်း၊ ဆက်လက် ကုသရန် လိုအပ်ကြောင်း၊ ကုန်ကျစရိတ်အား ၎င်းက တစ်ဝက်ကျခံလိုသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

သံအရာရှိရုံးအနေဖြင့် ကလေးမိခင်အား ကလေး၏ ရောဂါ ပျောက်ကင်းသည်အထိ ဆက်လက် ကုသရန်၊ ကလေးကျန်းမာစွာ အသက်ရှင် ကြီးပြင်းနိုင်ရေး အလေးထားစဉ်းစား၍ ကုန်ကျ စရိတ်အား စိတ်မပူရန်၊ တတ်နိုင်သမျှသော နည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်ပေးသွားရန် ပြောကြားပြီး ဆေးရုံမှလည်း ကလေးမိခင် ဒေါ်စီစီချို ဆေးရုံတွင် ကလေးအား အနီးကပ် ကြည့်ရှု နေထိုင်နိုင်ရန် စီစဉ်ပေးခဲ့ကြကြောင်း သိရသည်။

မိခင်တစ်ယောက်၏ ကလေးအား မတွေ့မမြင်ရသည့် သောကစိတ် ခဏတာ ပြေပျောက် သွားသော်လည်း ဖခင်၏ တိမ်းရှောင်ခဲ့မှုကြောင့် ဝမ်းနည်းအားငယ်စိတ်၊ စားသောက်နေထိုင်မှု အခက်အခဲ၊ ကလေးမွေးပြီးစဖြစ်၍ အလုပ်မလုပ်ကိုင်နိုင်မှု၊ ဆေးကုသစရိတ် အခက်အခဲများ အတွက် အကူအညီများ လိုအပ်နေမည် ဖြစ်ကြောင်း သံအရာရှိရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် အလုပ်သမားသံအရာရှိရုံးအနေဖြင့် ဘတ် ၁၀၀၀၀ ကျခံခဲ့ပြီး ကျန်ငွေ ဘတ် ၄၄၀၀၀ အား တစ်လ ၂၀၀၀ နှုန်းဖြင့် ပေးသွင်းရန် ကျန်ရှိနေကာမြန်မာရွှေ့ပြောင်းအလုပ်သမားအကျိုးဆောင်ရွက်သည့် အဖွဲ့အစည်းများက တစ်ဉီး၏ အားဖြင့် မလုပ်ဆောင်နိုင်သည်ကို ၅ ဉီး၏ အား၊ ၁၀ ဉီး၏ အားဖြင့် ဝိုင်းဝန်းကူညီပံ့ပိုးပါက ဒေါ်စီစီချို အတွက် ကြီးမားသော အင်အားတစ်ခုဖြစ်ပေါ်စေမည်ဖြစ်ပါကြောင်း အလုပ်သမား သံအရာရှိရုံးက တိုက်တွန်းထားသည်။

ကူညီလိုပါက ဒေါ်စီစီချို ဖုန်းနံပါတ် 0824918973 သို့ ဆက်သွယ်နိုင်ပြီး အလုပ်သမားသံအရာရှိရုံး၏ စကားပြန်ဖြစ်သော ဉီးစိုင်းဆောင်ဝုန်း ဖုန်းနံပါတ် 0830791765 မှ တစ်ဆင့်လည်းကောင်း၊ Call Center 020030015 သို့လည်းကောင်း ဆက်သွယ်နိုင်ကြောင်းလည်း သိရသည်။ 

မိုးနတ် (အလုပ်သမားဟစ်တိုင် )