Sunday, December 20, 2020

ထိုင်းနိုင်ငံ ပင်လယ်စာအရောင်းဈေးတစ်ခုတွင် ဒေသတွင်း ကူးစက်မှု (၅၁၆) ခု တွေ့ရှိ


ထိုင်းနိုင်ငံတွင် ဒီဇင်ဘာ (၁၉) ရက်က ကိုဗစ် အသစ်ထပ်တိုးအတည်ပြုလူနာ (၅၄၈) ဦးရှိခဲ့ရာ ၎င်းတို့အနက် (၅၁၆) ဦးမှာ အလယ်ပိုင်းဒေသ စမွတ်စခွန်း (Samut Sakhon) ပြည်နယ်ရှိ ပင်လယ်စာအရောင်းဈေးတစ်ခုနှင့် ဆက်စပ် ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာန ရောဂါထိန်းချုပ်ရေးဌာန တာဝန်ခံ Opasက ယင်းနေ့တွင် ပြောကြားခဲ့သည်။ 


၎င်းမှာ ထိုင်းနိုင်ငံ၌ ယခုနှစ် နှစ်ဆန်းကပ်ရောဂါ စတင်ဖြစ်ပွားပြီးနောက် တစ်ရက်အတွင်း အတည်ပြုလူနာဦးရေ အများဆုံးတွေ့ရှိမှု ဖြစ်ကြောင်း သိရသည်။ စမွတ်စခွန်းပြည်နယ်ရှိ ပင်လယ်စာအရောင်းဈေးတစ်ခုတွင် ဒီဇင်ဘာ (၁၇) ရက်က ပထမဆုံး ကိုဗစ်-၁၉ ဒေသတွင်းကူးစက်မှု တစ်ခု စတင်တွေ့ရှိခဲ့ရာ သက်ဆိုင်ရာ ဌာနများက လုပ်ထုံးလုပ်နည်းများအတိုင်း လူပေါင်း (၁,၁၉၂) ဦးအား သီးခြားခွဲထား၍ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ကြောင်း Opasက ယင်းနေ့ညပိုင်း ရုပ်မြင်သံကြား သတင်းစာ ရှင်းလင်းပွဲမှတစ်ဆင့် ပြောကြားခဲ့သည်။ 


ဒီဇင်ဘာ(၁၉) ရက်တွင် ပင်လယ်စာအရောင်းဈေး နှင့်သက်ဆိုင်သော အတည်ပြုလူနာ (၅၁၆) ဦးတိုးလာရာ အများစုမှာ လက္ခဏာမပြ ကူးစက် သူများ ဖြစ်ကြောင်း သိရသည်။ ရောဂါကူးစက်မှုတွေ့ရှိသည့် ယင်းဈေး နေရာကို ဒီဇင်ဘာ (၁၉) ရက်မှစ၍ လာမည့်နှစ် ဇန်နဝါရီ (၃) ရက် အထိ ခေတ္တပိတ်နားထားကြောင်း Opasက ဆိုသည်။ ကူးစက်မှု အများစုသည် ပြည်ပလုပ်သားများဖြစ်ပြီး လှုပ်ရှားသွားလာမှုများသည် ပင်လယ်စာ ဈေးနီး တွင် ဖြစ်ရာ အစိုးရအနေဖြင့် ယခုတစ်ကြိမ် ကပ်ရောဂါကို ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ 

တစ်ချိန်တည်းမှာပင် ယခုလအတွင်း စမွတ်စခွန်းပြည်နယ်မှလာသူများကို သီးခြားခွဲနေရန်နှင့် ကူးစက်မှုလက္ခဏာပြ မပြ ဂရုပြုကြရန် အကြံပြု ထားသည်။ ဒေသကပ်ရောဂါ အရေးပေါ်ထိန်းချုပ်ရေးအတွက် စမွတ်စခွန်း ပြည်နယ်တွင် စာသင်ကျောင်း၊ ဈေးဝယ်စင်တာ၊ အားကစားခန်းနှင့် အားကစားရုံစသည့်နေရာများကို ပိတ်နားထားခြင်းအပါအဝင် လော့ခ်ဒေါင်း (၁၄) ရက်ချမည် ဖြစ်ကြောင်း ယင်း အုပ်ချုပ်ရေးမှူး Verasakက ဒီဇင်ဘာ (၁၉) ရက်တွင် ကြေညာခဲ့သည်။ 

Credit; Xinhua       #ဘာသာပြန်/မြတ်မြတ်ဦး(ဆင်ဟွာ)  #MRTV