Monday, December 21, 2020

မရှိခိုးနိုး မလှစုန်းရိုး


ထိုင်းနိုင်ငံ စမွတ်ဆာခွန် မဟာချိုင်မြို့ သလာတ်ကူး (ပုဇွန်ဈေး)မှာ ထိုင်းအမျိုးသမီးတစ်ဦးထံကနေ စတင်တွေ့ရှိခဲ့တဲ့ ကိုဗစ့်ရောဂါဟာ အခုဆို ခရိုင်ပေါင်း ၇ခုထိကျယ်ပြန့်သွားတာ အားလုံးသိကြမှာပါ။

အဲသလို စတင်ဖြစ်ပွားတဲ့ သလာ့တ်ကူး (ပုဇွန်ဈေး)ဆိုတာ မရောက်ဖူးတဲ့သူတွေကို ကျနော်ပြောပြချင်တာက အဲဒီဈေးဆိုတာ ထိုင်းနိုင်ငံရဲ့ရေထွက်ပစ္စည်းရောင်းဝယ်တဲ့ အကြီးဆုံး နေရာတစ်ခုဆိုတာရယ် အဲ့နေရာကို ခရိုင်အသီးသီးကနေ လူပေါင်းနေ့စဉ်ထောင်ဂဏန်းထက်မလျော့ပဲ ဝင်ထွက်သွားလာတဲ့ နေရာတစ်ခုဆိုတာ သိစေချင်တယ်။

အဲသလိုနေရာမျိုးကနေ ပေါ်လာတဲ့ ကိုဗစ်ဆိုတာ ဘယ်ကနေ စတင်ကူးစက်လာတယ်ဆိုတာ အခုထိအဖြေမထုတ်နိုင်ကြသော်လည်း ခေတ်အဆက်ဆက်မြေနိမ့်ရာလှံစိုက်ခံလာရတဲ့ ကျနော်တို့ မြန်မာအလုပ်သမားတွေရဲ့ ကံဆိုးမသွားရာမိုးလိုက်လို့ရွာဆိုသလို မရှိခိုးနိုး မလှစုန်းရိုးဆိုပြီးခံစားနေရပြီ။

မနေ့ကဆို Facebook မှာ Shareနေကြတယ် မြန်မာအလုပ်သမတစ်ဦး ကိုဗစ်ဖြစ်နေတာဆေးရုံကနေထွက်ပြေးပါတယ်ဆိုပြီးတော့ မဟုတ်တာကို အဟုတ်လုပ်ပြီး Shareနေကြတာ .. အဲ့သတင်းကိုတွေ့တော့ မသင်္ကာဖြစ်လို့ အဲ့ပိုစ့်ရဲ့ဇစ်မြစ်ကိုလိုက်ရှာတယ် ဘာလို့မသင်္ကာတာလဲဆို ရေးနေကြတာကမဟာချိုင်ဆေးရုံကပြေးတယ်ရေးကြပြီး ဖုန်းနံပါတ်က ဖက်ပဒဲန်ရဲစခန်းဖုန်းနံပါတ်ဖြစ်နေလို့ မသင်္ကာဖြစ်တာနဲ့ ထိုင်းသတင်းဌာနတွေမှာတင်လား သက်ဆိုင်ရာဆေးရုံတွေကရောတင်လားဆိုပြီး ရှာတယ် ဇစ်မြစ်ကပျောက်နေတယ် နောက်တော့ မြန်မာလိုက်ခ်သတင်းအဖွဲ့ကနေ မဟုတ်ဘူးဆိုတာ တင်လာတယ်။

ဆိုလိုချင်တာ အဲ့သလိုကိစ္စကို ကြည့်ခြင်းအားဖြင့် အခုဖြစ်သမျှအားလုံးကို မြန်မာအလုပ်သမားတွေကို ပုံချပြီးအပြစ်တွေတင်ချင်တာအရမ်းကိုသိသာတယ်။ 

အဲသလိုဖြစ်နေတာကို သိပါလျက်နဲ့ ဘာမှမစူးစမ်းဘဲ ဘဝတူအလုပ်သမားအချင်းချင်းကပါ ပြန်ပြီးစွပ်စွဲတဲ့ စကားတွေပြောနေကြတာရင်ထဲမချိအောင်နာတယ်။ အခုရောဂါဇစ်မြစ်ဘယ်ကဆိုတာ မသိနိုင်သေးတဲ့အချိန်ခိုးဝင်ကြတာကို ခိုးဝင်ကြတော့ ဖြစ်တာပေါ့ဆိုတဲ့ စကားကိုပြောတာ ကိုယ့်အသားကိုယ်ပြန်လှီးနေတာနဲ့အတူတူပဲ။

ခိုးဝင်တာကို ပြောမယ်ဆို မြဝတီနဲ့တာချီလိတ်မှာအလုပ်သွားလုပ်တဲ့ထိုင်းတွေလည်းခိုးဝင်တယ်မဟုတ် နောက်ပြီးအဲသလိုခိုးဝင်လို့ မယ်ဆိုင်ဘက်မှာ ပိုးတွေ့ခဲ့တယ်မဟုတ်ဘူးလား နောက်ပြီး အခြားနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားတွေလည်း ခိုးဝင်နေတယ်မဟုတ် ခဏခဏဖမ်းမိတယ်မဟုတ်ဘူးလား ...အဲသလိုတွေရှိနေတာကို မသိတာလားဒါမှမဟုတ် သိသိနဲ့ အချင်းချင်းကို ဓားတွေထက်နေကြတာလား.... ဘာလို့ကိုယ့်အချင်းချင်းကို ချနင်းချင်နေတာလဲ။

အချို့သောဂုဏ်သိက္ခာရှိတဲ့သတင်းတွေဌာနတွေတောင် ရောဂါကူးစက်ခံရတာတောင် မြန်မာအလုပ်သမားလို့မသုံးပဲ ရွှေ့ပြောင်းအလုပ်သမားတွေလို့  သုံးနှုန်းရေးနေတဲ့အချိန် တစ်နိုင်ငံတည်းသားဘဝတူအလုပ်သမားအချင်းချင်းကိုဘာလို့အပြစ်တင်ချင်နေတာလဲ..... ထိုင်းကျန်းမာရေးဌာနကတောင်  အထောက်ထားရှိ/မရှိ ရောဂါကိုစစ်ပေးနေဆေးစစ်နိုင်ဖို့အတွက်ပါ အစစအရာရာစီစဉ်ပေးနေချိန် အပြစ်တွေပြောနေတာမျိုးကတော့ ဘယ်လိုမှမဖြစ်သင့်ဘူးလို့ ပြောချင်ပါတယ်။

ကျနော်အထူးမေတ္တာရပ်ခံချင်တာ အခုလိုအချိန်မျိုးမှာ ကျနော်တို့ဘဝတူအလုပ်သမားအချင်းချင်းမှမဟုတ် ဘယ်သူကိုမှ အပြစ်မပြောဘဲ ကျနော်တို့ရောက်နေတဲ့နိုင်ငံရဲ့ကျမ္မားရေးဌာနတွေက ထုတ်ပြန်ထားတဲ့စည်းကမ်းတွေကိုလိုက်နာပေးခြင်းဖြင့်ပြန်ကူညီပေးနိုင်ဖို့ နောက်ပြီး ဘဝတူအလုပ်သမားတွေအချင်းချင်း အခုလိုအချိန်မှာ မရှိအတူရှိအတူကူညီပေးကြတာမျိုးပဲ ဖြစ်စေချင်ပါတယ်လို့ အနူးညွှန့်မေတ္တာရပ်ခံပါတယ်။

အားလုံးကိုဗစ်ရောဂါကြီးကို ကျမ္မားစွာနဲ့ကျော်လွှားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်

စောမောင်(အလုပ်သမားဟစ်တိုင်)

၂၁.၁၂.၂၀၂၀