Wednesday, September 30, 2026

ထားဝယ်ရေဘေး သေဆုံးသူ ၃၂ ဦးအထိ အတည်ပြု၊ အဆောက်အဦ ၃၀၀ ဝန်းကျင် ပျက်စီး

အလုပ်သမားဟစ်တိုင် | စက်တင်ဘာ ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ဒေသတွင် စက်တင်ဘာ ၂၆ ရက်ကစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကျေးရွာပေါင်း ၆၀ ကျော် ရေဘေးသင့်ခဲ့ပြီး၊ ရေကြီးရေလျှံမှုနှင့် တောင်ပြိုမှုများကြောင့် သေဆုံးသူ ၁၃ ဦးမှသည် ယခုအခါ ၃၂ ဦးအထိ တိုးလာကြောင်းသိရသည်။


စက်တင်ဘာ ၃၀ ရက်အထိ လူနေအိမ်နှင့် ဘာသာရေးအဆောက်အဦ စုစုပေါင်း ၃၀၀ ဝန်းကျင်အပြင် ငါးဖမ်းလှေ အစီး ၅၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး၊ ကား၊ ဆိုင်ကယ်၊ စက်ယန္တရားများနှင့် မွေးမြူရေးတိရစ္ဆာန်များပါ ထိခိုက်ဆုံးရှုံးခဲ့သည်။ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေဆဲဖြစ်ကာ ပျောက်ဆုံးနေသူ ဒါဇင်နှင့်ချီ ရှိနေသေးသဖြင့် စာရင်းအပြည့်အစုံကို ကောက်ယူရန် ကျန်ရှိနေပြီး ထိခိုက်ပျက်စီးမှု ထပ်မံတိုးလာနိုင်ကြောင်းသိရသည်။

အထူးသဖြင့် လောင်းလုံးနှင့် သရက်ချောင်းမြို့နယ်များတွင် သောက်သုံးရေရင်းအမြစ်များ ပျက်စီးကာ ရေညစ်ညမ်းနေမှုများကြောင့် သန့်ရှင်းသောသောက်ရေ အရေးပေါ်လိုအပ်လျက်ရှိသည်။ ထို့အပြင် နေအိမ်ပျက်စီးသွားသူများအတွက် အမိုးအကာ၊ အိမ်သုံးပစ္စည်း၊ စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း အမြန်ဆုံး ဖြည့်ဆည်းပေးရန် လိုအပ်နေသည်။



စက်တင်ဘာ ၂၈ ရက် ညနေပိုင်းမှစတင်ကာ မိုးရွာသွန်းမှု လျော့နည်းလာပြီး ဒေသအများစုတွင် ရေပြန်ကျလာသော်လည်း အခြေအနေမှာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိခြင်း မရှိသေးပေ။ ရေစိုထိုင်းဆများနေသည့် မြေသားနှင့် တောင်စောင်းများသည် မိုးသည်းထန်စွာ မရွာတော့သော်လည်း ထပ်မံပြိုကျနိုင်သည့်အန္တရာယ် ရှိနေဆဲဖြစ်ရာ တောင်ခြေနှင့်တောင်စောင်းအနီးနေထိုင်သူများ အထူးသတိပြုကြရန် တာဝန်ရှိသူများက သတိပေးထားသည်။

လက်ရှိတွင် လမ်းပန်းဆက်သွယ်ရေး ပျက်စီးမှုနှင့် စက်ယန္တရား အခက်အခဲများကြောင့် အချို့ကျေးရွာများတွင် နေအိမ်ပြန်လည်ဝင်ရောက်ရန် မလုံခြုံသေးသလို၊ ပျောက်ဆုံးသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင်လည်း အတားအဆီးများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်းသိရသည်။ 

ဒီသတင်းကို မျှဝေပါ Facebook