Monday, October 05, 2026

ပရာကျင်ပူရီ ရေဘေးအတွင်း ဝက် ၂,၀၀၀ ကျော် သေဆုံး၊ အသေကောင်များ ပုပ်ပွကာ အနံ့ဆိုး ပျံ့နှံ့


အလုပ်သမားဟစ်တိုင်၊ အောက်တိုဘာ ၅

ထိုင်းနိုင်ငံ ပရာကျင်ပူရီခရိုင်တွင် ရေကြီးရေလျှံမှု ရက်အတန်ကြာဆက်ဖြစ်နေသဖြင့် ဝက်မွေးမြူရေးခြံတခုတွင် ဝက်အကောင်ရေ ၂,၀၀၀ ကျော် သေဆုံးခဲ့ရာ အသေကောင်များ ပုပ်ပွလာသဖြင့် အနီးပတ်ဝန်းကျင်တွင် အနံ့ဆိုးများပျံ့နှံ့နေသည်။

အဆိုပါခြံသည် ရေဝင်နစ်မြုပ်နေသည်မှာ ၇ ရက်ခန့် ကြာခဲ့သည်။ ရေတက်လာချိန်တွင် ဝက်များကို ဘေးလွတ်ရာသို့ ရွှေ့ရန် ကြိုးပမ်းခဲ့သော်လည်း အားလုံးကို အချိန်မီ မရွှေ့နိုင်ခဲ့သဖြင့်ဝက်အကောင် ၂,၀၀၀ ကျော် သေဆုံးခဲ့ခြင်းဖြစ်သည်။

ဝက်အသေကောင်များသည် ရေထဲနှင့် ခြံဝန်းအတွင်း ပုပ်ပွနေပြီး အနီးဝန်းကျင်ရှိ ဒေသခံများက ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ နောက်ဆက်တွဲပြဿနာများ ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။ ဝက်အသေကောင်များကို အမြန်ဆုံး ရှင်းလင်းဖယ်ရှားပေးရန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ အကူအညီပေးရန်လည်း တောင်းဆိုထားကြောင်း Amarin TV  သတင်းဌာနက ဖော်ပြခဲ့သည်။

ပရာကျင်ပူရီခရိုင်တဝန်း ရေဘေးထိခိုက်မှုမှာလည်း ကျယ်ပြန့်လျက်ရှိရာ ခရိုင်အတွင်း မြို့နယ်၇ ခုတွင် အိမ်ထောင်စု ၅၅,၂၈၆ စု ရေဘေးသင့်ခဲ့ပြီး သေဆုံးသူ ၉ ဦးအထိ ရှိလာသည်။ ယနေ့ မနက်ပိုင်းတွင်

ပရာကျင်ပူရီမြို့ပေါ်ရှိ နေရာတချို့၌ ရေစတင်ကျဆင်းလာသော်လည်း ဘန်စောင်မြို့နယ်တွင် ရေ မျက်နှာပြင် နောက်ထပ် ၁၅ စင်တီမီတာခန့် မြင့်တက်လာသည်။လမ်းတချို့ ရေနစ်မြုပ်နေသဖြင့် ကယ်ဆယ်ရေးပစ္စည်းများကို ရထားဖြင့်ပြောင်းလဲပို့ဆောင်နေရကြောင်း Thai PBS သတင်းဌာနကဖော်ပြသည်။  


ရေဘေးသည် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများကိုပါ ထိခိုက်နေသည်။ Bang Decha ဒေသတွင်
 မွေးမြူရေးသမားတဦးသည် ဝက် ၁၉၀ ကျော်ကို ရေဝင်နေသောခြံမှ စက်တင်ဘာ ၂၉ ရက်ကတည်းက ရွှေ့ပြောင်းကာ လမ်းဘေးတွင် ယာယီခြံဆောက်၍ ထိန်းသိမ်းထားရသည်။ လက်ရှိတွင်
ပရာကျင်ပူရီဒေသတချို့ ရေလျော့လာသော်လည်း Ban Sang အပါအဝင် ရေစီးဆင်းဝင်ရောက်နေဆဲ နေရာများ ရှိသဖြင့် ရေဘေးအခြေအနေ၊ တိရစ္ဆာန်အသေကောင် ရှင်းလင်းရေးနှင့် ပတ်ဝန်းကျင်ကျန်းမာရေးဆိုင်ရာ အခြေအနေများကို ဆက်လက်စောင့်ကြည့်နေရသည်။

သတင်းရင်းမြစ် — Amarin TV၊ Thai PBS၊ TNews

ဒီသတင်းကို မျှဝေပါ Facebook