Thursday, November 11, 2021

ထိုင်းနိုင်ငံ က မြန်မာ စက်ရုံလုပ်သား ၅၀၀ ခန့် ဆန္ဒပြမှု နှင့် ပတ်သက်၍ အလုပ်သမား သံအရာရှိရုံးက ဖြေရှင်း ညှိနှိုင်းပေးခဲ့


၁၀ နိုဝင်ဘာ ၂၀၂၁၊ ပရာကျွတ်၊ အလုပ်သမားဟစ်တိုင်

ထိုင်းနိုင်ငံ၊ ပရာကျွတ်ခရိုင် အသီးအနှံနှင့် စားသောက်ကုန်စက်ရုံမှ မြန်မာလုပ်သား ၅၀၀ခန့် ဆန္ဒပြမှု နှင့် ပတ်သက်၍ အလုပ်သမား သံအရာရှိရုံးက ဖြေရှင်း ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။  

ယင်းစက်ရုံတွင် မြန်မာအလုပ်သမား ၇၆၇ ဉီး၊ ထိုင်းအလုပ်သမား ၆၆၉ ဉီး၊ လာအိုအလုပ်သမား ၁၅ ဉီး၊ ကမ္ဘောဒီးယားအလုပ်သမား ၈ ဉီး စုစုပေါင်း ၁၄၅၉ ဦး အလုပ်လုပ်ကိုင်နေကာ နိုဝင်ဘာလ ၉ ရက်က စတင်ပြီး အလုပ်မဆင်းပဲ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။



မြန်မာအလုပ်သမားက စက်ရုံသို့ လာရောက်ရာတွင် ဖယ်ရီဖြင့်သာ သွားလာရပြီး ထိုင်းလူမျိုးများက မိမိအစီအစဉ်(လမ်းလျှောက်၊ စက်ဘီး၊ ဆိုင်ကယ်)ဖြင့် သွားလာနိုင်၍ ထိုင်းလူမျိုးများနည်းတူ အခွင့်အရေး ရရှိရန်၊ဖယ်ရီဖြင့် ကြိုပို့လုပ်ဆောင်ရာတွင် ဈေးသို့ ပေးမဝင်သည့် ကိစ္စ၊ စက်ရုံ ထမင်းစားခန်းမတွင် ထိုင်းလူမျိုးများသာ ဝင်ရောက်စားသောက် နိုင်ပြီး မြန်မာအလုပ်သမားများက ပြင်ပတွင် စားသောက်ရ၍ တန်းတူ အခွင့်အရေး ပေးရန်တို့ ကို တောင်းဆိုခဲ့ကြခြင်းဖြ​စ်ကြောင်း သိရသည်။

အလုပ်သားသံအရာရှိရုံး သို့ ဆက်သွယ်လာသည့် ဖြစ်စဥ်မှာ သံအရာရှိရုံး Facebook Page ၏ Message Box သို့ မောင်___ ဆိုသူက နိုဝင်ဘာလ ၇ ရက်တွင် ဆက်သွယ်ကာ ၎င်းလုပ်ကိုင်နေသော ပရာကျွတ်ခရိုင်၊ ကွီဘူရီမြို့နယ်က အသီးအနှံနှင့် စားသောက်ကုန်စက်ရုံ(Kuiburi Fruit Canning Co., Ltd)တွင် ထိုင်းလူမျိုးနှင့် မြန်မာလူမျိုးများကို ခွဲခြားဆက်ဆံမှုရှိကြောင်းနှင့် ပတ်သက်၍ အသိပေးလာကြောင်း သိရသည်။ 



ထို့ကြောင့် အလုပ်သမားသံအရာရှိနှင့် ရှေ့နေ ဉီးအောင်မျိုးသန့် (MOEAF)တို့က နိုဝင်ဘာလ ၁၁ ရက် တွင် ကွီဘူရီမြို့နယ်သို့ သွားရောက်ကာ အလုပ်သမားကာကွယ် စောင့်ရှောက်ရေးရုံး တာဝန်ခံ၊ မြို့နယ်ဉပဒေအရာရှိ၊ မြို့နယ်ကျန်းမာရေးအရာရှိ၊ အလုပ်အကိုင် ဉီးစီးဌာန ကိုယ်စားလှယ်၊ စက်ရုံ တာဝန်ခံတို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် အသီးအနှံနှင့် စားသောက်ကုန်စက်ရုံတွင် နိုဝင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက စတင်ကာ အလုပ်သမား ၅၀၀ ဉီးခန့် အလုပ်မဆင်းဘဲ နေအိမ်အဆောင်များတွင် ဆူပူမှုများ ဖြစ်ပေါ်လျှက် ရှိ၍ ထုတ်ကုန်များ ကျဆင်းခဲ့ပါကြောင်း၊ လွန်ခဲ့သော ၃ လအတွင်း ထိုင်းလူမျိုးများမှ တစ်ဆင့် COVID-19 ကူးစက်မှု များပြားလာပြီး မြန်မာလူမျိုး ကျား ၃၆၀ ဉီး၊ မ ၉၃ ဉီး ပေါင်း ၄၅၃ ဉီးကိုပါ ကူးစက်ခံခဲ့ရကြောင်း၊ ၂၀-၉-၂၀၂၁ ရက်နေ့မှ ၂၃-၁၀-၂၀၂၁ ရက်နေ့အထိ မြို့နယ်ကျန်းမာရေးရုံး၏ ညွှန်ကြားချက်ဖြင့် COVID-19 ထိန်းချုပ်ခဲ့ပြီး ၆-၁၀-၂၀၂၁ ရက်နေ့မှ စတင်၍ ရောဂါကင်းစင်ခဲ့ပါကြောင်း၊

စက်ရုံအတွင်း Sinovac(CoronoVac)ကာကွယ်ဆေးအား ၉၀.၂ ရာခိုင်နှုန်းအထိ ထိုးနှံပြီးစီးပါကြောင်း၊ ယခု ရက်သတ္တပတ်များအတွင်း ထိုင်းလူမျိုးများအနက် ရောဂါကူးစက်လာသူ ၃ ဉီး ရှိ၍ မြန်မာလူမျိုးများနှင့် ရောနှောပါက ပြန်လည်ကူးစက်လာနိုင်၍ ထမင်းစားဆောင်သို့ ပေးမဝင်ခဲ့ပါကြောင်း၊မြန်မာလူမျိုးများအား ဆိုင်ကယ်ပေးစီးပါက မြို့ပြင်သို့ ထွက်ခြင်း၊ ဤစက်ရုံ အနီး တွင် အခြားစက်ရုံများရှိပြီး မြန်မာလူမျိုးများရှိကာ ရောဂါကူးစက်မှုမြင့်မားနေ၍ အလွယ်တကူသွားရောက်ကြပါက ရောဂါကူးစက်မှုနှုန်း ပြန်လည်မြင့်မား လာမည်ကို စိုးရိမ်၍ ဆိုင်ကယ်ဖြင့် သွားလာခွင့်အား ကန့်သတ်ထားပါကြောင်း ကို လုပ်ငန်းရှင်ဘက်က ဆွေးနွေးခဲ့ရာ ထိုသို့ အကြောင်းအရင်းများရှိကြောင်းကို မြန်မာလူမျိုးများကို ပွင့်လင်းစွာ အသိပေး ကြေညာမှုမပြုလုပ်ခဲ့သည့် အားနည်းချက်ရှိပါကြောင်း၊ 



ထိုကြောင့် ဤကဲ့သို့ ပြဿနာဖြစ်ပေါ်ရသည့် အကြောင်းအရင်း ဖြစ်ပေါ်ခဲ့ကြောင်းကို အလုပ်သမားသံအရာရှိရုံးက ထောက်ပြ ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့နောက် စက်ရုံသို့ သွားရောက်၍ အလုပ်သမားကိုယ်စားလှယ် ၅ ဉီးအပါအဝင် နေအိမ်၊ အဆောင်ကိုယ်စားလှယ် ၁၆ ဉီး၊ အလုပ်ရှင်ကိုယ်စားလှယ် ၁၀ ဉီးတို့အားနေ့လည်ပိုင်း ၃ နာရီမှ ည ၆ နာရီ အထိ တွေ့ဆုံခဲ့ပြီး ဆွေးနွေးခဲ့ရာ မြန်မာအလုပ်သမားများအား တစ်ဝက်က ဖယ်ရီစီး၍ တစ်ဝက်ကို လမ်းလျှောက် / စက်ဘီးစီးပြီး စက်ရုံသို့ လာခွင့်ပြုခြင်းကို ၁ ပတ်စမ်းသပ်၍ လမ်းလျှောက်၊ စက်ဘီးစီးသည့် အုပ်စု၏ RT-PCR စစ်ဆေးကာ ရလဒ်ကောင်းမွန်ပါက ဆိုင်ကယ်စီးခွင့်အပါအဝင် အလုံးစုံ ဖြေလျော့ပေးမည်ဖြစ်ကြောင်း၊


 လတ်တလောတွင် ဈေးဝယ်ယူခြင်းကို စက်ရုံအတွင်း၌သာ  ဝယ်ယူစေ၍ ၎င်းတို့ နှစ်သက်သည့် ဈေး ရောင်းသူကို RT-PCR စစ်ဆေး၍ သတ်မှတ်ဈေးနှုန်း မပြောင်းလဲစေဘဲ နေ့အဆိုင်း၊ ညအဆိုင်းဆင်းသူအားလုံး ဝယ်ယူခွင့်ရရှိအောင် စီမံဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ထမင်းစားခန်းမအား တစ်ဝက်ပိုင်းခြား ၍ တစ်ဝက်ကို ထိုင်း၊ တစ်ဝက်ကို မြန်မာ ပေးဝင်စေမည်ဖြစ်ပြီး ထမင်းစားဆောင် ၂ ဆောင်ထပ်မံတိုးချဲ့၍ တစ်ဝက်ကို ထိုင်း၊ တစ်ဝက်ကို မြန်မာ ပိုင်းခြားပေးမည်ဖြစ်ကြောင်း၊ မြန်မာအလုပ်သမားများက ထပ်မံတောင်းဆိုသည့် လူမှုဖူလုံရေးအာမခံ စနစ်အရ သေဆုံး/ဒဏ်ရာရသူများကို နစ်နာကြေး ရရှိအောင် ဆောင်ရွက်ပေးစေလိုခြင်း၊ ဗီဇာ/Work Permit ကုန်ကျငွေကို လိုသည်ထက် ပိုမိုကောက်ခံမှု မရှိစေခြင်း၊ လုပ်ငန်းခွင်တွင် ခေါင်းမူး/ နေမကောင်းဖြစ်ပါက စက်ရုံတွင်း ဆေးခန်းတွင် ကုသလိုပြီး နေမကောင်းပါက အဆောင်သို့ ပြန်စေ၍ အနားယူစေခြင်းတို့ကိုလည်း အလုပ်ရှင်က ဆောင်ရွက်ပေးရန် သဘောတူညီကြောင်း ကို ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ကြောင်း သိရသည်။

မိုးနတ် (အလုပ်သမား ဟစ်တိုင်)