Thursday, March 18, 2021

အာဏာသိမ်းလေးဆယ့်ငါးရက်ပြည့်နှင့် မြန်မာပြည်သူများ

 



အာဏာသိမ်းခြင်းနှင့် ၇၂နာရီဂျင်း

ဖေဖော်ဝါရီလ ၁ရက်နေ့မှာ အားလုံးသိကြတဲ့အတိုင်း ၂၀၁၀ ကနေ စတင်ပြီး ၁၀နှစ်လုံးလုံး တည်ဆောက်ခဲ့တဲ့ ဒီမိုကရေစီ တံတိုင်းကြီး ကျိုးပျက်ခဲ့ပါတယ်။ ပြည်သူတွေဟာ ရွေးကောက်ပွဲမှာ‌ မဲပေးခဲ့တဲ့ လက်သန်းကမှင်တောင် မပျက်ခင်မှာပဲ မဲပေးခဲ့တဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးခံခဲ့ရပါတယ်။ ဒီအချိန် နေပြည်တော်မှာလည်း နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံတော် သမ္မတကြီးနှင့် ပြည်ထောင်စု ၀န်ကြီးများ၊ပြည်နယ်နှင့် တိုင်းဒေကြီး ၀န်ကြီးချုပ်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပါတီခေါင်းဆောင်ပိုင်းတွေကို  စစ်တပ်မှ ထိမ်းသိမ်းခဲ့ပါတယ်။

အာဏာစတင် သိမ်းသိမ်းခြင်းမှာပဲ ဘယ်ကဘယ်လို ထွက်လာမှန်းမသိတဲ့ ၇၂နာရီအတွင်း ပြည်သူတွေကနေ ဆူပူလှုံ့ဆော်မှုမရှိရင် အဏာသိမ်းမှု အထမမြောက်ဘူးဆိုတဲ့ အသံတွေနဲ့အတူ မဲမသာမာမှု‌ကြောင့်သာဆို ခေါင်းဆောင်ပိုင်းမှာ အချင်းချင်းဖြေရှင်းပြီး ပြီးသွားလိမ့်မယ်ဆိုတဲ့‌ မျှော် လင့်ချက်နဲ့ ဖေ‌ဖော်ဝါရီလ ၁ရက်နေ့ကနေ ၃ရက်နေ့အထိ မြန်မာ ပြည်သူတွေဟာ ငြိမ်သက်လျှက်ရှိပါတယ်။ ၇၂နာရီဂျင်းမိတာ ကောင်းတဲ့ရလာဒ်တွေလဲ ရှိလာပါတယ်။ စစ်ကောင်စီဟာ အာဏာသိမ်းမှုကို အောင်မြင်အောင် လုပ်နိုင်မယ်လို့ မျှာ်လင့်ချက်ရှိနေသလား ဒါမှမဟုတ် ယုံကြည်မှုလွန်ကဲနေသလား ဆိုတဲ့ အချက်ကတော့ နေပြည်တော် စည်ပင်ရိပ်သာထဲမှာ ထိမ်းသိမ်းထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို လွှတ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။

ဒီလိုလွှတ်ပေးလိုက်လို့ တစ်နိုင်ငံလုံးမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကနေပဲ CRPH က ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။ ပြည်သူတွေဟာ ၇၂နာရီဂျင်းမိသွားပြီးနောက် စစ်တပ်ကနေဦးဆောင်တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို စတင်ဖွဲ့စည်းပြီး ကောင်စီအဖွဲ့၀င်တွေ ထုတ်ပြန်ခြင်းနှင့် သက်ဆိုင်ရာနယ်ပယ်တွေအတွက် ၀န်ကြီး‌တွေကို တာ၀န်ပေးပြီး အမိန့်တွေ တစ်ခုပြီး တစ်ခု ထုတ်ပြန်လာတဲ့ အချိန်မှာတော့ စတင်အာဏာဖီဆန်ဖို့အတွက် ပြည်သူတွေက ကြိုးစားလာကြပါတော့တယ်။ ထင်ရှားတဲ့ လှုပ်ရှားမှုကတော့ ဖေဖော်ဝါရီ ၃ရက်နေ့ ည၈နာရီ မှာ သံပုံးတီးပြီး စစ်ကောင်စီအား အလိုမရှိကြောင်း ပြသခဲ့ပြီး Drum Revolution အဖြစ်ကမ္ဘာက အသိအမှတ် ပြုခဲ့ကြပါတယ်။

ဖေဖော်ဝါရီလ ဒုတိယအပါတ်နှင့် သိန်းချီပြည်သူများ

ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ အလုပ်သမားတွေနဲ့ အတူ မအိသင်ဇာမောင်ဦးဆောင်တဲ့သပိတ်စစ်ကြောင်း တစ်ခု ရန်ကုန်မှာ ထွက်ပေါ်လာသလို မန္တလေးမှာလဲ ကိုတေဇာစန်းဦးဆောင်တဲ့ သပိတ်စစ်ကြောင်းတွေ ထွက်ပေါ်လာပြီးနောက် နေ့စဉ်ရက်ဆက်ဆိုသလို သောင်းချီ သိန်းချီတဲ့ လူတွေဟာ  လမ်းမပေါ်ကို ထွက်လာပြီး အာဏာသိမ်းစစ်ကောင်စီကို ‌ပြောင်ပြောင်တင်းတင်း ဆန့်ကျင်လာပါတော့တယ်။ တစ်ဖက်မှာလဲ CDM လှုပ်ရှားမှုတွေ အရှိန်ပိုမြှင့်လာတာကို တွေ့မြင်ခဲ့ရပါတယ်။

ဖေ‌ဖော်ဝါရီလ ပထမအပါတ်မှာ ၀န်ထမ်းတွေ အနေနဲ့ ဖဲကြိုးနီ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဒုတိယ အပတ်ထဲမှာ ၀န်ကြီးဌာနပေါင်းစုံမှ CDM သပိတ်စစ်ကြောင်းတွေ မြန်မာတစ်နိုင်ငံလုံးအနှံ့ ထွက်ပေါ်လာခဲ့ပြီး ပြည်သူများလဲ CDM လုပ်သူများကို ပြန်လည် ၀န်းရံခဲ့ကြပါတယ်။ရန်ကုန် မ‌န္တလေးနှင့် နယ်မြို့တွေမှာ စစ်ကောင်စီ အလိုမရှိကြောင်း ပြသတဲ့ သင်္ကေတအဖြစ် လက်သုံးချောင်းထောင်တဲ့ လှုပ်ရှားမှုနဲ့ ကား ဟွန်းတွေ ပြိုင်တူတီးတာတွေကိုလည်း မြန်မာပြည်သူများ ညီညွှတ်စွာ ပြုလုပ်ခဲ့ကြပါတယ်။

ဖေ‌ဖေါ်ဝါရီလ ၆ရက်နေ့မှာတော့ မြ၀တီ မြို့မှာ ဆန္ဒပြ ပြည်သူတွေကို ရဲတပ်ဖွဲ့မှ စတင်လူစုခွဲပြီး ဆန္ဒပြသူတစ်ချို့ကို ဖမ်းဆီးကာ ခံ၀န်နဲ့ ပြန်လွှတ်ပေးတာတွေ ရှိခဲ့ပါတယ်။ စစ်ကောင်စီဟာ မြန်မာတစ်နိုင်ငံလုံးကို ပုဒ်မ ၁၄၄ နဲ့ ညမထွက်ရ၊ လူငါးဦးထက် ပိုမစုရဆိုတဲ့ အမိန့်တွေကို ဆက်တိုက် ထုတ်ပြန်လာခဲ့ပေမဲ့ ရန်ကုန်မြို့ ဆူးလေ‌လမ်းမကြီးပေါ်နဲ့ ‌မြေနီကုန်း၊ လှည်းတန်းမီးပွိုင့် စတဲ့နေရာတွေမှာ မြန်မာပြည်သူတွေဟာ နေ့စဉ်ရက်ဆက် စုဝေးဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။အဖွဲ့အစည်းအသီးသီးက ကိုယ်စားပြုသပိတ်စစ်‌ကြောင်းများ အနုပညာရှင်များ ပါဖော့မန့်များ တိုင်းရင်းသား သပိတ်စစ်ကြောင်းများ အပါအ၀င် အကြောင်းအရာမျိုးစုံ နည်းလမ်းမျိုးစုံ သရုပ်ပြမှုမျိုးစုံ လူထုလူတန်းစားပေါင်းစုံ ပါ၀င်တဲ့ သပိတ်တွေဟာ အသီးသီး ထွက်ပေါ်လာခဲ့ကြပြီးနောက် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံ အသီးသီးကပင် ရင်သပ်ရှုမောဖွယ်ရာ အဖြစ် ကမ္ဘာ့ကိုဗစ်သတင်းတွေကို ကျော်ပြီး မြန်မာ့ ဒီမိုကရေစီ တိုက်ပွဲသတင်းတွေက နေရာယူထားခဲ့ကြပါတယ်။ ထူးခြားတဲ့ လှုပ်ရှားမှုတွေကတော့ ဖေဖေါ်ဝါရီလ ၁၇ရက်နေ့မှာ သန်းချီစုဝေး အမေစု လွတ်မြောက်ရေး ဆိုတဲ့ကြွေးကြော်သံတွေနဲ့ ရန်ကုန်မြို့လမ်းမတွေမှာ လူပင်လယ်ကြီး ဖြစ်စေခဲ့တာပါ။ တစ်ချိန်ထဲမှာပဲ ရန်ကုန်မြို့ကြီးနှင့် အတူ မြန်မာတစ်နိုင်ငံလုံး မြို့ကြီး မြို့ငယ် နယ်မြို့များမှ လူထုလှုပ်ရှားမှုများ အားပိုကောင်းလာခဲ့ပါတယ်။ဝါရင့်နိုင်ငံ‌ေရးသုံးသပ်သူတစ်ချို့ကတောင် ဒီလှုပ်ရှားမှုတွေကို နိုင်ငံရေးကထိန် လှည့်သလို ဖြစ်နေတယ်လို့ ဝေဖန်ပြောဆို ခဲ့ကြတဲ့ အထိပါပဲ။


ဖေဖေါ်ဝါရီလ တတိယ အပါတ်နှင့် အကြမ်းဖက် ဖြိုခွဲမှုများ

အာဏာသိမ်းစစ်ကောင်စီဟာ သပိတ်စစ်ကြောင်းတွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေနဲ့ ဆန္ဒပြသူတွေကို ဖမ်းဆီးမှုတွေကို ဖေဖေါ်ဝါရီလ တတိယ အပတ်တွေထဲမှာ ဆက်တိုက်ပြုလုပ် လာခဲ့ပါတယ်။ လူသေဆုံးမှုတွေအထိ ဖြစ်ခဲ့တဲ့ ဖြိုခွင်းမှုတွေကတော့ ဖေဖေါ်ဝါရီလ ၉ရက်နေ့ နေပြည်တော်မှာ ပြစ်ခတ်ဖြိုခွင်းခဲ့မှုပဲ ဖြစ်ပါတယ်။ ၎င်း ပြစ်ခတ်ဖြိုခွင်းမှုကြောင့် ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ဟာ ဖေဖေါ်ဝါရီလ ၁၉ရက်နေ့မှာတော့ ရဲတပ်ဖွဲ့မှ ပြစ်ခတ်ခဲ့တဲ့ ဦခေါင်းကျည်ထိ ဒဏ်ရာကြောင့် သေဆုံးခဲ့ပါတယ်။ ထို့နောက် ဖေဖေါ်ဝါရီလ ၂၀ရက်နေ့ မန္တလေး ကမ်းနားလမ်းမှာ ဆန္ဒပြပြည်သူတွေကို ကျည်အစစ်တွေနဲ့ စတင်ပြစ်ခတ်ဖြိုခွဲမှုတွေနဲ့ ညဘက်တွေမှာ မန္တလေး မီးရထား၀င်းကို အကြောင်းမဲ့လာရောက် ပြစ်ခတ်မှုတွေကို စစ်ကောင်စီက ပြုလုပ်ခဲ့ပါတယ်။ လူသေဆုံးမှုတွေနဲ့ အကြမ်းဖက်ပစ်ခတ် ဖြိုခွဲမှုတွေ ဆက်တိုက်ရှိလာခဲ့ပေမဲ့ GenerationZ လူငယ်တွေနဲ့ ပြည်သူတွေဟာ လူစုခွဲလိုက် ပြန်စုလိုက်နဲ့ စစ်ကောင်စီကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အာဏာသိမ်းမှု အလိုမရှိ ကြောင်း ထပ်ခါထပ်ခါ ဆန္ဒပြလျှက် ရှိပါတယ်။


ဖေဖေါ်ဝါရီလ နောက်ဆုံးပတ်နဲ့ Milk Tea Alliance

ဖေဖေါ်ဝါရီလ ၂၂ရက်နေ့ မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြိုင်တူစုရုံး ၂၂၂၂၂ သပိတ်တွေနဲ့ လူထုအုံကြွမှုတွေဟာ ဆက်လက်အားကောင်းနေဆဲ ဖြစ်ပြီး နှစ်ငါးလုံး သပိတ် ဖြစ်ပေါ်လာနိုင်ဖို့အတွက် ဆိုင်တွေ ရုံးတွေ ဈေးတွေ အကုန်ပိတ်ပြီး ပြည်သူတွေအားလုံး လမ်းပေါ်ထွက်လာကြပြီး ရန်ကုန်မြို့မှာရှိတဲ့ သံ‌ရုံးတွေရှေ့မှာ ပြည်သူတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြလျက်ရှိပါတယ်။ ဖေဖေါ်ဝါရီလ ၂၅ရက်နေ့မှာလည်း ပုံစံတစ်မျိုးနဲ့ မြန့်မာ့သနပ်ခါးသပိတ်ဆိုပြီး ထွက်ပေါ်လာကြပါသေးတယ်။ အကြမ်းဖက်ဖြိုခွင်းမှုတွေနဲ့ သတင်းသမားတွေကို တားမြှစ်ဖမ်းဆီးမှုတွေကို ဖေဖေါ်ဝါရီလနောက်ဆုံး အပတ်မှာ စစ်ကောင်စီဘက်က အရှိန်မြှင့် ဆောင်ရွက်လာသလို ပြည်သူများဘက်မှလဲ ရန်ကုန် မန္တလေး မြစ်ကြီးနား မုံရွာ စတဲ့ မြို့ကြီးတွေနဲ့အတူ တောရောမြို့နယ်လေးများ မကျန် ဆက်လက်ဆန္ဒပြလျှက်ရှိပြီး ထူးခြားတဲ့ အံတုမှုအဖြစ် Milk Tea Alliance ဆိုပြီး မြန်မာနိုင်ငံ အပါအ၀င် ခြောက်နိုင်ငံမှ ပြည်သူများပူးပေါင်းလှုပ်ရှားမှု အဖြစ်ဖေဖေါ်ဝါရီလ ၂၈ရက်နေ့ မှာ ‌ကြေငြာခဲ့ပါတယ်။ ထိုင်၀မ် ဟောင်ကောင် ထိုင်း မြန်မာ အင်ဒိုနီးရှားနဲ့ အန္ဒိယ နိုင်ငံ ပါ၀င်သော ခြောက်နိုင်ငံ ပူးပေါင်းလှုပ်ရှားမှုဆိုတဲ့ သပိတ်တွေလဲ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီသပိတ်တွေမှာလဲ ပြည်သူသိန်းနဲ့ချီ ပါ၀င်ခဲ့ပါတယ်။ဖေဖေါ်ဝါရီလ ၂၆ရက်နေ့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှုးအသစ်တွေကို စစ်ကောင်စီက အန့်အပ်မှု‌တွေရှိပေမဲ့ ပြည်သူတွေက CRPH လမ်းညွှန်ချက်နဲ့ အညီ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းကာ ရပ်ကွက်အုပ်ချုပ်ရုံးတွေကို ပိတ်ပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရား မလည်ပတ်နိုင်အာင် တားဆီးခဲ့ကြပါတယ်။ 

မတ်လ ပထမပါတ် ပြန်လည်ခုခံခြင်း

လူသေတဲ့အထိ ဖြိုခွင်းမှုတွေရှိနေတဲ့ ရန်ကုန်လမ်းမတွေနဲ့အတူ နေရာတစ်ခုထဲမှ စုစည်းပြီးဆန္ဒပြမှုတွေ မရှိတော့ပေမဲ့ မြို့နယ်အလိုက် ဆန္ဒပြမှုတွေ ဆက်ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။ မြို့နယ် အလိုက်ဆန္ဒပြပွဲတွေနဲ့အတူ ပြည်သူတွေဟာ လမ်းတွေကို ပိတ်ဆို့ပြီး ခုခံကာကွယ်တာတွေကို စတင်လုပ်ဆောင်လာကြပြီး မျက်ရည်ယိုဗုံးတွေ အသံဗုံးတွေကိုလည်းအတော်အသင့် ခံနိုင်ရည် ရှိလာကြပါတယ်။မျက်ရည်ယိုဗုံးတွေ အသံဗုံးတွေကို ပြန်လည်ခုခံဖို့ အဆုတ်အတက်တွေ စနစ်တကျ လုပ်ကြဖို့နဲ့ ဘေးကင်းရာကို ခိုလှုံနိုင်ကြဖို့ ပြည်သူတွေဟာ အချင်းချင်းသင်ယူကာ သတင်းအချက်အလက် ဖလှယ်ပြီး စနစ်ကျတဲ့ ခုခံနည်းတွေ တတ်မြောက်လာခဲ့ကြပါတယ်။ညဘက်တွေမှာလည်း စစ်ကောင်စီရဲ့ လက်နှက်ကိုင်တပ်တွေက ဆန္ဒပြပြည်သူတွေရှိတဲ့ မြို့နယ်တွေကို အကြောင်းမဲ့ရမ်းကားပြစ်ခတ်မှုတွေ ခြိမ်းခြောက်ပြစ်ခတ်မှုတွေ ရှိနေသော်လည်း မနက်ဖြန်တိုင်းမှာ မပျက်မကွက် လမ်းပေါ်ထွက်ခဲ့ကြပါတယ်။


 ဖေဖေါ်ဝါရီလတုန်းကလို လူသောင်းချီစုဝေးမှုတွေ မရှိတော့ပေမဲ့ သက်ဆိုင်ရာမြို့နယ်တွေအလိုက် လူထောင်ချီဆန္ဒပြမှုတွေ ဆက်ရှိနေခဲ့ပါတယ်။ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်မှာလူသေဆုံးမှု အများဆုံး ဖြစ်ခဲ့တဲ့ မတ်လ ၃ရက်နေ့ တစ်နေ့ထဲမှာတင် စစ်ကောင်စီရဲ့ ပြစ်ခတ်မှုကြောင့် ပြည်သူ ၃၈ဦးသေဆုံး ခဲ့ပါတယ်။ ၎င်းသေဆုံးမှုများတွင် နေပြည်တော်မှ မမြသွဲ့သွဲ့ခိုင်ကဲ့သို့ကင် ထင်ရှားတဲ့ သေဆုံးမှုကတော့ မန္တလေးရဲ့ မကြယ်စင်ရဲ့ သေဆုံးမှုပဲ ဖြစ်ပါတယ်။ မတ်လ ၃ရက်နေ့မှာ လူ ၁၁ဦးသေဆုံးမှု ရှိခဲ့တဲ့ မြောက်ဥက္ကလာပ မြို့နယ်က ပြည်သူတွေဟာ မတ်လ၄ရက်နေ့ မှာပဲ ဆန္ဒပြဦးရေပိုတိုးလာပြီး စစ်ကောင်စီကို ပိုတိုးပြီး အံတုလာနေကြပါတယ်။ စစ်ကောင်စီဘက်ကလည်း ပန်းဘဲတန်းမြို့နယ် NLD ပါတီမှ ဦး‌ခင်မောင်လတ်ကို မတ်လ၆ရက်နေ့က ဖမ်းဆီးသွားပြီး မတ်လ၇ရက်နေ့မှာ အလောင်းလာထုတ်ဖို့ မိသားစုကို အကြောင်းကြားခဲ့ပါတယ်။ ယခုလို ရက်ရက်စက်စက် သတ်ဖြတ်မှုတွေကြားကပဲ ကျောင်းသားပြည်သူတွေဟာ စစ်ကောင်စီဆန့်ကျင်ရေးကို နည်းလမ်းပေါင်းစုံနဲ့ အံတုလျက်ရှိပါတယ်။

မတ်လ ဒုတိယပါတ် ထဘီအလံထူခြင်းနှင့် သွေးစွန်းသော နေ့ရက်များ

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်အပါအ၀င် မြို့ကြီးတွေမှာ မတ်လ ၈ရက်နေ့က ထဘီသပိတ်စစ်ကြောင်းတွေနဲ့ ချီတက်ခဲ့ကြပြီး မြို့နယ်အလိုက် သပိတ်ခံတပ်တွေမှာလဲ အမျိုးသမီး ထဘီတွေကို ကြိုးနှင့်တန်းပြီး စစ်ကောင်စီတပ်တွေလာရာလမ်းတွေမှာ ထဘီတန်းများနှင့် ခံတပ်တွေ အပေါ်မှာ အုပ်မိုးထားခဲ့ကြပါတယ်။ ထဘီတန်းတွေ အောက်က ဖြတ်မသွားရဲခဲ့တဲ့ စစ်တပ်ဟာ ထဘီတန်းဖြုတ်ပြီး လက်လုပ်ခံတပ်တွေကို ရှင်းလင်းရင်း ဆန္ဒပြပြည်သူတွေကို လူစုခွဲဖို့အတွက် ကြံ့ကြာနေတာမျိုးတွေ ဖြစ်ခဲ့ပါတယ်။ အာဏာသိမ်းပြီးထဲက ကျိန်စာတွေ ယတြာတွေနဲ့  ပိန်လိန်နေတဲ့ ဒန်အိုးလင်ပန်းတွေဟာ ၂၀၂၁ လူထု လှုပ်ရှားမှုရဲ့ ပြယုဒ်တွေ ဖြစ်လာခဲ့ပါတယ်။ CDM Support လုပ်နေတဲ့ အဖွဲ့အစည်းတွေကို ဖမ်းဆီး၀င်ရောက် ရှာဖွေခြင်းတွေ ပြုလုပ်ခဲ့ပြီး CDM ကို အားပျော့ သွားအောင်ခြိမ်း‌ခြောက်အနိုင်ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် အများပြည်သူနဲ့ သက်ဆိုင်တဲ့ ဆေးရုံတွေ စာသင်ကျောင်းတွေကို ၀င်ရောက်တပ်ဆွဲတာတွေ ပြုလုပ်ခဲ့ပြီး ပြည်သူများဘက်ကလဲ အခုလို တပ်ဆွဲထားတာတွေကို လက်မခံကြောင်း ကျောင်းတွေ ဆေးရုံတွေ ရှေ့မှာ ဆန့်ကျင်ဆန္ဒပြနေခဲ့ပါတယ်။ ဒီရက်ပိုင်းတွေမှာ ပြည်သူဘက်က ရပ်တည်ပြီး သတင်းစီးဆင်းမှု အား‌ကောင်းနေခဲ့သော သတင်းဌာန ငါးခုကို စစ်ကောင်စီကနေ ထုတ်ဝေခွင့်နှင့် ရုပ်သံလှိုင်း လိုင်စင်တွေ ပိတ်သိမ်းပြီး သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကိုလည်း မျက်ကွယ်ပြုပြီး ပြည်သူတွေရဲ့ မျက်စိတွေ နားတွေကို ပိတ်ဖို့ ပြုလုပ်လာခဲ့ပါတယ်။ 

မတ်လ ၈ရက်နေ့နောက်ပိုင်းက စပြီး စစ်‌‌ေကာင်စီရဲ့ လက်နှက်ကိုင်တပ်တွေဟာ ရန်ကုန်အပါအ၀င် အထင်ကရ မြို့ကြီးတွေမှာ ဆန္ဒပြသူတွေကို လူစုခွဲတာမျိုးမဟုတ်ပဲ စစ်မြေပြင်တစ်ခုလို တရစပ် ပြစ်ခတ်မှုတွေကို ပြုလုပ်လာခဲ့ပါတယ်။ ထူးခြားဖြစ်စဉ်အနေနဲ့ မတ်လ၈ရက်နေ့ညက စမ်းချောင်းမြို့နယ်မှာ ပိတ်ပိနေသူ ဆန္ဒပြလူငယ်တွေကို ပိတ်ဆို့ဖမ်ဆီးမှု မပြုနိုင်အောင် ရန်ကုန်တစ်မြို့လုံးနီးပါး ညဘက်မှာ လမ်းပေါ်ထွက်လာပြီး ညသပိတ်ကို ဆင်နွဲခဲ့ပြီး သက်ဆိုင်ရာ သံရုံးများရဲ့ ဖိအားပေးမှုနှင့် ညဘက်လူထုတွေရဲ့ အုံကြွမှုတွေကြောင့် စမ်းချောင်းမှာ ပိတ်မိနေတဲ့ လူထုတွေဟာ အန္တရာယ်ကြားမှ လွတ်‌အမြာက်ခဲ့ပါတယ်။ နွေဦးတိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ အာဇာနည်များကို ရည်စူးပြီး မြန်မာတစ်နိုင်ငံလုံးအနှံ့အပြား မီးထွန်းဆုတောင်းပွဲတွေနှင့် ညသပိတ်တွေကို ထပ်တိုးပြုလုပ် လာခဲ့ပါတယ်။ 

နွေဦးတော်လှန်ရေး အစထဲက တစ်ရက်ထဲ လူသေဆုံးမှု အများဆုံး မြို့နယ်အဖြစ် လှိုင်သာယာ မြို့နယ်တွင် မတ်လ ၁၄ ရက်နေ့က လူ ငါးဆယ်ကျော် သေဆုံးပြီးစံချိန်တင်ခဲ့ပါတယ်။ မတ်လ ၁၄ရက်နေ့မှာ လှိုင်သာယာ မြို့နယ် အပါအ၀င် ကျဆုံးသူ ၆၀ကျော်ရှိခဲ့ပြီး စစ်အာဏာ စသိမ်းခဲ့သည့် ဖေဖေါ်ဝါရီလ ၁ရက်နေ့မှ မတ်လ ၁၅ရက်နေ့အထိ မြန်မာတစ်နိုင်ငံလုံး ကျဆုံးသူ ၁၈၀ ကျော် ရှိခဲ့ကာ တစ်နိုင်ငံလုံး ဖမ်းဆီးခံရသော ပြည်သူ ၂၀၀၀ ကျော် ရှိခဲ့ပါတယ်။ 

ဆေးရုံတွေ လမ်းမတွေ ထက်မှာ သွေးအလိမ်းလိမ်းနှင့် အနိဌာရုံ မြင်ကွင်းတွေနဲ့ ပြည့်နှက်နေခဲ့ပြီး အထိအခိုက်အပျက်အစီးတွေ ကြားထဲက ရန်ကုန်မြို့ကြီးကို စစ်အာဏာရှင်လက်ထဲ မကျရောက်အောင် 

ရန်ကုန်မြို့နေ ပြည်သူတွေက ခုခံ ကာကွယ်လျှက်ရှိပါတယ်။ ပြည်သူတွေဟာ စစ်အာဏာရှင်ကို နည်းလမ်းပေါင်းစုံသုံးပြီး တစ်နိုင်ငံလုံး အာဏာရှင်လက်အောက် မကျရောက်အောင် ဘ၀တွေအသက်တွေရင်းပြီး ကြိုး‌စားနေကြတာပါ။ အာဏာရှင်တွေ တွေးထင်သလို ခေါင်းဆောင်တွေ မရှိရင် ဘာမှမလုပ်နိုင်ဘူးလို့ ထင်ထားတဲ့ မြန်မာပြည်သူတွေဟာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံရဲ့ သတင်းအချက်အလက်တွေ အတည်ပြုနိုင်ခြင်းမရှိဘဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာကိုတောင် မြင်ခွင့်မရတဲ့ အေြအနေမှာတောင် ၄၅ရက်တိုင်တိုင် အာဏာရှင်ကို ခုခံတော်လှန်လျက် ရှိပါသည်။

Khit Thit Media