နီပေါနိုင်ငံအလယ်ပိုင်း ဘူဒီဂန်ဒါကီ မြစ်ဝှမ်းဒေသမှာ ယနေ့ (အောက်တိုဘာ ၁၁ ရက်) နံနက် ၄ နာရီခန့်က ရုတ်တရက် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တာကြောင့် တံတားတွေ၊ နေအိမ်တွေနဲ့ ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းခွင်တစ်ခု ပျက်စီးသွားခဲ့ပါတယ်။
ကက်တမန္ဒူမြို့ရဲ့ အနောက်ဘက် ကီလိုမီတာ ၁၀၀ ခန့်အကွာ ဂေါ်ရခါခရိုင် ချွမ်နူဘရီကျေးရွာအနီးမှာ မြေပြိုကျရာကနေ မြစ်ကြောင်းပိတ်ဆို့သွားပြီး မြစ်အောက်ပိုင်းကို ရေတွေ ဒလဟော ဆင်းလာတာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဒီဖြစ်စဉ်ဟာ မြေပြိုကျမှုကြောင့်ဖြစ်ပေါ်လာတဲ့ ရေကန်ပေါက်ကျမှုကနေတစ်ဆင့် ရေကြီးလာတာ ဖြစ်နိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ တောင်တန်းဒေသ ပေါင်းစပ်ဖွံ့ဖြိုးရေးစင်တာ (ICIMOD) က ကနဦး သုံးသပ်ထားပါတယ်။ ရေစီးနဲ့အတူ ရွှံ့နွံတွေ၊ အနည်အနှစ်တွေနဲ့ အပျက်အစီးတွေလည်း အလုံးအရင်းနဲ့ မျောပါလာခဲ့ပါတယ်။
အဆိုပါ ရေကြီးမှုအတွင်း တံတား ၄ စင်း ပြိုကျပျက်စီးခဲ့သလို အိမ်ခြေ ၃၆ လုံးခန့် ရေထဲမျောပါသွားခဲ့ပါတယ်။ ဒါ့အပြင် ၃၄၁ မဂ္ဂါဝပ်ထွက်ရှိမယ့် ဘူဒီဂန်ဒါကီ (စယ်လ်လေရီ) ရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်လည်း ပျက်စီးသွားခဲ့ပြီး ဆုံးရှုံးမှုပမာဏကိုတော့ လက်ရှိအချိန်ထိ စစ်ဆေးတွက်ချက်နေဆဲ ဖြစ်ပါတယ်။
အခြေအနေတွေကြောင့် ဂေါ်ရခါ၊ တနာဟူ၊ ချစ်ဝမ်၊ အရှေ့နဲ့ အနောက် နဝလပါရာစီ ခရိုင်တွေက မြစ်ကမ်းဘေးမှာ နေထိုင်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။
ဂျာဂတ်ရွာမှာ မြေပြိုမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရသူ ၆ ဦးကို စစ်တပ်က ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဝန်ကြီးချုပ် ဘာလန်ဒရာရှားက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ ကယ်ဆယ်ရေးနဲ့ ပြောင်းရွှေ့နေရာချထားရေး လုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နေပါတယ်။ ပျောက်ဆုံးနေသူတချို့ ရှိနိုင်တယ်လို့ ICIMOD ရဲ့ ကနဦးအစီရင်ခံစာတွေမှာ ဖော်ပြထားပေမဲ့ အရေအတွက် အတိအကျကိုတော့ တရားဝင် ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
နီပေါနိုင်ငံဟာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက နီပေါ-တရုတ် နယ်စပ်မှာ ဆိုးရွားတဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ရာကနေ အခုအချိန်အထိ ပြန်လည်ထူထောင်ရေးတွေ လုပ်ဆောင်နေရဆဲ ဖြစ်ပါတယ်။ အဲဒီရေကြီးမှုအတွင်း လူပေါင်း ၁,၄၀၀ ကျော် သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ၅,၀၀၀ ကျော်အတွက် ရှာဖွေရေးလုပ်ငန်းတွေကိုတော့ နီပေါအစိုးရက ရပ်တန့်လိုက်ပြီ ဖြစ်ပါတယ်။
