အလုပ်သမားများသည် အလုပ်သမားအခွင့်အရေးကာကွယ်ရေးရုံး (ဆဝါဒီကန်) သို့ ဇန်နဝါရီ ၁၃ ရက်တွင် တိုင်ကြားခဲ့သည်။ ဆဝါဒီကန်က မတ်လတွင် ထုတ်ပြန်သော အမိန့်စာဆုံးဖြတ်ချက်ကို မကျေနပ်သဖြင့် ရှေ့နေအကူအညီဖြင့် အလုပ်သမားတရားရုံးအထိ ဆက်လက်ရင်ဆိုင်ခဲ့ရသည်။ အောက်တိုဘာ ၇ ရက် သုံးကြိမ်မြောက် စစ်ဆေးမှုတွင် အလုပ်သမား ၅ ဦးစလုံး အမှုနိုင်ပြီး ထိုနေ့မှာပင် လုပ်ငန်းရှင်က လျော်ကြေးငွေ ပေးဆောင်ခဲ့ရသည်။
အမှုအဆုံးအဖြတ်ရသည့်အထိ အလုပ်သမားများ စိတ်ရှည်စွာ ကြိုးစားခဲ့ပြီး ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့နှင့် MAP Foundation တို့ ပူးပေါင်းကူညီခဲ့သဖြင့် အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းဥပဒေအရ လိုက်ပါကူညီပေးခဲ့သည့် ရောင်ခြည်ဦးအဖွဲ့၏ ဥပဒေရေးရာဌာန တာဝန်ရှိသူက ပြောသည်။
ရွှေ့ပြောင်းအလုပ်သမားများ၏ ဥပဒေအကာအကွယ်ရရှိမှုနှင့် ပတ်သက်၍ ၎င်းက "ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အမှုတစ်ခုကို ရင်ဆိုင်ဖြေရှင်းရတဲ့အခါ အခက်အခဲတွေ အများကြီးရှိပါတယ်။ ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေလည်း ရှိပေမဲ့ ဥပဒေအရ အပြည့်အဝကာကွယ်မှုနဲ့ မိမိတို့ရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးတွေကို ရရှိဖို့ကတော့ အခုချိန်ထိ ခက်ခဲနေဆဲပါပဲ" ဟု ဆိုသည်။ အမှုတခု အဆုံးသတ်ရန် အချိန်ကြာမြင့်ခြင်း၊ ရှေ့နေငှားရန်နှင့် ဥပဒေအကူအညီ ရယူရန် အခက်အခဲရှိခြင်းတို့သည် တရားမျှတမှုကို လက်လှမ်းမီရန် အဟန့် အတားများ ဖြစ်နေဆဲဖြစ်သည်။
အမှုကို ရင်ဆိုင်ခဲ့ရသော အလုပ်သမားများကလည်း တရားရင်ဆိုင်စဉ်အတွင်း ဘာသာစကားအခက်အခဲနှင့် စာရွက်စာတမ်းလုပ်ငန်းစဉ် ကြာမြင့်မှုတို့ကို ကြုံခဲ့ရကြောင်း ပြောကြားခဲ့သည်။ မြန်မာရွှေ့ပြောင်းအလုပ် သမားများ၏ ရသင့်သည့်အခွင့်အရေးများအတွက် ကူညီခဲ့သူများကိုလည်း ကျေးဇူးတင်ကြောင်း ဆိုသည်။
Source —ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့
