ယခုနှစ် နိုဝင်ဘာလ ၈ရက်နေ့ (တနင်္ဂနွေနေ့)တွင် မြန်မာနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲကြီးကျင်းပပြုလုပ်ချိန်၌ ပြည်ပရောက်မြန်မာနိုင်ငံသားအလုပ်သမားများလည်းအသည်းကြားမှ မဲတစ်ပြားဖြင့် မိမိတို့
လိုလားသည့် အစိုးရတစ်ရပ်ပေါ်ထွန်းလာစေရန် ပါဝင်ဆန္ဒမဲပေးလိုကြပါသည်။
ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအရေအတွက်မှာ ခန့်မှန်းချက်များအရ လေးသန်းနီးပါးရှိကြောင်းသိရပြီး ထိုအလုပ်သမားများသည် ထိုင်းနိုင်ငံဒေသအသီးသီးတို့၌ရောက်ရှိနေသည်ဖြစ်သလို
ယခုနှစ်နိုဝင်ဘာလ ၈ရက်နေ့၌ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ၌ဘန်ကောက်မြို့ရှိ မြန်မာသံရုံးသို့လာရောက်၍ ဆန္ဒမဲပေးရန်အကန့်သက်များရှိနေကြပါသည်။
ဥပမာအားဖြင့် ထိုင်းနိုင်ငံတောင်ပိုင်းရှိ မြန်မာအလုပ်သမားများအနေဖြင့်ဘန်ကောက်မြို့ရှိမြန်မာသံရုံးသို့လာရောက်၍ဆန္ဒမဲပေးမည်ဆိုပါက သီးသန့်အလုပ်ခွင့်ယူ၍ လာရမည်၊ ထိုသို့ ခွင့်ယူရန်အလုပ်ရှင်များ
ဘက်ကလည်း ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်း၍ အလုပ်သမားများကိုခွင့်ပေးမည်မဟုတ်သလို၊ အလုပ်သမားများအနေဖြင့်လည်း အလုပ်စည်းကမ်းချက်များကိုကျော်လွန်၍ လာဝံ့မည်မဟုတ်။
ခရီးဝေးမှလာကြရမည့် အလုပ်သမားများ အနေဖြင့် ဆန္ဒမဲပေးမည့် ခွင့်ပြုချိန်ကျော်လွန်ပါက ဆက်လက်၍ စောင့်ဆိုင်းရန်နေထိုင်အခက်ခဲများဖြစ်ပေါ်လာနိုင်သည်။
ထို့ပြင် ချင်းမိုင်ခရိုင်၊ လန်ဖုန်ခရိုင်၊ လန်ပန်ခရိုင်၊ ဥတ္တရာဒစ်ခရိုင်၊ ဖရာယ့်ခရိုင်၊ နန့်ခရိုင်၊ဖယောင်ခရိုင်၊ ချင်းရိုင်ခရိုင်နှင့် မယ်ဟောင်ဆောင်ခရိုင်များမှအပ ကျန်ရှိသည့် ခရိုင်အသီးသီးရှိမြန်မာအလုပ်သမား များ ရာထောင်နှင့်ချီပြီး ဘန်ကောက်မြို့ရှိမြန်မာသံရုံးသို့ စုပြုံ၍ ဆန္ဒမဲလာထည့်ရမည်ဆိုပါက တာဝန်ရှိသူများအနေဖြင့် အုပ်ချုပ်မှုပိုင်းဆိုင်ရာကိစ္စရပ်များအတွက် အခက်ခဲများမလွဲမသွေတွေ့ကြုံရမည်ဖြစ်သလို လာရောက်ကြမည့် မြန်မာအလုပ်သမားများအတွက်လည်း အခက်ခဲများဖြစ်ပေါ်လာနိုင်ပါသည်။
သို့ဖြစ်ပါ၍ ဆန္ဒမဲထည့်လိုသည့် မြန်မာအလုပ်သမားများအတွက်် မြန်မာနှင့်ထိုင်းနှစ်နိုင်ငံ တာဝန်ရှိသူများ ညှိနှိုင်းမှုဖြင့် ယခင်က CI(မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်)ရုံးများ၊ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများဖွင့်လှစ်ပေးခဲ့သလိုမဲရုံးများဖွင့်လှစ်ပေးမည်ဆိုလျင် အလုပ်သမားများအတွက် အဆင်ပြေစိတ်ချမ်းသာစွာဖြင့် ဆန္ဒမဲများထည့်ပေးနိုင်မည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
စောမောင်(အလုပ်သမားဟစ်တိုင်)