Friday, November 12, 2021

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ်(၂)မှတဆင့် တစ်ရက်ခြား (၅၀၀) ဦးနှုန်းဖြင့် မြန်မာလုပ်သားများ နေရပ်ပြန်နိုင်ရေးခွင့်ပြုပေးနေ

 


ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ်(၂)မှတဆင့် တစ်ရက်ခြား (၅၀၀) ဦးနှုန်းဖြင့် မြန်မာလုပ်သားများ နေရပ်ပြန်နိုင်ရေးခွင့်ပြုပေးနေ ကြောင်း အလုပ်သမား သံအရာရှိ ရုံး ထံက နိုဝင်ဘာလ ၁၂ ရက်တွင် သတင်း ရရှိသည်။ 



ကိုဗစ် ၁၉ ကပ်ရောဂါကာလတွင် ထိုင်းနိုင်ငံအတွင်းနေထိုင်လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနက် ဆေးရုံတက်ရောက်ကုသနေရသည့်လူနာများ၊ အကြောင်းအမျိုးမျိုးကြောင့်ဖမ်းဆီးထိန်းသိမ်းခံရသူများနှင့် ပြစ်ဒဏ်ကျခံပြီးဖြစ်၍ ပြန်လည်လွတ်မြောက်လာသူများ၊ တာ့ခ်ပြည်နယ်အတွင်း နေထိုင်လုပ်ကိုင်လျက်ရှိသော အလုပ်သမားများ နေရပ်ပြန်နိုင်ရေးအတွက် မဲဆောက်မြို့အလုပ်သမားသံအရာရှိရုံးအနေဖြင့် ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။ 




မဲဆောက်မြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ်(၂)မှတဆင့် တစ်ရက်ခြား (၅၀၀) ဦးနှုန်းဖြင့် နေရပ်ပြန်နိုင်ရေးခွင့်ပြုပေးလျက်ရှိရာ နိုဝင်ဘာလ ၁၁ ရက်တွင်ကျား(၃၀၁)ဦး၊ မ(၁၉၆)ဦး၊ စုစုပေါင်း(၄၉၇)ဦး နေရပ်ပြန်နိုင်ရေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 




ထိုသို့ ပြန်ရာတွင် ထိုင်းဘုရင့်တပ်မတော်၊ နယ်စပ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Lieutenant General Pongtep Gaewchaiyo နှင့်အဖွဲ့မှ လည်း ချစ်ကြည်ရေးတံတားအမှတ် (၂) သို့ လာရောက်၍ အလုပ်သမားသံအရာရှိနှင့်အတူ နေရပ်ပြန်မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံနှုတ်ဆက်ကာ နေရပ်ပြန်ရန်ဆောင်ရွက်ပေးနေမှုကိုကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။ 


မိုးနတ် (အလုပ်သမားဟစ်တိုင်)