ရာဇဂြိုဟ်ပြည်၌ မာဂဓမင်းကြီး စိုးစံစဉ် ဘုရားအလောင်းသည် ဘီလုံးငှက်မျိုး ဖြစ်နေသည်။ ဘီလုံးငှက်သည် ထယ်စာ မြေစိုင်ခဲများ ကြားတွင် နေ့စဉ် သွားလာကျက်စားနေရာ တနေ့သ၌ ကျက်စားနေ ကျ နေရာကို ကျော်လွန်၍ တောအုပ်တစ်ခု၏ အစွန်အဖျားအရပ်သို့ သွား၍ အစာများ ရှာဖွေစားသောက်နေမိသည်။
ဘီလုံးငှက်သည် အရွယ်အားဖြင့် လက်တစ်ဝါးခန့်သာရှိသည်။ သိမ်းငှက်ကား အရွယ် တစ်တောင်ကျော် ရှိသည်။ အရွယ်ချင်း မယှဉ်သာ။ ခွန်အားချင်း မယှဉ်သာ။ အလွန်ကွာခြားလှသည်။ ထို့ကြောင့် ဘီလုံးငှက်သည် သိမ်းငှက်၏ လက်တွင်း အလွယ်တကူ ပါသွားလေသည်။
သို့ပါသွားစဉ် ဘီလုံးငှက်က " ငါ့အရပ်မဟုတ်၍ သိမ်းငှက်၏ ထိုးသုတ်ခြင်းကို ခံရသည်။ ငါ့အရပ်ဖြစ်ပါမူ သိမ်းငှက်သည် ထိုးသုတ်နိုင်မည် မဟုတ်" ဟူ၍ မြည်တမ်း ငိုကြွေး၏။
ထိုအခါ သိမ်းငှက်က မခံချင်။
" ဟယ် ဘီလုံးငယ်၊ သင်၏ အရပ်ကား အဘယ်နည်း။" ဟူ၍ မေးမြန်းသည်။ ဘီလုံးငှက်ကလည်း အားမာန် အပြည့်ဖြင့် ပြန်ပြောသည်။
" ငါ၏ အရပ်ကား ထွန်စာခဲရှိရာ လယ်ကွင်းပြင်တည်း။"
" သင်၏အရပ်၌ ရှိသော်လည်း ငါသို့သော ကြီးမား၍ ခွန်အားရှိသူကို သင်အန်တုနိုင်မည်လော။ ငါ့လက်မှ သင်လွတ်နိုင်မည်လော။"
" အန်တုနိုင်ပါသည်။ လွတ်နိုင်ပါသည်။"
" ကောင်းပြီ၊ သည်လိုဆိုလျှင် သင့်ကို ယခုငါလွှတ်လိုက်မည်။ သင့်အရပ်သို့ သွား၍ ငါ့ကို ခုခံလော့။" သိမ်းငှက်က ဤသို့ဆိုကာ ဘီလုံးငှက်ကို လွှတ်လိုက်သည်။
ဘီလုံးငှက်လည်း မိမိကျက်စားရာ လယ်ကွင်းပြင်သို့ ဝမ်းမြောက်ဝမ်းသာ ပျံသွားသည်။ ရောက်သော် မြေစိုင်ခဲကြီး တစ်ခုပေါ်၌ ရပ်လျက် -
" အို - သိမ်းငှက်ကြီး၊ အသင်စွမ်းလျှင် လာလော့။ "
သိမ်းငှက်ကလည်း " ဟယ် - ဘီလုံးငယ်၊ ငါ့လက်မှ သင်လွတ်နိုင်မည်လော "
ဟူ၍ ကြုံးဝါးကာ လျင်မြန်စွာ ပျံသန်းလာသည်။ အနီးသို့ ရောက်သည်နှင့် တပြိုင်နက် အရှိန်ပြင်းစွာဖြင့် ပျံဆင်း၍ ဘီလုံးငှက်ကို ထိုးသုတ်လိုက်လေသည်။
ဤတွင် ဘီလုံးငယ်သည် မြေစိုင်ခဲပေါ်မှ ရုတ်တရက်ဆင်း၍ မြေစိုင်ခဲအောက် အကြားသို့ ဝင်နေလိုက်လေသည်။ ထိုအခါ သိမ်းငှက်သည် ဘီလုံးငှက်ကို မသုတ်မိ၊ အရှိန်လည်း မသတ်နိုင်၊ မြေစိုင်ခဲကို ရင်ဖြင့် တိုက်မိသွားသည်။
တစ်ခဏတွင်းပင် ရင်ကွဲ၍ သေဆုံးသွားလေသည်။
ဘီလုံးငှက်သည် မြေစိုင်ခဲ အကြားမှ ထွက်လာပြီးလျှင် သိမ်းငှက်သေ၏ ကိုယ်ပေါ်၌နားလျက် " ငါသည် သင့်တင်လျောက်ပတ်သော အရပ်ကို အမှီပြုသောကြောင့် အင်အားကြီးသူကိုပင် အနိုင်ရလေပြီ" ဟူ၍ ဆိုလေသတည်း။ ။
Credit_ ဗုဒၶစာေပ ဗဟုသုတ အေထြေထြ