Tuesday, June 02, 2020

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများ မြဝတီချစ်ကြည်ရေးအမှတ် (၂) တံတားမှ ဇွန် ၁ ရက်တွင် ၁၀၄၃ ဦး ဆက်လက်ဝင်ရောက်



မြဝတီ ဇွန် ၁
ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများအား မြန်မာ နိုင်ငံမှ မေ ၁ ရက်ကစပြီး လက်ခံခဲ့ရာ ဇွန် ၁ ရက်တွင် မြဝတီ အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၁၀၄၃ ဦး ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ဝင်ရောက်လာသူများအနက် ၃၀၈ ဦး သည် ထိုင်းနိုင်ငံ မော်ချစ်ကားဂိတ်မှ ကား ၁၅ စီးဖြင့် နှစ်နိုင်ငံအစိုးရ၏ ညှိနှိုင်းမှု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်သူများဖြစ်ပြီး ကျန် ၇၃၅ ဦးသည် ထိုင်းနိုင်ငံ ဒေသအသီးသီးမှ ၎င်းတို့၏ အစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်သူများဖြစ်ကြောင်း သိရသည်။




ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာရေး စစ်ဆေးမှုနှင့် အခြားသော လိုအပ်ချက်များကို ဆောင်ရွက် နိုင်ရန်အတွက် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လင်းဦး၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ က ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် မေ ၁ ရက်က ၆၀၊ ၂ ရက်က ၅၄ ဦး၊ ၃ ရက်က တစ်ဦး၊ ၄ ရက်က ၄၄ ဦး၊ ၅ ရက်က ၂၃ ဦး၊ ၆ ရက်နှင့် ၇ ရက်တွင် ဝင်ရောက်ခြင်း မရှိဘဲ ၈ ရက်က ၁၀၀၊ ၉ ရက်တွင် ဝင်ရောက်ခြင်း မရှိဘဲ ၁၀ ရက်တွင် ၄၄ ဦး၊ ၁၁ ရက်တွင် ၁၃ ဦး၊ ၁၂ ရက်တွင် ၄၁ ဦး၊ ၁၃ ရက်တွင် ၁၆ ဦး၊ ၁၄ ရက်တွင် ၃၈ ဦး၊ ၁၅ ရက် တွင် ၁၂၀၊ ၁၆ ရက်တွင် ၇၆ ဦး၊ ၁၇ ရက်တွင် ၉၀၊ ၁၈ ရက် တွင် ဝင်ရောက်ခြင်းမရှိဘဲ ၁၉ ရက်တွင် ၆၄ ဦး၊ ၂၀ ရက်နှင့် ၂၁ ရက်တွင် ဝင်ရောက်ခြင်းမရှိဘဲ ၂၃ ရက်တွင် ၆၀၄ ဦး၊ ၂၄ ရက်တွင် ၁၁၁၈ ဦး၊ ၂၅ ရက်တွင် ၁၂၇၇ ဦး၊ ၂၆ ရက် တွင် ၁၃၉၄ ဦး၊ ၂၇ ရက်တွင် ၁၄၃၄ ဦး၊ ၂၈ ရက်တွင် ၁၁၆၈ ဦး၊ ၂၉ ရက်တွင် ၁၂၀၂ ဦး၊ ၃၀ ရက်တွင် ၁၁၅၂ ဦး၊ ၃၁ ရက်တွင် ၁၅၁၁ ဦး၊ ဇွန် ၁ ရက်တွင် ၁၀၄၃ ဦး ပြန်လည် ဝင်ရောက်ခဲ့ပြီး စုစုပေါင်း ၁၂၆၈၇ ဦးအထိ ပြန်လည် ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။

အဆိုပါ နေ့အလိုက် ပြန်လည်ဝင်ရောက်သူများအနက် မေ ၁၃ ရက်မှ ၁၅ ရက်အထိ ပြန်လည်ဝင်ရောက်သူများနှင့် မေ ၁၇ ရက် ဝင်ရောက်သူ ၉၀ အနက် ၄၅ ဦး၊ မေ ၂၇ ရက် ဝင်ရောက်သူ ၁၄၃၄ ဦးအနက် ၅၂ ဦးတို့အနေဖြင့် ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံရပြီးသောသူများနှင့် အချုပ်မှ ပြန်လည်လွတ်မြောက်လာသူများဖြစ်သဖြင့် ထိုင်းနိုင်ငံ တာဝန်ရှိသူများက လာရောက်လွှဲပြောင်းပို့ ဆောင်ပေးခြင်း ဖြစ်သည်။

ယနေ့ ပြန်လည်ဝင်ရောက်သူများအနေဖြင့် တိုင်းဒေသ ကြီး၊ ပြည်နယ်အသီးသီးမှ အမျိုးသား ၆၄၇ ဦး၊ အမျိုးသမီး ၃၉၆ ဦး စုစုပေါင်း ၁၀၄၃ ဦး ဖြစ်ကြောင်း သိရသည်။

ထိန်လင်းအောင်
(ပြန်/ဆက်)