#ရဝေနွယ်(အင်းမ)
★ သစ်ပင်တစ်ပင်သေသွားရင် သိပ်နှမြောတာပါပဲ။ သစ်ပင်တစ်ပင်ရဲ့တန်ဖိုးကို သစ်ပင်စိုက်ဖူးတဲ့သူမှပဲ သိပါတယ်။ သစ်ပင်တစ်ပင်ဖြစ်ဖို့ အဆင့်ဆင့်စောင့်ရှောက်ရတာပါ။ ကိုယ်က မစိုက်နိုင်ရင်တောင် မခုတ်ဖြစ်အောင်တော့ သတိထားရပါမယ်။ ★
#ကျောင်းအလှူနှင့်_သစ်ပင်အလှူ
တစ်ခါတုန်းက သာဝတ္ထိပြည်မှာ မထင်ရှားတဲ့ အမျိုးသမီးလေးတစ်ယောက် ရှိပါတယ်။ ပါဠိလိုဆိုရင်တော့ အညတရာပါ။ တစ်နေ့တော့ အဲဒီအမျိုးသမီးလေးက ကျောင်းအလှူအကျိုးကြီးမားပုံတရားကို နာရလို့ ကျောင်းလှူချင်စိတ် ဖြစ်လာပါတယ်။ ဒါကြောင့် မြတ်စွာဘုရားရှင်ကို ခွင့်တောင်းပြီး ကျောင်းဆောင်တစ်ဆောင် ဆောက်လှူပါတယ်။ အညတရာအမျိုးသမီးလေးရဲ့ နောက်ဆက်တွဲ ထူးခြားချက်ကတော့ ကျောင်းဝန်းကျင်ပတ်ပတ်လည်မှာ သရက်ပင်တွေ စီတန်းပြီး စိုက်တော့တာပါပဲ။ စိုက်ထားတဲ့ သရက်ပင်အားလုံးကို အဝတ်သစ်တွေပါ ပတ်ထားလိုက်ပါတယ်။ အောက်ခြေတွေမှာ သဲဖြူတွေခင်း၊ အဝတ်အရောင်မျိုးစုံ၊ ပန်းဆိုင်း၊ နံ့သာဆိုင်းတွေနဲ့ အလှဆင်ပြီးမှ ကျောင်းကို ရေစက်ချ လှူဒါန်းပါတယ်။ ကျောင်းအလှူနဲ့အတူ သရက်ပင်တွေပါ တွဲလှူခဲ့တဲ့ အမျိုးသမီးလေးဟာ သက်တမ်းစေ့နေပြီး ကွယ်လွန်တော့ တာဝတိံသာနတ်ပြည်မှာ ဖြစ်ရပါတယ်။ နတ်ပြည်မှာ ဘုံဗိမာန်နဲ့အတူ တွဲပေါ်လာတာက ဗိမာန်ပတ်ပတ်လည်မှာ သရက်ပင်တွေ ခြံရံပြီးပေါက်နေတော့တာပါပဲ။
(ဝိမာနဝတ္ထု အဋ္ဌကထာ၊ စာမျက်နှာ ၁၈၂)
မထင်ရှားတဲ့အမျိုးသမီးလေးရဲ့ ကျောင်းလှူပုံလေးက တစ်မျိုးဆန်းနေပါတယ်။ ကျောင်းနဲ့အတူ သရက်ပင်တွေပါ တန်းစီစိုက်လှူတာပါ။ ကုသိုလ်ပြုပုံအကျိုးဆက်ကြောင့်ပဲ နောက်ဘဝနတ်ပြည်မှာ ဖြစ်ရတော့လည်း ဗိမာန်ပတ်ပတ်လည်မှာ သရက်ပင်တွေပါ ပူးတွဲပေါက်နေပါတယ်။ သစ်ပင်မျိုးစုံရှိတဲ့အထဲက သရက်ပင်တွေကို ရွေးလှူတာဆိုတော့ အညတရာအမျိုးသမီးလေးက သရက်ပင်ကို ပိုကြိုက်လို့ ထင်ပါတယ်။ သရက်သီးပဲ ကြိုက်လို့လားမသိပါဘူး။ မဟာသုဒဿ မင်းကြီးကျတော့ ကဿပဘုရားရှင်လက်ထက်မှာ မထေရ်တစ်ပါးရဲ့ကျောင်းကို ထန်းပင်တွေ စီတန်းစိုက်လှူခဲ့ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အကြိုက်ခြင်းတော့ တူချင်မှ တူမှာပါ။ ကိုယ်ကြိုက်တာ လှူရတာက ပိုစိတ်ချမ်းသာပါတယ်။ ဒီနေ့ခေတ် အင်ဂျင်နီယာ သဘောအမြင်အရလည်း ခြံစည်းရိုး (၁၅)ပေ ပတ်လည်လောက်စီမှာ သစ်ပင်တွေစိုက်ထားရင် ပတ်ဝန်းကျင်အသံလည်း သက်သာသလို လေဒဏ်၊ ရာသီဥတုဒဏ်ကိုလည်း ကာကွယ်ပေးပါတယ်။
#သစ်ပင်တစ်ပင်စိုက်ရင်_ကျောင်းဆောင်တစ်ဆောင်_ဆောက်လှူတာနဲ့_အတူတူပါပဲ
ရှေးဆရာတော်ဘုရားကြီးတွေက သြဝါဒပေးလေ့ရှိပါတယ်။ ''သစ်ပင်တစ်ပင်စိုက်ရင် ကျောင်းဆောင်တစ်ဆောင် ဆောက်လှူတာနဲ့ အတူတူပါပဲ''တဲ့။ ဒီတော့ဘာမှ အားငယ်စရာ မလိုပါဘူး။ ကိုယ်က ကိုယ့်အခြေအနေအရ ကျောင်းဆောက်မလှူနိုင်ပေမယ့် သစ်ပင်တော့ စိုက်လှူလို့ ရပါတယ်။ သစ်ပင်ကတော့ လူတိုင်းစိုက်နိုင်ကြတာပါပဲ။ စိုက်မယ်ဆို အပင်တစ်ရာမကတောင် စိုက်လှူလို့ရပါတယ်။ စိုက်စရာနေရာတွေက နိုင်ငံလိုအပ်ချက်အရ အများကြီးပါ။ အဝေးပြေးလမ်းမကြီးတစ်လျှောက်၊ ကိုယ့်ရပ်ကွက်လမ်းတစ်လျှောက်၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း စသည်ဖြင့် အများကြီးပါ။ အထူးသဖြင့် လွယ်လွယ်နဲ့ အဖြစ်မြန်တဲ့ ကုက္ကိုပင်လိုသစ်ပင်မျိုး စိုက်လည်းရပါတယ်။ မိုးဦးကျစိုက်ထားလိုက်ရင် သိပ်လည်း ဂရုစိုက်စရာမလိုပါဘူး။ စိုက်တုန်းက တစ်ထွာတစ်တောင်လောက်ပါပဲ။ ၄-၅ နှစ်ကြာတဲ့အခါ ပေ ၂ဝ လောက် ဖြစ်ပြီး မြင်ကွင်းက တကယ့်အားရကျေနပ်စရာကြီးပါ။ တစ်နှစ်ကို အပင်နှစ်ဆယ်နှုန်းနဲ့ စိုက်သွားရင် ဆယ်နှစ်ပြည့်ရင် အပင်ပေါင်း နှစ်ရာတောင် ဖြစ်သွားမှာပါ။ ဒါဆို ကျောင်းပေါင်းနှစ်ရာ ဆောက်လှူလိုက်တာပါပဲ။ ဒီတော့ ကိုယ်ကြိုက်တဲ့ သစ်ပင်လေးတွေကို ''သစ်တစ်ပင် ကျောင်းတစ်ဆောင်''လို့ နှလုံးသွင်းပြီး စိုက်သွားရုံပါ။ ဒါဆို သစ်ပင်ကို ဘယ်ကစစိုက်မလဲဆိုရင် ကိုယ့်အိမ်ကအရင်စစိုက်သွားရုံပါပဲ။
#သစ်ပင်စိုက်တဲ့ကုသိုလ်
သစ်ပင်စိုက်တဲ့ကုသိုလ်ဟာ နေ့နေ့ညည ကုသိုလ်ရနေတဲ့ ကုသိုလ်(၆)မျိုးထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ မြတ်စွာဘုရားက နေ့နေ့ညည ကုသိုလ်ရနေတဲ့ ကုသိုလ်(၆)မျိုးကို သံယုတ်ပါဠိတော် ဝနရောပသုတ်မှာ ဟောပြထားပါတယ်။ ကုသိုလ်(၆)မျိုးက -
(၁) ဥယျာဉ်
(၂) သစ်ပင်
(၃) ရေချမ်းစင်
(၄) တံတား
(၅) ရေကန်
(၆)ကျောင်းဆောင်ပါ။
ဒီကုသိုလ်(၆)မျိုးထဲက တစ်ခုခုလှူတဲ့သူပဲဖြစ်ဖြစ် ဒါမှမဟုတ် နှစ်ခုသုံးခုလှူတဲ့သူပဲဖြစ်ဖြစ် နေ့ကော ညကော ကုသိုလ်တွေ တိုးနေပါတယ်တဲ့။ ဒါတင်မကပါဘူး၊ သေလွန်တဲ့အခါမှာလည်း နတ်ပြည် သုဂတိကို ရောက်ရပါတယ်တဲ့။ ကုသိုလ်(၆)မျိုးစလုံးက အများအတွက် အကျိုးပြုတဲ့ ကုသိုလ်တွေချည်းပါပဲ။
ဥယျာဉ်အရ ပန်းဥယျာဉ်နဲ့ သစ်သီးဥယျာဉ်ကို ယူရပါမယ်။ သစ်ပင်အရတော့ အများနားခိုဖို့ အရိပ်ရအပင်ကြီးတွေကို ယူရပါမယ်။ ကုသိုလ်(၆)မျိုးကို -
''ဥယျာဉ်သစ်ပင်၊ ရေချမ်းစင်၊ တစ်ခွင်တံတားပေ။
ရေကန် ကျောင်းဆောင်၊ ဤခြောက်ဆောင်၊ လူ့ဘောင်သုံးဆောင်ရာ။
နေ့နေ့ညည၊ ကုသိုလ်ရ၊ ဗုဒ္ဓ္ဓမိန့်မှာတာ။'' ဆိုတဲ့ လင်္ကာလေးနဲ့ မှတ်ထားလိုက်လည်း ရပါတယ်။
ဒီနေရာမှာ အဋ္ဌကထာအဖွင့်နဲ့ ဋီကာအဖွင့်လေးက သိပ်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သစ်ပင်စတဲ့အလှူတွေ လှူရင် အမြဲကုသိုလ်တွေ ဖြစ်နေသလားဆိုတော့ အဋ္ဌကထာဆရာက အိပ်ပျော်နေတဲ့အချိန်ရယ်၊ ကာမဂုဏ်စိတ်တွေ ဖြစ်နေတဲ့အချိန်ရယ်မှာတော့ ကုသိုလ်မဖြစ်ပါဘူးတဲ့။ နောက်တစ်ခါ ဋီကာဆရာက အိပ်ပျော်နေတဲ့အချိန်ရယ်၊ ကာမဂုဏ်စိတ်တွေဖြစ်နေတဲ့အချိန်ရယ်ကလွဲရင် ကျန်တဲ့အချိန်တွေမှာ ကုသိုလ်တွေဖြစ်နေသလားဆိုတော့ အဲဒီလိုလည်း မဟုတ်ပါဘူးတဲ့။ ကျေနပ်တဲ့ကုသိုလ်တစ်ခုခုကိုပြုပြီး ပြန်ပြန် သတိရနေတိုင်း ကုသိုလ်တွေ တိုးတိုးနေပါတယ်တဲ့။ ကောက်ချက်ချရရင်တော့ ကိုယ်ပြုတဲ့ကုသိုလ်ကို ပြန်ပြန်သတိရနေရမှာဖြစ်သလို ပြန်ပြန်သတိရနေတိုင်း ကုသိုလ်တွေတိုးတိုးနေတဲ့သဘောပါ။
သစ်ပင်စိုက်တဲ့ကုသိုလ်ဟာ လောကီသဘောကပဲကြည့်ကြည့်၊ လောကုတ္တရာသဘောကပဲကြည့်ကြည့် ကိုယ့်အတွက်ကော၊ ကိုယ့်ဝန်းကျင်က လူသားတွေအတွက်ကော၊ တိရစ္ဆ္ဆာန်တွေအတွက်ကော ကောင်းကျိုးတွေဖြစ်နေတာပါ။ ဒီခေတ်ပြောနေကြတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်လည်း အများကြီးအထောက်အကူဖြစ်နေတာပါ။
#လေသန့်အလှူ_အအေးဓာတ်အလှူ_မိုးအလှူ
သစ်ပင်သစ်တောတွေ ရှိနေရင် ရေငွေ့ပျံမှုများပြီး အအေးဓာတ်တွေဖြစ်ပါတယ်။ အဲဒီအအေးဓာတ်တွေကြောင့် မိုးရွာသွန်းမှုကို ဖြစ်စေပါတယ်။ ပြီးတော့ သစ်ပင်တွေက လေထုညစ်နွမ်းမှုကို စုပ်ယူပြီး လေကို သန့်စင်ပေးပါတယ်။ ဒါဆို လေသန့်အလှူ လှူရာလည်းရောက်ပါတယ်။ ရေသန့်လိုအပ်သလို လေသန့်လည်း လိုအပ်တာပါပဲ။ သစ်ပင်တွေရှိနေရင် နွေရာသီဆို အပူသက်သာပြီး အအေးဓာတ်ရနေတာကတော့ ထင်ရှားတဲ့ သာဓကတစ်ခုပါပဲ။ သစ်ပင်သစ်တောတွေ မရှိတော့ဘူးဆိုရင် မိုးလည်းခေါင်ပါတယ်။ မိုးခေါင်ရင် တောင်သူလယ်သမားတွေအတွက်လည်း သိပ်ဒုက္ခရောက်ရပါတယ်။ မိုးရွာခြင်း၊မိုးခေါင်ခြင်း နှစ်ခုနဲ့တင် သစ်ပင်ကစိုက်သင့်နေပါပြီ။
#လောကီ_လောကုတ္တရာ_ကောင်းကျိုးနှစ်ခု
သစ်ပင်စိုက်တာဟာ ကိုယ့်နိုင်ငံအတွက်လည်း လိုအပ်သလို သံသရာခရီးအတွက်လည်း လိုအပ်ပါတယ်။ လောကီ လောကုတ္တရာ ကောင်းကျိုးနှစ်ခု ဖြစ်နေတာပါ။ ''သစ်တစ်ပင် ကျောင်းတစ်ဆောင်''ကို အာရုံပြုလိုက်ရင် တကယ့်စိုက်ချင်စရာပါပဲ။ သစ်ပင်စိုက်ပြီးတိုင်းလည်း ''ဤသစ်ပင်စိုက်ရသော ကုသိုလ်ကောင်းမှုသည် နိဗ္ဗာန်၏အထောက်အပံ့ ဖြစ်ပါစေ'' လို့ အမြဲဆုတောင်းပေးရမှာပါ။ ပြီးတော့ ကိုယ်စိုက်ထားတဲ့ သစ်ပင်တွေကိုလည်း ပြန်ပြန်သတိရနေရပါမယ်။ ပြန်ပြန်သတိရနေရင် ကုသိုလ်တွေ ထပ်ထပ်တိုးနေတာပါ။ အထူးသဖြင့် သစ်ပင်စိုက်တာဟာ နိဗ္ဗာန်ရဲ့အထောက်အပံ့ ပါရမီကောင်းတွေပါ။
လောကမှာ ပြောတတ်ကြပါတယ်။ ''တစ်ရက်ပျော်ချင် အရက်သောက်၊ တစ်နှစ်ပျော်ချင် မိန်းမယူ၊ တစ်သက်လုံး ပျော်ချင် သစ်ပင်စိုက်ပါ''တဲ့။ လောကစကားတွေဟာ သဘာဝတွေကို အခြေခံပြီး ပေါ်ပေါက်လာတာဆိုတော့ မှန်တာရှိသလို မှားတာလည်းရှိတတ်ပါတယ်။ ရှေ့နှစ်ခုကိုတော့ မပြောလိုတော့ပါဘူး။ နောက်ဆုံးဖြစ်တဲ့ တစ်သက်လုံးပျော်ချင်ရင် သစ်ပင်စိုက်ကတော့ တကယ့်လက်တွေ့ပါပဲ။ စိုက်တုန်းက ဘာမှမဟုတ်ပေမယ့် အရွယ်ရောက်လာလို့ စိမ်းစိမ်းစိုစို အရွက်အုံ့အုံ့ဆိုင်းဆိုင်းဖြစ်လာတဲ့အခါ သိပ်စိတ်ချမ်းသာဖို့ ကောင်းတာပါ။ ဒီတော့ သစ်ပင်စိုက်တာဟာ စိတ်ချမ်းသာဖို့အတွက်ကော၊ ပါရမီကုသိုလ်ဖြစ်ဖို့အတွက်ကော၊ နောင်သံသရာအတွက်ကော၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်ကော ကောင်းကျိုးတွေချည်းပါပဲ။
#သစ်ပင်ကို_မဖြစ်မနေစိုက်ကြရမှာပါ
တချို့အလှူဒါနတွေကျတော့ အခြေခံလူတန်းစားတစ်ယောက်အနေနဲ့ ပြုဖို့မလွယ်လှပါဘူး။ သစ်ပင်စိုက်ပြီးကုသိုလ်ယူတာကတော့ လူတိုင်းပြုလို့ရတဲ့ကုသိုလ်ပါ။ ရည်ရွယ်ချက်တစ်ခုထားပြီး သစ်ပင်စိုက်ရင်း ပါရမီဖြည့်သွားရင် နိဗ္ဗာန်ရဲ့အထောက်အပံ့ဖြစ်ရုံတင် မကပါဘူး။ နောက်ဘဝတွေမှာလည်း ကောင်းမြတ်တဲ့သုဂတိဘုံကို ရောက်ရဦးမှာပါ။ ကိုယ်က ကျောင်းလည်းဆောက်လှူနိုင်တယ်ဆိုရင်တော့ မထင်ရှားတဲ့အမျိုးသမီးလေးလို သစ်ပင်ပါတွဲစိုက်ရင် အတိုင်းထက်အလွန်ပါပဲ။ လက်ရှိမြန်မာနိုင်ငံမှာ သစ်ပင်တွေ တော်တော်ပြုန်းတီးကုန်ပြီဆိုတာ လူတိုင်းသိပါတယ်။ နိုင်ငံလိုအပ်ချက်အရကော၊ ကုသိုလ်ပါရမီအရကော မဖြစ်မနေ စိုက်ကြရမှာပါ။
#လွင်တီးခေါင်နဲ့_ရာသီဥတုပူလောင်မှုတွေကို_အမွေအဖြစ်_ပေးခဲ့တဲ့သဘောဖြစ်သွားပါတယ်
စာရေးသူ မူဆယ်၊ ရွှေလီဘက်ရောက်တော့ မြန်မာပြည်ထဲက လူသုံးလေးယောက်လောက် ဖက်လို့ရတဲ့
သစ်ပင်ကြီးတွေကို အကိုင်းအခက်တွေဖြတ် မြေအလုံးအလိုက်တူးပြီး တရုတ်ပြည်ထဲကို ကားကြီးတွေနဲ့ သယ်နေတာတွေ့ရတော့ ကားခဏရပ်ပြီး ကြည့်ဖြစ်ပါတယ်။ ပြီးတော့ ဒီအပင်ကြီးတွေကို သူတို့ဘယ်လိုများ ရှင်အောင်စိုက်သလဲဆိုတာသိချင်လို့ သူတို့စိုက်ထားတဲ့နေရာအထိ သွားကြည့်ခဲ့ပါတယ်။ တောင်ကုန်းပြေပြေနဲ့လမ်းတစ်လျှောက်မှာ စိုက်ထားတာ တွေ့ခဲ့ရပါတယ်။
ဒီလောက်ကြီးတဲ့သစ်ပင်ကြီးတွေကို ရှင်အောင်စိုက်နိုင်တာ ချီးကျူးမိပေမယ့် စိတ်တော့မချမ်းသာလှပါဘူး။ ရှေးလူကြီးတွေက ရည်ရွယ်ချက်ရှိရှိနဲ့ စိုက်ခဲ့ကြပေမယ့် နောက်လူတွေက လက်တလော ငွေတစ်ခုကိုကြည့်ပြီး ရောင်းထုတ်လိုက်တော့ နောင်အနာဂတ် သားစဉ်မြေးဆက်တွေအတွက် လွင်တီးခေါင်နဲ့ ရာသီဥတုပူလောင်မှုတွေကို အမွေအဖြစ် ပေးခဲ့တဲ့သဘောဖြစ်သွားပါတယ်။ ပြီးတော့ တိုင်းပြည်အတွက်လည်း အများကြီး နစ်နာရပါတယ်။ အပင်လိုက် အမြစ်ကနေ ချွတ်ယူသွားတဲ့ မြင်ကွင်းတွေဟာ တကယ့်စိတ်မချမ်းသာစရာတွေပါပဲ။
#သစ်ပင်ကို_ကိုယ်က_မစိုက်နိုင်ရင်တောင်_မခုတ်ဖြစ်အောင်တော့_သတိထားရပါမယ်
စာရေးသူရဲ့ကျောင်းမှာ သစ်ပင်တွေစိုက်လိုက်တာ တောအုပ်နီးနီးတော့ ဖြစ်ပါပြီ။ ဒါပေမဲ့ စိုက်ခဲ့တဲ့သစ်ပင် တွေထဲက သုံးပုံနှစ်ပုံပဲရှင်ပြီး တစ်ပုံလောက်က သေဆုံးသွားရတာပါ။ သစ်ပင်တစ်ပင်သေသွားရင် သိပ်နှမြောတာပါပဲ။ သစ်ပင်တစ်ပင်ရဲ့တန်ဖိုးကို သစ်ပင်စိုက်ဖူးတဲ့သူမှပဲ သိပါတယ်။ သစ်ပင်တစ်ပင်ဖြစ်ဖို့ အဆင့်ဆင့်စောင့်ရှောက်ရတာပါ။ ကိုယ်က မစိုက်နိုင်ရင်တောင် မခုတ်ဖြစ်အောင်တော့ သတိထားရပါမယ်။ ဒါတွေကတော့ အသိတရားနဲ့ပဲ ရှောင်ရမှာပါ။
#နေရာအလှူ
သစ်ပင်က လူသားတွေအတွက်တင် မဟုတ်ပါဘူး။ သစ်ပင်ကို အမှီပြုပြီးနေတဲ့ ငှက်ကလေးတွေ သဘာဝတိရစ္ဆ္ဆာန်တွေအတွက်လည်း နေရာအလှူဖြစ်တာပါ။ သစ်ပင်တွေခုတ်လိုက်ရင် ငှက်ကလေးတွေမှာလည်း နေစရာ နားခိုစရာ အခက်အခဲဖြစ်သွားပါလိမ့်မယ်။ ဘာပဲပြောပြော သစ်ပင်တစ်ပင် စိုက်လိုက်တာဟာ ကျောင်းတစ်ဆောင် ဆောက်လှူလိုက်တာနဲ့ အတူတူပါပဲလေ။
#ရဝေနွယ်(အင်းမ)
ကျမ်းကိုး
၁။ သဗ္ဗမင်္ဂလာ ဓမ္မဒေသနာ - အရှင်ဝါသဝါဘိဝံသ။
၂။ ရေ၊ မြေ၊ လေ၊ ဇီဝ မပျက်ယွင်းစေဖို့ - ဒေါက်တာဇော်မြင့်နီ။
၃။ အင်တာနက်သတင်းများ။
Credit to News Watch ဂျာနယ် (၁၃-၁-၂၀၁၅)