အလုပ်သမားဟစ်တိုင်၊ အောက်တိုဘာ ၅
ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသ Irkutsk မြို့တွင် ကူးစက်ရောဂါသုတေသနဌာန ဝန်ထမ်းအမျိုးသမီးတဦး ပြင်းထန်သော အဆုတ်ရောင်ရောဂါဖြင့် သေဆုံးခဲ့ပြီးနောက် ဆေးရုံအချို့တွင် ကူးစက်ရောဂါကာကွယ်ရေး ကန့်သတ်ချက်များ ချမှတ်ထားသည်။ လူ ၂၀၀ နီးပါးကိုလည်း ဆေးဘက်ဆိုင်ရာ စောင့်ကြည့်မှုအောက် ထားသဖြင့် အဆုတ်ပလိပ်ရောဂါ (Pneumonic Plague) ဖြစ်နိုင်ခြေနှင့်ပတ်သက်၍ စိုးရိမ်မှုများ ပေါ်ပေါက်နေသည်။ သို့သော် သေဆုံးမှုသည် ပလိပ်ရောဂါကြောင့်ဖြစ်ကြောင်း ရုရှားကျန်းမာရေးအာဏာပိုင်များက အတည်ပြုထားခြင်း မရှိသေးပေ။
အသက် ၂၈ နှစ်အရွယ် ထိုအမျိုးသမီးသည် Irkutsk Anti-Plague Research Institute တွင် အလုပ်လုပ်သူဖြစ်သည်။ ပြင်းထန်သော အဆုတ်ရောင်ရောဂါလက္ခဏာများဖြင့် ဆေးရုံတက်ကုသမှု ခံယူခဲ့ရာ အောက်တိုဘာ ၂ ရက်တွင် သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းများနှင့် လွတ်လပ်သော ရုရှားသတင်းဌာနများက ဖော်ပြသည်။ ပလိပ်ရောဂါဖြစ်စေသော Yersinia pestis အပါအဝင် အန္တရာယ်ရှိသည့် ရောဂါပိုးများကို လေ့လာသော အဖွဲ့အစည်းတွင် သူမ အလုပ်လုပ်ခဲ့သဖြင့် သေဆုံးမှုနှင့် ဓာတ်ခွဲခန်းအလုပ်ကြား ဆက်စပ်မှုရှိနိုင်သည်ဟူသော သတင်းများ ထွက်ပေါ်လာသည်။ ဓာတ်ခွဲခန်းအတွင်း ပလိပ်ရောဂါပိုးပါသော စမ်းသပ်ပြွန် ပျက်စီးခဲ့သည်ဆိုသည့် အတည်မပြုရသေးသော သတင်းများလည်း လူမှုကွန်ရက်နှင့် ဒေသခံသတင်းများတွင် ပျံ့နှံ့ခဲ့သည်။
ရုရှားစားသုံးသူအခွင့်အရေးနှင့် ပြည်သူ့ကျန်းမာရေးစောင့်ကြည့်ရေးအာဏာပိုင် Rospotrebnadzor ကမူ ဓာတ်ခွဲခန်းအတွင်း အန္တရာယ်ရှိရောဂါပိုး ကိုင်တွယ်ရာတွင် မတော်တဆမှု ဖြစ်ခဲ့သည်ဟူသော သတင်းကို ငြင်းဆိုထားသည်။ အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သေဆုံးသူ၏ရောဂါကို "အကြောင်းရင်း မသတ်မှတ်နိုင်သေးသော အဆုတ်ရောင်ရောဂါ" အဖြစ် သတ်မှတ်ထားပြီး အလုပ်နှင့်ဆက်စပ်သော အန္တရာယ်ရှိရောဂါပိုး စစ်ဆေးမှုများတွင် မတွေ့ရှိခဲ့ဟု ဆိုသည်။
ဖြစ်စဉ်နောက်ပိုင်း သေဆုံးသူနှင့် ထိတွေ့ခဲ့နိုင်သူ၊ ဆေးကုသမှုနှင့် ဆက်စပ်သူ စုစုပေါင်း လူ ၂၀၀ နီးပါးကို ဆေးဘက်ဆိုင်ရာ စောင့်ကြည့်မှုအောက် ထားကြောင်း သတင်းများက ဖော်ပြသည်။ လက်ရှိရရှိထားသော အချက်အလက်အရ ထိုသူများအနက် ပလိပ်ရောဂါ ထပ်မံအတည်ပြုတွေ့ရှိထားသည်ဟူသော သတင်း မရှိသေးပေ။ Irkutsk ရှိ City Clinical Hospitals No. 1, No. 3 နှင့် No. 10 အပါအဝင် ဆေးရုံအချို့တွင်လည်း လူနာဝင်ထွက်မှုနှင့် လည်ပတ်မှုဆိုင်ရာ ကူးစက်ရောဂါကာကွယ်ရေး ကန့်သတ်ချက်များ ချမှတ်ထားပြီး နေရာအချို့တွင် သုံးပတ်ခန့် ဆက်လက်ထားရှိနိုင်ကြောင်း ဒေသခံသတင်းများက ဖော်ပြသည်။ အာဏာပိုင်များကမူ Irkutsk ဒေသ၏ ကူးစက်ရောဂါအခြေအနေ တည်ငြိမ်နေဆဲဖြစ်ကြောင်း ပြောထားသည်။
အဆုတ်ပလိပ်ရောဂါသည် Yersinia pestis ဘက်တီးရီးယားကြောင့် ဖြစ်ပွားသော ပလိပ်ရောဂါအမျိုးအစားတမျိုးဖြစ်ပြီး အဆုတ်ကို အဓိကထိခိုက်စေသည်။ ရောဂါရှိသူနှင့် အနီးကပ်ထိတွေ့ပါက ချောင်းဆိုး၊ နှာချေရာမှ ထွက်လာသော အသက်ရှူလမ်းကြောင်းအမှုန်များမှတစ်ဆင့် လူအချင်းချင်း ကူးစက်နိုင်သည်။ စောစီးစွာ သင့်လျော်သော ပဋိဇီဝဆေးဖြင့် ကုသနိုင်သော်လည်း ကုသမှုနောက်ကျပါက အသက်အန္တရာယ် မြင့်မားနိုင်သည်။
လက်ရှိအချိန်အထိ Irkutsk တွင် အဆုတ်ပလိပ်ရောဂါ ကူးစက်ပျံ့နှံ့နေပြီဟူသော တရားဝင်အတည်ပြုချက် မရှိသေးပေ။ ဓာတ်ခွဲခန်းဝန်ထမ်းတဦး သေဆုံးမှု၊ လူ ၂၀၀ နီးပါး စောင့်ကြည့်ခံထားရမှုနှင့် ဆေးရုံအချို့တွင် ကန့်သတ်ချက်ချထားမှုတို့သည် အတည်ပြုနိုင်သည့်အပိုင်းဖြစ်ပြီး သေဆုံးမှုသည် ပလိပ်ရောဂါကြောင့်ဖြစ်သည်ဟူသော အချက်မှာမူ စိစစ်နေဆဲဖြစ်သည်။
Sources — Rospotrebnadzor, The Insider, and Russian regional news
