Saturday, March 17, 2018

ယောနသံဇင်ယော် အပိုင်း(၁)


ငှက်လောက ကို စွန့်ခွာခြင်း

 အချိန်သည်ကား နံနက်ခင်း။ သစ်လွင်သော နေမင်းသည် သိမ်မွေ့လှသော ပင်လယ်ပြင်၏ အိရရိလှိုင်း ငယ်များ ကို ရွှေအဆင်းတလက်လက်ဖြင့် ပြိုးပြက်တင့်လျှမ်းနေစေ၏။ ကမ်းခြေမှ တစ်မိုင်အကွာတွင် တံငါလှေ တစ်စင်း သည် ပင်လယ်ရေကို ဖက်နမ်းမွှေ့ယမ်းလျက်ရှိ၏။ ငှက်ဇင်ယော် အပေါင်းအဖို့ နံနက်စာ သစ်စည် ရိုက်သံသည် လေထုကို ဖြတ်ကျော်လာ၍ အကောင် တထောင်ကျော် ပါရှိသော ပင်လယ်ဇင်ယော် ငှက် တစ်အုပ် သည် ပေါ်လာ ပြီး အစာများကို သူ့ထက်ငါ တိုးဝှေ့ လုယက်နေ ကြကုန်၏။ ဇင်ယော်များအဖို့ ပျားပန်း ခပ်မျှ အလုပ် များသော နေ့တနေ့၏ အစပေတည်း။ သို့သော်လည်း ယောနသံဇင်ယော်မူကား လှေနှင့်လည်းမနီး ကမ်းနှင့်လည်းဝေးကွာသော နေရာတွင် သူချည်း တကောင်ထည်းတည်း အပျံလေ့ကျင့်နေလေ၏။ ပေတရာ အမြင့်ကောင်းကင်တွင် သူ့ ခြေထောက် များကို အောက် သို့ချ၍ နှုတ်သီးကိုမော့ကာ တောင်ပံများကို ကိုင်းညွှတ် လာအောင် ပြုလျက် ခက်ခဲနာကျင်စွာဖြင့် အပျံ လေ့ကျင့်နေ၏။ တောင်ပံများကို ကိုင်းညွှတ်လာအောင် ပြုလုပ်ခြင်း သည် အပျံနှေးခြင်းငှာ စွမ်းနိုင်လေ သည်။

သူ့မျက်နှာကို လေပြေလေညှင်း သာသာကလေး တိုးကာမျှ သာ ဖြစ်သည့်တိုင် အောင်လည်းကောင်း၊ ပင်လယ် သည် သူ့အောက်တည့်တည့်၌ တန့် ရပ်နေဟန် ရှိလာသည့် တိုင်အောင်လည်းကောင်း သူသည် အရှိန်ကို လျှော့ ၍ လျှော့၍ ချနေ၏။ သူသည် မျက်စိ များ ကို မှေးကာ ကြောက်ဖွယ်လိလိ စူးစူးစိုက်စိုက် ကြည့်လျက် အသက် အောင့်၍ တောင်ပံများ ကို တလက် . . . မ . . . မျှ ပို၍ ကိုင်းညွှတ်လိုက်သည်။

Friday, March 16, 2018

ထိုင်းနိုင်ငံသို့သွားရောက် အလုပ်လုပ်ကိုင်လိုသူများသိမှတ်ဖွယ်ရာ


ထိုင်းနိုင်ငံရှိ အလုပ်ရုံစက်ရုံများ၌ အလုပ်သမားအများပြားလိုအပ်လျက်ရှိနေသလို လာရောက်အလုပ်လုပ်ကိုင်ရာတွင်လည်း လူတန်းစားပေါင်းစုံမှသွားရောက်အလုပ်လုပ်ကိုင်ရန်အခွင့်လမ်းများစွာရှိရာ မြန်မာနိုင်ငံသားအများစုသည် ပြည်ပနိုင်ငံများသို့သွားရောက်အလုပ်လုပ်ကိုင်ရန် ရွေးချယ်မှုအများစုံနိုင်ငံတစ်ဖြစ်ပါသည်။ ထို့သို့ သွားရောက်အလုပ်လုပ်ကိုင်ရာတွင် မြန်မာအလုပ်သမားများအနေဖြင့် အထူးစဉ်စားရမည့်အချက်မှာလုပ်ငန်ခွင်ဘေးအန္တရာယ်ကင်းရှင်းမှု ရသင့်ရထိုက်သည့် လုပ်ခလစာများနှင့် အလုပ်သမားအခွင့်ရေးများရရှိရန်နှင့် လုံခြုံစိတ်ချစွာနေထိုင်နိုင်ရန်တို့သည်အထူးအရေးကြီးလှပါသည်။

Thursday, March 15, 2018

အယ်ဒီတာအာဘော်



မြန်မာနိုင်ငံအရပ်ရပ်မှ အလုပ်လုပ်နိုင်စွမ်းရှိသည့် အလုပ်သမားများသည် မိမိတို့၏ ဘဝအနာဂတ်များ
ထုဆစ်ပုံဖော်ရန် အိမ်နီးချင်းနိုင်ငံများနှင့်နိုင်ငံရပ်ခြာများသို့ နည်းလမ်းအမျိုးမျိုးဖြင့်သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိကြပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံသားအများဆုံး အလုပ်သွားရောက်လုပ်ကိုင်သည့်နိုင်ငံတို့မှာ ထိုင်းနှင့် မလေးရှားနိုင်ငံ တိုံ့ဖြစ်ပါသည်။

၁၉၉၀ပြည့်နှစ်မှစတင်၍ အလုပ်လုပ်နိုင်စွမ်းရှိသည် မြန်မာနိုင်ငံသားများသည် အိမ်နီးချင်းထိုင်းနိုင်ငံသို့ တရားမဝင်နည်းလမ်းများဖြင့် စတင်ဝင်ရောက်ခဲ့ရာမှ၂၀၀၄ခုနှစ်မှစတင်၍ မြန်မာနှင့်ထိုင်းနိုင်ငံတို့မှ MOUစာချုပ်ချုပ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံသို့ တရားဝင်နည်းလမ်းဖြင့် သွားရောက်အလုပ်လုပ်ကိုင်နိုင်ခဲ့ကြပါသည်။ ထို့သို့သွားရောက်အလုပ်လုပ်ကိုင်ရာတွင် ဘဝတိုးတတ်ရာလမ်းကြောင်ပေါ်သို့ရောက်ရှိခဲ့သူများရှိသလို လှေလှော်ရင်တတ်ကျိုးခဲ့ရသူများလည်းရှိကြပါသည်။ ၂၁၀၅ခုနှစ် ILOအဖွဲ့ကြီး၏ သတင်းထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံသို့ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားပေါင်း ၂.၆သန်းခန့်အလုပ်လုပ်ကိုင်နေကြကြောင်းသိရသည်။

Monday, January 08, 2018

ထိုင်းနိုင်ငံတွင် လာရောက် အလုပ်လုပ်ကိုင်ကြသော မြန်မာရွှေ့ပြောင်း အလုပ်သမား အပါအဝင် နိုင်ငံခြားသား အလုပ်သမားများ သိသင့်သော အချက်များ



ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသော နိုင်ငံခြား အလုပ်သမားများ အမျိုးအစားနှင့် အခြေအနေ

၁။ ဝန်ကြီး အဖွဲ့မှ ပြဌာန်းထားသော ဥပဒေအရ ထိုင်းနိုင်ငံတွင် ယာယီနေထိုင် ခွင့် ပေး၍ အလုပ်လုပ်ခွင့်ရသော ထိုင်းနိုင်ငံအတွင်း (တရားမဝင် ခိုးဝင်လာပြီး ပြစ်ဒဏ်လျှော့ပေါ့ပေးသည့် မြန်မာ လာအို ကမ္ဘောဒီယား လူမျိုး နိုင်ငံခြား အလုပ်သမားများ အုပ်စု ဤ အလုပ်သမားများ အုပ်စုသည် ထိုင်းနိုင်ငံသို့ တရားမဝင် ခိုးဝင်လာကြပြီး မိမိတို့ နိုင်ငံသို့ ပြန်လည် ပို့ဆောင်ရန် စောင့်ဆိုင်းနေသော ကာလအတွင်း ထိုနိုင်ငံခြား အလုပ်သမားများအား ကိုယ်ရေး မှတ်ပုံတင် ထောက်ခံသည့် စာရွက်စာတမ်း ( T.R . 38/1) ရရှိစေရန် နိုင်ငံခြား အလုပ်သမားများ အုပ်ချုပ်ရေးဌာန တွင် ကိုယ်ရေး မှတ်တမ်း မှတ်ပုံတင်ရမည်။ ထို့အပြင် ကျန်းမာရေး ဆေးစစ်၍ လူထု ကျန်းမာရေး ဝန်ကြီးဌာန မှ ကျန်းမာရေး အာမခံတောင်းခံပြီး အလုပ်ရှာဖွေ ခန့်အပ်ရေး ဌာနတွင် အလုပ်လုပ်ခွင့် တောင်းခံရမည်။

Saturday, January 06, 2018

“အလုပ်သမားတွေကို အရင်ဆုံးကာကွယ်ပေးရမှာက သက်ဆိုင်ရာ အစိုးရရဲ့တာဝန်ပဲ”



 မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ( JACBA) ဥက္ကဌ ဦးမိုးကြိုးနှင့် တွေ့ဆုံမေးမြန်းခြင်း  

 – KIC News

လက်ရှိ ပြောင်းလဲလာသည့် ထိုင်းနိုင်ငံ ဥပေဒအရ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အထောက်အ ထား လက်မှတ် လုပ်ဆောင်နေရမှု (မှတ်ပုံတင်မှု)အခြေအနေ၊ ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်နေသည့် မြန်မာ ရွှေ့ ပြောင်းအလုပ်သမားများ၏ ကာကွယ်စောင့်ရှောက်မှု အခြေအနေများကို ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့ အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ( JACBA) ဥက္ကဌ ဦးမိုးကြိုးအား ကေအိုင်စီ-ကရင်သတင်းဌာနမှ တွေ့ဆုံမေးမြန်းထားသည် များကို ဖော်ပြလိုက်ပါသည်။

 မေး ။ ။ ပထမဦးဆုံး လက်ရှိ ထိုင်းနိုင်ငံမှာရှိတဲ့ အလုပ်သမားမှတ်ပုံတင်တဲ့ကိစ္စ၊ အထောက်အထား လက်မှတ် (ပတ်စ်ပို့) လုပ်နေတဲ့ အပိုင်း နဲ့ ပတ်သက်ပြီး အခြေအနေဘယ်လိုရှိသလဲ သိပါရစေ။

ဖြေ။ ။ လက်ရှိ အခြေအနေ ဘယ်လိုရှိသလဲဆိုတော့ ထိုင်းနိုင်ငံဆိုင်ရာ သံအရာရှိရုံးရဲ့ ထုတ်ပြန်ချက်အရ ဒါ CI လို့ခေါ်တယ်(လက်မှတ်ကို ညွှန်းလျက်)။ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံအထောက်အထားဖြစ်တယ်။ CI စာအုပ် က ဟောဒီ အနီရောင်တွေ ခရမ်းရောင်တွေ ၊ ယာယီပတ်စ်ပို့ ၊ ဒီ CI စာအုပ်ကိုင်ဆောင်ထားသူ (၇)သိန်းလောက်ရှိတယ်။ နောက် ပန်းရောင်ကတ်လို့ ခေါ်တဲ့ ယာယီနေထိုင် အလုပ်လုပ်ပိုင်ခွင့်လက်မှတ် ကိုင်ဆောင်ထားတဲ့သူကလည်း (၇) သိန်းလောက်ရှိတယ်။ ဒီ CI စာအုပ်ကို ကိုင်ထားတာ ။ သဘောကတော့ CI စာအုပ်သည် (၁၄) သိန်းပေါ့။ (၁၄)သိန်းနီး ပါး မြန်မာနိုင်ငံအစိုးရနဲ့ ထိုင်းနိုင်ငံအစိုးရတို့ ပူးပေါင်းပြီးတော့ ထုတ်ပေးပြီးဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံရုံးက သတင်းထုတ်ပြန်ပေးတယ်။

သို့သော်လည်း ဒီ CI စာအုပ်ကို ကိုင်ဆောင်ထားသူက (၁၄)သိန်း ရှိလာပြီးဆိုတော့ ထိုင်းနိုင်ငံအလုပ်သမားအရေ အတွက်က (၁၄)သိန်းမှ မကတာ။ အဓိက ပြဿနာက အဲဒါပဲ။ ထိုင်းနိုင်ငံရဲ့အလုပ်သမား အရေအတွက်ကို ခန့်မှန်းတွက် ချက်ကြတဲ့အခါမှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတူညီတာတွေတော့ ရှိတယ်။ အဲတော့ ဦးမိုးကြိုးတို့ကလည်း ထိုင်းနိုင်ငံမှာ ခရိုင် ၊ ဒေသပေါင်း (၇၇)ခရိုင်ရှိလို့ မြန်မာနိုင်ငံအလုပ်သမား ၀န်ကြီးဌာနရဲ့ သုံးသပ်ချက်အနေနဲ့ဘဲ ပြောချင်တယ်။ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား (၃)သန်းလောက်ဘဲ ရှိတယ်။ ခရိုင်၊ ဒေသ (၇၇) ခုမှာ လုပ်ငန်းပေါင်းစုံ ၊ အလုပ်ကြမ်းပေါင်းစုံ လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေဖြစ်တယ်။ အဲဒီထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား (၂)သန်းလောက်ကို မြန်မာအစိုးရအနေနဲ့ ထိုင်းအစိုးရနဲ့ ပူးပေါင်းပြီးတော့ အထောက်အထားတွေ ထုတ်ထားပေးခဲ့ပြီးလို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းရွှေကနေ သတင်းဌာနတွေကို ပြောပြီးသားဖြစ်တယ်။


Tuesday, November 14, 2017

မိုဘိုင်းစနစ်အသုံးပြုထားသည့် CIထုတ်ပေးရေးစင်တာနှစ်ခုသို့အလုပ်သမားသံအရာရှိသွားရောက်စစ်ဆေး

 နိုဝင်ဘာ ၁၄၊ ၂၀၁၇  - ဘန်ကောက်-အလုပ်သမားဟစ်တိုင်


ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမားများကို စက်တာဘာလ ၁၅ရက်နေ့မှ စတင်၍မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI စာအုပ်များပြု လုပ်ပေးလျက်ရှိရာ ထိုင်းမြန်မာနှစ်နိုင်ငံအလုပ်သမားဝန်ကြီးဌာမှ သက်မှတ်ထားသည့် အချိန်အတွင် မြန်မာအလုပ်သမားများကိုCIစာအုပ်များပြုလုပ်ပေးနိုင်ရေးအတွက် မိုဘိုင်းစနစ်အသုံးပြုပြီး CIထုတ်ပေးမည့်စင်တာ(၂)ခုကို တိုးချဲ့ ဖွင့်လှစ်ကြောင်းသတင်းရရှိပါသည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှအလုပ်သမားသံအရာရှိချုပ် ဦးမိုးအောင်ခိုင်သည် ယနေ့၌( ၁၄.၁၁. ၂၁၀၇၊)တွင် မိုဘိုင်းစနစ်အသုံးပြုပြီး CIထုတ်ပေးမည့်စင်တာ(၂)ခုဖွင့်လှစ်ထားရှိသည့်နယ်မြေများသို့ သွားရောက်စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။