Thursday, May 20, 2021

အထူးကျေးဇူးတင်ရှိခြင်း

 




ထိုင်းရဲတပ်ဖွဲ့နဲ့ပက်သတ်ပြီး အပြစ်ပြောစရာကြုံလာချိန်ကတော့ အားမနာပပြောဆိုခဲ့ပြီးပြီ အခုလို ချီးမွှမ်းစရာရှိလာချိန်တော့ ချီးမွှမ်းသင့်တယ်လို့ ယူဆတာကြောင့် အခုလိုတင်ပြလိုက်ပါတယ်.........။

ဒီနေ့ည အလုပ်ပြန်ချိန် ဆိုင်ကယ်စက်ဖွင့်တော့ ပါဝါမီးကတတ်မလာလို့စိုးရိမ်သွားတယ် ပြန်ရမှာကလည်း ဝေးသလို ည ၈နာရီကျော်နေပြီဖြစ်သလို လိုင်ကားနဲ့အိမ်ပြန်မယ်ဆို ကား၂ဆင့်စီးရမှာဆိုတော့ စိုးရိမ်မိတာ။

တတ်သလောက်မှတ်ထားသလောက်နဲ့ ဆိုင်ကယ်ကိုပြင်ကြည့်တယ်၊မရတာနဲ့ လိုင်ကားနဲ့ပြန်မယ်ဆိုပြီး လမ်းထိပ်က ဝပ်ခဲ(ဟိန္ဒူဘုရားကျောင်း)ရှေ့မှာ လိုင်ကားသွားစောင့်နေချိန်  မိုးဖွဲဖွဲလည်းပြန်ကျလာသလို လိုင်ကားတွေလည်း မလာသေးတာနဲ့ စဉ်စားမိတယ် ဝပ်ခဲမှာလုံခြုံရေးလာစောင့်တဲ့

ထိုင်းရဲတွေကို အကူညီတောင်းကြည့်မယ်လို့ သူတို့ပြင်ပေးမရလဲ အနည်းဆုံးတော့ ဆိုင်ကယ်ပြင်သမားကို ခေါ်ပေးတာမျိုးလောက်တော့ ရလိုရငြားပေါ့ မရရင်တော့ သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်ပြီး သူ့ဆိုင်ကယ်နဲ့လိုက်ပို့ခိုင်းမယ်လို့ စိတ်ကူးပြီး ဆိုင်ကယ်ကိုပြန်ယူ လုံခြုံရေးစောင့်နေတဲ့ ထိုင်းရဲတစ်ယောက်ကို ဆိုင်ကယ်ပျက်နေလို့ ကူညီပေးလို့ရမလား ပြောပြီးအကူညီတောင်းလိုက်တာ။

ထိုင်းရဲက ဆိုင်ကယ်ကို စစ်ဆေးပြီး ဘတ္တရီကုန်ပြီး ပါဝါမပွင့်တာဖြစ်ဖို့များတယ်သေချာအောင် သူ့ကြည့်ပေးမယ်ဆိုပြီး မိုးဖွဲဖွဲကျနေတဲ့ကြားကပဲ သူ့ဆိုင်ကယ်က ဘတ္တရီကိုဖြုတ် ကျနော်ဆိုင်ကယ်ထဲပြောင်းထဲပြီး စမ်းလိုက်တာပါဝါချက်ချင်းပွင့်လာတယ်။ အဲသလို ဆိုင်ကယ်ဘတ္တရီဖြုတ်တပ်လုပ်ဖို့

သူ့ဆီမှာလည်း ဆိုင်ကယ်ပြင်တဲ့ ပစ္စည်းကိရိယာစုံစုံလင်လင်ရှိတာမဟုတ်ပဲကျနော်ဆောင်ထားတဲ့ ဝက်အူလှည့်တခုနဲ့ပဲ မဖြစ်ဖြစ်အောင်ပြုပြင်ပေးတာ။

မိုးဖွဲဖွဲကျနေချိန် ဘယ်သူမှန်းလည်းမသိ ဘယ်ကမှန်းလည်းမသိပဲ လာအကူညီတောင်းတာကို ငြင်းမယ်ဆို ငြင်းလို့ရပါလျက်နဲ့ လိုလိုလားလားအကူညီပေးလို့ အမတန်မှစိတ်ချမ်းသာရပါတယ်။

 အခုလို အခက်ခဲရောက်နေချိန် စိတ်လိုလက်ရနဲ့ကူညီပေးလိုက်တဲ့ ထိုင်းရဲကိုလှိုက်လှဲစွာဖြင့် ကျေးဇူးတင်ပါတယ်လို့ ဒီနေရာကနေ ထပ်ဆင့်ပြောပါရစေ။

စောမောင်(အလုပ်သမားဟစ်တိုင်)