ရာဇဂြိုဟ်ပြည်၌ မာဂဓမင်းကြီး စိုးစံစဉ် ဘုရားအလောင်းသည် ဘီလုံးငှက်မျိုး ဖြစ်နေသည်။ ဘီလုံးငှက်သည် ထယ်စာ မြေစိုင်ခဲများ ကြားတွင် နေ့စဉ် သွားလာကျက်စားနေရာ တနေ့သ၌ ကျက်စားနေ ကျ နေရာကို ကျော်လွန်၍ တောအုပ်တစ်ခု၏ အစွန်အဖျားအရပ်သို့ သွား၍ အစာများ ရှာဖွေစားသောက်နေမိသည်။
ဘီလုံးငှက်သည် အရွယ်အားဖြင့် လက်တစ်ဝါးခန့်သာရှိသည်။ သိမ်းငှက်ကား အရွယ် တစ်တောင်ကျော် ရှိသည်။ အရွယ်ချင်း မယှဉ်သာ။ ခွန်အားချင်း မယှဉ်သာ။ အလွန်ကွာခြားလှသည်။ ထို့ကြောင့် ဘီလုံးငှက်သည် သိမ်းငှက်၏ လက်တွင်း အလွယ်တကူ ပါသွားလေသည်။










