Tuesday, October 06, 2026

CI၊ MOU U-turn နှင့် TDCC စင်တာများ ဖွင့်လှစ်ရေး ထိုင်း–မြန်မာ ဆွေးနွေး


အလုပ်သမားဟစ်တိုင်၊ အောက်တိုဘာ ၆

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအတွက် CI သက်သေခံလက်မှတ် ထုတ်ပေးရေးစင်တာ၊ MOU U-turn လုပ်ငန်းဆောင်ရွက်ရေးစင်တာနှင့် ယာယီအချက်အလက်ကောက်ယူရေးစင်တာ (TDCC) များ ဖွင့်လှစ်ရေးကို ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ အလုပ်သမားရေးရာ တာဝန်ရှိသူများ ယနေ့ ဆွေးနွေးခဲ့ကြသည်။

အောက်တိုဘာ ၆ ရက် နံနက် ၁၀ နာရီခွဲက ပြုလုပ်သည့် အစည်းအဝေးတွင် ထိုင်းအလုပ်အကိုင်ရှာဖွေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် นายสมาสภ์ ปัทมะสุคนธ์ က ထိုင်းဘက်မှ ပူးတွဲသဘာပတိအဖြစ် တက်ရောက်ခဲ့ပြီး မြန်မာအလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က မြန်မာဘက်မှ ပူးတွဲသဘာပတိအဖြစ် တက်ရောက်ခဲ့သည်။

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ စီမံခန့်ခွဲရေးနှင့်ပတ်သက်၍ ပြုလုပ်သည့် အဆိုပါအစည်းအဝေးကို ထိုင်းအလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမှ Video Conference စနစ်ဖြင့် ပြုလုပ်ခဲ့ပြီး ထိုင်းဘက်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် นายเสกสิทธิ์ สวรรยาธิปัติ အပါအဝင် သက်ဆိုင်ရာ အရာရှိများနှင့် တာဝန်ရှိသူများလည်း ပါဝင်ခဲ့ကြသည်။

အစည်းအဝေးတွင် မြန်မာအလုပ်သမားများအတွက် Certificate of Identity (CI) ထုတ်ပေးမည့်စင်တာများ၊ MOU U-turn လုပ်ငန်းစဉ် ဆောင်ရွက်မည့်စင်တာများနှင့် Temporary Data Collection Centre (TDCC) ယာယီအချက်အလက်ကောက်ယူရေးစင်တာများ ဖွင့်လှစ်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြောင်း ထိုင်းအလုပ်အကိုင်ရှာဖွေရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

သို့သော် အဆိုပါစင်တာများကို မည်သည့်နေ့တွင် စတင်ဖွင့်လှစ်မည်၊ မည်သည့်နေရာများတွင် ဖွင့်လှစ်မည်နှင့် လုပ်ငန်းဆောင်ရွက်ပုံ အသေးစိတ်အချက်အလက်များကို ယခုထုတ်ပြန်ချက်တွင် မဖော်ပြသေးပေ။







ဒီသတင်းကို မျှဝေပါ Facebook