Sunday, May 03, 2020

ထိုင်းနိုင်ငံမှ မြန်မာလုပ်သားများ မြဝတီချစ်ကြည်ရေး အမှတ် (၂)တံတားမှ ဒုတိယနေ့ ၅၄ ဦး ဆက်လက်ဝင်ရောက်



ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများအား မေ ၁ ရက်မှစပြီး လက်ခံခဲ့ရာ ဒုတိယနေ့အဖြစ် ယနေ့ မွန်းလွဲ ၁ နာရီခန့်မှစပြီး မြန်မာရွှေ့ပြောင်းလုပ်သား ၃၀ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

“ယခင်ထက်တိုးပြီး လုပ်ထားတာက BCF ဇုန်ရဲ့ အပြင် ဘက်မှာ လူ ၇၀၀ နေရာယူနိုင်အောင် အမှတ်အသား လေးတွေ လုပ်ထားပါတယ်။ အဲ့ဒီမှာနေရာယူမယ့်သူတွေ နှာခေါင်းစည်းတွေ မပါရင်ပေးမယ်။ နောက်တစ်ခုက လက်ဆေးဖို့ ဘေစင်တွေ လုပ်ထားပေးပါတယ်။ အဓိက ကတော့ သတ်မှတ်ထားတဲ့ ခြောက်ပေခြားဖို့နဲ့ နှာခေါင်း စည်းတပ်ဖို့၊ လက်ဆေးဖို့ ဖြစ်ပါတယ်”ဟု ခရိုင်အုပ်ချုပ်ရေး မှူး ဦးတေဇာအောင်က ပြောသည်။



ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာရေး စစ်ဆေးမှုနှင့် အခြားသော လိုအပ်ချက်များကို ဆောင်ရွက် နိုင်ရန်အတွက် ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးစောဘိုဘို ဝေမောင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ် လျက်ရှိကြောင်း သိရသည်။

“အခု နေရပ်ပြန်တွေထဲမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ် က အားလုံးပါတယ်။ ကျွန်တော်ဆိုလည်း ဧရာဝတီတိုင်း သားပါပဲ။ အားလုံးက ကိုယ့်နိုင်ငံသားတွေပါပဲ။ ကိုယ့် ညီအစ်ကို မောင်နှမ ကိုယ့်အမျိုးတွေလို သဘောထားပြီး ကြိုဆိုနေပါတယ်”ဟု စေတနာ့ဝန်ထမ်း လာရောက် ဆောင်ရွက်သူ ကိုစအိုင်ခန့်က ပြောသည်။

အဆိုပါ ပြန်လည်ဝင်ရောက်လာသူများမှာ ကယား ပြည်နယ် သုံးဦး၊ ကရင်ပြည်နယ် ၁၃ ဦး၊ မွန်ပြည်နယ် နှစ်ဦး၊ ပဲခူးတိုင်းဒေသကြီး ၂၆ ဦး၊ မကွေးတိုင်းဒေသကြီး ငါးဦး၊ မန္တလေးတိုင်းဒေသကြီး တစ်ဦး၊ ရန်ကုန်တိုင်းဒေသ ကြီး တစ်ဦး၊ ဧရာဝတီတိုင်းဒေသကြီး သုံးဦး စုစုပေါင်း ၅၄ ဦးရှိကြောင်း သိရသည်။ 

ထိန်လင်းအောင်(ပြန်/ဆက်)