Friday, December 24, 2021

မဟာသမယသုတ်တော် မြန်မာပြန်စကားပြေ

  



ပထမသင်္ဂါယနာတင်မှတ်တမ်း

အရှင်အာနန္ဒာ-“အရှင်မဟာကဿပထေရ်ဘုရား။ အကျွန်ုပ်အာနန္ဒာသည် မြတ်စွာဘုရားရှင်ထံမှ ဤသို့ အတိုင်းအရှည်ရှိသည့် စကားတော်များအား ကြားနာမှတ်သားခဲ့ရပါ၏။

ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသော သဗ္ဗေညုမြတ်စွာဘုရားရှင်သည် သက္ကတိုင်း ကပိလဝတ်ပြည်(အနီးရှိ) မဟာဝုန်တောတွင် အားလုံး ရဟန္တာပုဂ္ဂိုလ်သာဖြစ်ပေသည့် ရဟန်းသံဃာတော်ပေါင်းငါးရာနှင့်အတူ သီတင်းသုံးနေထိုင်တော်မူသောအခါတွင် စကြဝဠာတစ်ထောင်စီရှိသော  လောကဓာတ်တိုက် ဆယ်တိုက်တို့မှ နတ်ဗြဟ္မာအပေါင်းတို့သည် မြတ်စွာဘုရားရှင်နှင့် ရဟန်းသံဃာတော်တို့ကို ဖူးတွေ့ရန်အတွက် အများအပြား စုဝေးရောက်ရှိလာကြပေ၏။


သုဒ္ဓါဝါသဘုံမှ ဗြဟ္မာလေးဦးအကြောင်း

ထိုအခါတွင် သုဒ္ဓါဝါသဘုံတွင်နေသည့် ဗြဟ္မာလေးဦးတို့သည်-‘ဤ ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသော သဗ္ဗေညုမြတ်စွာဘုရားရှင်သည် သက္ကတိုင်း ကပိလဝတ်ပြည်(အနီးရှိ) မဟာဝုန်တောတွင် အားလုံး ရဟန္တာပုဂ္ဂိုလ်သာဖြစ်ပေသည့် ရဟန်းသံဃာတော်ပေါင်းငါးရာနှင့်အတူ သီတင်းသုံးနေထိုင်တော်မူသောအခါတွင် စကြဝဠာတစ်ထောင်စီရှိသော  လောကဓာတ်တိုက် ဆယ်တိုက်တို့မှ နတ်ဗြဟ္မာအပေါင်းတို့သည် မြတ်စွာဘုရားရှင်နှင့် ရဟန်းသံဃာတော်တို့ကို ဖူးတွေ့ရန်အတွက် အများအပြား စုဝေးရောက်ရှိလာကြပေ၏။


ငါတို့သည်လည်း မြတ်စွာဘုရားရှင် ထံသို့ သွားကြပြီး မြတ်စွာဘုရားရှင် အနားတော်တွင် ကိုယ်စီကိုယ်စီ ဂါထာတစ်ပုဒ်စီ ရွတ်ဆိုလျှောက်ထားရလျှင် ကောင်းပေမည်။ ’ဟူ၍ အကြံဖြစ်ကြလေ၏။


ထို့နောက် ထိုဗြဟ္မာလေးဦးတို့သည် ဥပမာဆိုရသော် ခွန်အားရှိသော ယောကျာ်း၏ အလျင်အမြန် ကွေးသောလက်ကို ဆန့်ခြင်း နှင့် ဆန့်သောလက်ကို ကွေးခြင်း ပြုသကဲသို့ သုဒ္ဓါဝါသဗြဟ္မာဘုံမှ ပျောက်ကွယ်ပြီး မြတ်စွာဘုရားရှင်၏ ရှေ့တော်တွင် အထင်အရှားပေါ်ကာရောက်ရှိကြကုန်၏။


ကိလေသာရန်သူတို့၏ ထိပါးအနိုင်ယူခြင်းကို မခံရသော အပရာဇိတအမည်ရှိ သံဃာတော်တို့ကိုဖူးတွေ့လိုသော သုဒ္ဓါဝါသဗြဟ္မာ

ထိုဗြဟ္မာလေးဦးတို့သည် မြတ်စွာဘုရားရှင်ကို ရှိခိုးပြီး တစ်နေရာတွင် ရပ်ပြီးသောအခါ ဗြဟ္မာတစ်ဦးသည် မြတ်စွာဘုရားရှင်၏ရှေ့တော်တွင်-‘အရှင်ဘုရား။ မဟာဝုန်တောတွင် နတ်ဗြဟ္မာအပေါင်းတို့သည် စုဝေးရောက်ရှိကြသဖြင့် အစည်းအဝေးကြီးဖြစ်နေလျက်ရှိပါ၏။ အကျွန်ုပ်တို့သည်လည်း ကိလေသာရန်သူတို့၏ ထိပါးအနိုင်ယူခြင်းကို မခံရသော အပရာဇိတအမည်ရှိ သံဃာတော်တို့ကို ဖူးတွေ့ရန်အတွက် ဤတရားသဘင် အစည်းအဝေးရှိရာသို့ လာရောက်ကြပါ၏’။’ဟူ၍ ပြောဆိုလျှောက်ထား၏။


ဣန္ဒြေတည်ငြိမ်သော သံဃာတော်တို့ကိုဖူးတွေ့လိုသော သုဒ္ဓါဝါသဗြဟ္မာ

ထို့နောက် ဗြဟ္မာတစ်ဦးသည် မြတ်စွာဘုရားရှင်၏ရှေ့တော်တွင်-‘ အရှင်ဘုရား။ ဤအစည်းအဝေးရှိ ရဟန်းတို့သည် မိမိစိတ်ကို တည်ကြည်ဖြောင့်မတ်စွာ ပြုထား(ပြီး)ကြပါ၏။ ရထားထိန်းသည် မြင်းဇက်ကြိုးတို့ကို ကိုင်၍ ထိန်းနိုင်သကဲ့သို့ ပညာရှိ ရဟန်းတို့သည်လည်း ဣန္ဒြေ(အမူအရာ)တို့ကို ထိန်းသိမ်းတော်မူနိုင်ကြပေ၏။’ဟူ၍ ပြောဆိုလျှောက်ထား၏။


ရာဂဒေါသမောဟမရှိသော သံဃာတော်တို့ကိုဖူးတွေ့လိုသော သုဒ္ဓါဝါသဗြဟ္မာ

ထို့နောက် ဗြဟ္မာတစ်ဦးသည် မြတ်စွာဘုရားရှင်၏ရှေ့တော်တွင်-‘ အရှင်ဘုရား။ မြတ်စွာဘုရားရှင် ကောင်းမွန်စွာ ဆုံးမထားပြီးသည်ဖြစ်သဖြင့် တပ်မက်ခြင်းတဏှာကင်းပြီး သန့်ရှင်းစင်ကြယ်သော ထိုရဟန္တာငယ်တို့သည် (တပ်မက်လိုချင်သော)ရာဂ၊ (အမျက်ထွက်ခြင်း)ဒေါသ၊ (တွေဝေမသိခြင်း)မောဟ ဟူသော ခလုတ်တံသင်း နှင့် တံခါးကျည်း မင်းတုပ်တို့ကိုဖြတ်ပြီးလျှင် (တပ်မက်လိုချင်သော)ရာဂ၊ (အမျက်ထွက်ခြင်း)ဒေါသ၊ (တွေဝေမသိခြင်း)မောဟ ဟူသော တံခါးတိုင်ကို နှုတ်ပြီး လှည့်လည်၍သွားလာနေကြကုန်၏။  ’ဟူ၍ ပြောဆိုလျှောက်ထား၏။




မြတ်စွာဘုရားရှင်အားကိုးကွယ်ခြင်းအကျိုးကိုပြောကြားသည့် သုဒ္ဓါဝါသဗြဟ္မာ

ထို့နောက် ဗြဟ္မာတစ်ဦးသည် မြတ်စွာဘုရားရှင်၏ရှေ့တော်တွင်-‘ အရှင်ဘုရား။ မြတ်စွာဘုရားရှင်ကို ကိုးကွယ်အားထားရာဟူ၍ ကိုးကွယ်အားထားဆည်းကပ်သူ အားလုံးသည် မကောင်းသော အပါယ်လောကဘုံသို့ မရောက်ကြဘဲ လူ့ခန္ဓာကို စွန့်ပယ်ပြီးသောအခါတွင် နတ်ပြည်သို့ ရောက်ရှိကြပါလတ္တံ့။ ’ဟူ၍ ပြောဆိုလျှောက်ထား၏။


မြတ်စွာဘုရားရှင် နတ်တို့အမည်များအား ကြေညာဖြစ်ကြောင်း ရဟန်းတို့အား မိန့်တော်မူခြင်း

ထိုအခါတွင် မြတ်စွာဘုရားရှင်သည် ရဟန်းတို့အား-‘ ရဟန်းတို့။ စကြဝဠာတစ်ထောင်စီရှိသော  လောကဓာတ်တိုက် ဆယ်တိုက်တို့မှ နတ်ဗြဟ္မာအပေါင်းတို့သည် မြတ်စွာဘုရားရှင်နှင့် ရဟန်းသံဃာတော်တို့ကို ဖူးတွေ့ရန်အတွက် အများအပြား စုဝေးရောက်ရှိလာကြပေ၏။


ရဟန်းတို့။ အတိတ်ကာလအခါတွင် ပွင့်တော်မူခဲ့သော ပူဇော်အထူးကို ခံယူတော်မူထိုက်သည့် မြတ်စွာဘုရားရှင်တို့၏လက်ထက်တော်အခါကလည်း ယခုငါ၏လက်ထက်ကဲ့သို့ ဤမျှ အတိုင်းအတာရှိသည့် နတ်ဗြဟ္မာတို့သည် စုဝေးခဲ့ကြလေပြီ။


ရဟန်းတို့။ အနာဂတ်ကာလအခါတွင်လည်း ပွင့်တော်မူမည်ဖြစ်သော ပူဇော်အထူးကို ခံယူတော်မူထိုက်သည့် မြတ်စွာဘုရားရှင်တို့၏လက်ထက်တော်အခါတွင်လည်း ယခုငါ၏လက်ထက်ကဲ့သို့ ဤမျှ အတိုင်းအတာရှိသည့် နတ်ဗြဟ္မာတို့သည် စုဝေးမည်ဖြစ်ပေ၏။


ရဟန်းတို့။ (ငါသည်) နတ်ဗြဟ္မာအပေါင်းတို့၏ အမည်နာမတို့ကို ပြောကြားမည်။

ရဟန်းတို့။ (ငါသည်) နတ်ဗြဟ္မာအပေါင်းတို့၏ အမည်နာမတို့ကို ကြေညာမည်။ ’

ရဟန်းတို့။ (ငါသည်) နတ်ဗြဟ္မာအပေါင်းတို့၏ အမည်နာမတို့ကို ဟောကြားမည်။

(ရဟန်းတို့) ဤစကားကို နာယူပြီး နှလုံးသွင်းကြလော့။ (ငါ)ဟောပေမည်။’ ဟူ၍ မိန့်တော်မူလေ၏။

ရဟန်းတို့က-‘အရှင်ဘုရား။ ကောင်းပါပြီ။’ဟူ၍ မြတ်စွာဘုရားရှင်၏စကားတော်ကို နာခံလေ၏။


မြတ်စွာဘုရားရှင်နှင့် ရဟန်းတို့၏ အပြုအမူမြင်ကွင်းအခြေအနေ

မြတ်စွာဘုရားရှင်သည်-‘ ရဟန်းတို့။ ဂါထာဖွဲ့ပြီး ဟောကြားပေအံ့။ အကြင်ရဟန်းတို့သည် မြေတည်နတ်များ မှီတည်နေထိုင်ရာ အရပ်ဒေသများ၊ တောင်ရှိလှိုဏ်ဂူတွင်းတို့ကို မှီခိုနေကြကုန်၏။ ထိုရဟန်းတို့သည် နိဗ္ဗာန်ကို ရည်မှန်းသော စိတ်ရှိကြ၏။ တည်ငြိမ်သောစိတ်လည်း ရှိကြ၏။ ထိုများပြားသော ရဟန်းတို့သည် ကြက်သီးမွေးညှင်းမထတုန်လှုပ်ခြင်းမရှိဘဲ ခြင်္သေ့မင်းကဲ့သို့ တစ်ပါးတည်း ကိန်းအောင်းနေထိုင်လေ့ရှိ၏။

ဖြူစင်သောစိတ်ရှိပြီး နောက်ကျူခြင်းကင်းပြီး သန့်ရှင်းကြည်လင်ကြပေ၏။ ’ဟူသော တရားစကားကို ဟောတော်မူ၏။

အရှင်အာနန္ဒာ-ထိုအချိန်တွင် မြတ်စွာဘုရားရှင်သည် ကပိလဝတ်ပြည(အနီးတွင်) မဟာဝုန်တောရှိ တပည့်သာဝက ငါးရာကျော်တို့ (မြတ်စွာဘုရားရှင်၏ အဆုံးအမ)သာသနာတော်တွင် နှစ်သက်စွာ နေကြသည်ကို သိတော်မူသောကြောင့် -‘ရဟန်းတို့။ နတ်ဗြဟ္မာအပေါင်းတို့သည် (သင်တို့ရှိရာသို့) ဦးတည်ပြီး လာရောက်ကြကုန်၏။ ထိုနတ်ဗြဟ္မာအပေါင်းတို့ကို ဒိဗ္ဗစက္ခုဉာဏ်အမြင်ဖြင့် သိမြင်ကြကုန်လော့။’ဟူ၍ အမိန့်ရှိတော်မူလေ၏။

ထိုရဟန်းတို့သည်လည်း မြတ်စွာဘုရားရှင်၏အဆုံးအမကို ကြားနာရ၍ သိရန်အတွက် (ဒိဗ္ဗစက္ခုဉာဏ်အမြင်ရရန်) အားထုတ်ကြ၏။


ထိုရဟန်းတို့တွင် နတ်ဗြဟ္မာတို့ကို မြင်နိုင်ရန်စွမ်းသည့် ဒိဗ္ဗစက္ခုအမြင်ဉာဏ်သည် ရရှိဖြစ်ပေါ်လေ၏။

အချို့သော ရဟန်းတို့သည် နတ်ဗြဟ္မာပေါင်းအယောက်တစ်ရာကို မြင်ကြရ၏။

အချို့သောရဟန်းတို့သည် နတ်ဗြဟ္မာပေါင်းအယောက်တစ်ထောင်ကို မြင်ကြရ၏။

အချို့သောရဟန်းတို့သည် နတ်ဗြဟ္မာပေါင်းအယောက်ခုနှစ်သောင်းကို မြင်ကြရ၏။

အချို့သောရဟန်းတို့သည် နတ်ဗြဟ္မာပေါင်းအယောက်တစ်သိန်းကို မြင်ကြရ၏။

အချို့သောရဟန်းတို့သည် မရေမတွက်နိုင်သောနတ်ဗြဟ္မာအပေါင်းကို မြင်ကြရ၏။

အားလုံးသောအရပ်မျက်နှာများသည် နတ်ဗြဟ္မာတို့ဖြင့် ပြည့်နှက်လျက်ရှိပေ၏။

ထိုအချိန်တွင် သမန္တစက္ခု၊ဒိဗ္ဗစက္ခု၊ဗုဒ္ဓစက္ခု၊မံသစက္ခု၊ပညာစက္ခု ဟူသော စက္ခုငါးပါးအားပိုင်ဆိုင်အစိုးရ တော်မူသော သဗ္ဗေညုမြတ်စွာဘုရားရှင်သည် ရဟန်းများ၏ တစ်ပါးချင်းစီ သိပုံမြင်ပုံ အားလုံးကို ထူးခြားသောဉာဏ်ဖြင့် သိမြင်ခွဲခြားမှတ်သားပြီးနောက် သာသနာအဆုံးအမတော်တွင် နှစ်သက်ပျော်ရွှင်ကုန်သော ထို တပည့်သာဝကရဟန်းတို့အား-‘ရဟန်းတို့။ နတ်ဗြဟ္မာအပေါင်းတို့သည် (ဤအစည်းအဝေးရှိရာအရပ်သို့) ဦးတည်ရောက်ရှိနေကြလေ၏။ ထို နတ်ဗြဟ္မာတို့ကို ဒိဗ္ဗစက္ခုဟူသော အမြင်ဉာဏ်ဖြင့် ကြည့်ရှုသိကြလော့။ ထိုနတ်ဗြဟ္မာတို့ကို (ငါသည်) သင်တို့အား(သိစေရန်) ဂါထာစကားဖြင့် အစဉ်တိုင်း (အစီအစဉ်တကျ) ပြောကြား(ကြေညာ)ပေအံ့။’ဟူ၍ မိန့်တော်မူ၏။


မဟာသမယအစည်းအဝေးရှိ နတ်ဗြဟ္မာ၏အမည်များကို ကြေညာခြင်း

(က)မဟာသမယအစည်းအဝေးရှိ မြေတည်နတ်များ၏အမည်များ

(၁)တောတောင်နေနတ်များ၏အမည်များ

သဗ္ဗေညုမြတ်စွာဘုရားရှင်-‘ရဟန်းတို့ မြေတွင်တည်နေ နေထိုင်ပြီး ကပိလဝတ်ပြည်ကို မှီခို၍နေထိုင်ကြသည့် ဘုန်းတန်ခိုးအာနုဘော်ကြီးမားပြီး ရုပ်အဆင်းချောမောကာ အခြံအရံအသိုင်းအဝိုင်းများကြသည့် နတ်ပေါင်း ခုနှစ်ထောင်တို့သည် (ဤ) မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ(သောစိတ်ဖြင့် )လာရောက်ကြလေ၏။


ဟိမဝန္တာတောင်တွင် နေထိုင်ကြသော အမျိုးမျိုးသော အရောင်အသွေးရှိသော ဘုန်းတန်ခိုးအာနုဘော်ကြီးမားပြီး ရုပ်အဆင်းချောမောကာ အခြံအရံအသိုင်းအဝိုင်းများကြသည့် နတ်ပေါင်း ခြောက်ထောင်တို့သည် (ဤ) မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ(သောစိတ်ဖြင့် ) လာရောက်ကြလေ၏။

သာတာဂီရိတောင်တွင် နေထိုင်ကြသော အမျိုးမျိုးသော အရောင်အသွေးရှိသော ဘုန်းတန်ခိုးအာနုဘော်ကြီးမားပြီး ရုပ်အဆင်းချောမောကာ အခြံအရံအသိုင်းအဝိုင်းများကြသည့် နတ်ပေါင်း သုံးထောင်တို့သည် (ဤ) မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ(သောစိတ်ဖြင့် ) လာရောက်ကြလေ၏။

(ဤဆိုအပ်ခဲ့ပြီးသော) အမျိုးမျိုးသော အရောင်အသွေးရှိသော ဘုန်းတန်ခိုးအာနုဘော်ကြီးမားပြီး ရုပ်အဆင်းချောမောကာ အခြံအရံအသိုင်းအဝိုင်းများကြသည့် နတ်ပေါင်း တစ်သောင်းခြောက်ထောင်တို့သည် (ဤ) မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ(သောစိတ်ဖြင့် ) လာရောက်ကြလေ၏။

ဝေဿာမိတ္တတောင်တွင် နေထိုင်ကြသော အမျိုးမျိုးသော အရောင်အသွေးရှိသော ဘုန်းတန်ခိုးအာနုဘော်ကြီးမားပြီး ရုပ်အဆင်းချောမောကာ အခြံအရံအသိုင်းအဝိုင်းများကြသည့် နတ်ပေါင်း ငါးရာတို့သည် (ဤ) မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ(သောစိတ်ဖြင့် ) လာရောက်ကြလေ၏။

ရာဇဂြိုဟ်ပြည် ဝေပုလ္လတောင်တွင်နေသော ကုမ္ဘီရနတ်စစ်သူကြီးအား သိန်းပေါင်းမကသော နတ်တို့သည် ခယခြံရံကြ၏။ ထို ရာဇဂြိုဟ်ပြည်နေ ကုမ္ဘီရနတ်စစ်သူကြီးသည်လည်း (ဤ) မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ လာရောက်လေ၏။


(၂)နတ်မင်းကြီးလေးပါးနှင့်မိသားစုများ

အရှေ့အရပ်ကို အစိုးရသည့် ဂန္ဓဗ္ဗနတ်တို့၏အရှင် ဓတရဋ္ဌ နတ်မင်းကြီးသည် များပြားသောအခြံအရံအား ပိုင်ဆိုင်၏။


ထိုနတ်မင်းကြီး၏ သားတော်တို့သည် များပြားလှ၏။ ခွန်အားကြီးမားပြီး တန်ခိုးအာနုဘော်ကြီးမားကာ ရုပ်အဆင်းချောမောသည့်အပြင် အခြံအရံအသိုင်းအဝိုင်းအများအပြားအား ပိုင်ဆိုင်သည့် ဣန္ဒအမည်ရှိထိုသားတော်တို့သည်လည်း (ဤ) မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ လာရောက်လေ၏။



တောင်အရပ်ကို အစိုးရသည့် ကုမ္ဘဏ်တို့၏အရှင် ဝိရုဠက နတ်မင်းကြီးသည် များပြားသောအခြံအရံအား ပိုင်ဆိုင်၏။

ထိုနတ်မင်းကြီး၏ သားတော်တို့သည် များပြားလှ၏။ ခွန်အားကြီးမားပြီး တန်ခိုးအာနုဘော်ကြီးမားကာ ရုပ်အဆင်းချောမောသည့်အပြင် အခြံအရံအသိုင်းအဝိုင်းအများအပြားအား ပိုင်ဆိုင်သည့် ဣန္ဒအမည်ရှိထိုသားတော်တို့သည်လည်း (ဤ) မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ လာရောက်လေ၏။

အနောက်အရပ်ကို အစိုးရသည့် နဂါးတို့၏အရှင် ဝိရုပက္ခ နတ်မင်းကြီးသည် များပြားသောအခြံအရံအား ပိုင်ဆိုင်၏။

ထိုနတ်မင်းကြီး၏ သားတော်တို့သည် များပြားလှ၏။ ခွန်အားကြီးမားပြီး တန်ခိုးအာနုဘော်ကြီးမားကာ ရုပ်အဆင်းချောမောသည့်အပြင် အခြံအရံအသိုင်းအဝိုင်းအများအပြားအား ပိုင်ဆိုင်သည့် ဣန္ဒအမည်ရှိထိုသားတော်တို့သည်လည်း (ဤ) မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ လာရောက်လေ၏။

မြောက်အရပ်ကို အစိုးရသည့် နတ်ဘီလူးတို့၏အရှင် ကုဝေရ နတ်မင်းကြီးသည် များပြားသောအခြံအရံအား ပိုင်ဆိုင်၏။

ထိုနတ်မင်းကြီး၏ သားတော်တို့သည် များပြားလှ၏။ ခွန်အားကြီးမားပြီး တန်ခိုးအာနုဘော်ကြီးမားကာ ရုပ်အဆင်းချောမောသည့်အပြင် အခြံအရံအသိုင်းအဝိုင်းအများအပြားအား ပိုင်ဆိုင်သည့် ဣန္ဒအမည်ရှိထိုသားတော်တို့သည်လည်း (ဤ) မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ လာရောက်လေ၏။

အရှေ့အရပ်တွင် ဓတရဋ္ဌနတ်မင်းကြီး၊ တောင်အရပ်တွင် ဝိရုဠက နတ်မင်းကြီး၊ အနောက်အရပ်တွင် ဝိရုပက္ခနတ်မင်းကြီး၊ မြောက်အရပ်တွင် ကုဝေရနတ်မင်းကြီးဟူသော ထို နတ်မင်းကြီးလေးယောက်တို့သည်  အရပ်လေးမျက်နှာပတ်ဝန်းကျင်တို့ကို အလွန်လင်းထိန်တောက်ပအောင်ပြုပြီး ကပိလဝတ်ပြည်(အနီး)မဟာဝုန်တောတွင် တည်ရှိနေလျက်ရှိ၏။

(၃)နတ်မင်းကြီးလေးပါး၏အခြွေအရံများနှင့်ဂန္ဓဗ္ဗမျိုးနွယ်နတ်များ

ထိုနတ်မင်းကြီး၏ လူယုံတော်ဖြစ်ကြပြီး မာယာဉာဏ်နီများတတ်ပြီး လှည့်ဖြားပြီး ကောက်ကျစ်ယုတ်မာတတ်သည့် မာယာနတ်၊ ကုဋေဏ္ဍုနတ်၊ ဝိဋေဏ္ဍုနတ်၊ ဝိဋုစ္စနတ်၊ ဝိဋူဋနတ်နှင့်တကွ စန္ဒနနတ်၊ ကာမသေဋ္ဌနတ်၊ ကိန္နိဃဏ္ဍုနတ်၊ နိဃဏ္ဍုနတ် တို့သည်လည်း ရောက်ရှိနေကြ၏။


ဤ ပနာဒနတ်၊ဩပမညနတ်၊ (သိကြားမင်း)ရထားထိန်းမာတလိနတ်၊ စိတ္တအမည်ရှိ ဂန္ဓဗ္ဗနတ်၊ သေနအမည်ရှိ ဂန္ဓဗ္ဗနတ်၊ စိတ္တသေနအမည်ရှိ ဂန္ဓဗ္ဗနတ်၊ နဠရာဇနတ်၊ ဇနဝသဘနတ်( ဗိဗ္မိသာရမင်းကြီးဖြစ်ဖူးသူ)၊ ပဉ္စသီခနတ်၊ တိမ္ဗရုနတ် နှင့် သူရိယဝစ္ဆသာနတ်သမီး ဟူသော ဂန္ဓဗ္ဗနတ်တို့နှင့် အခြားသောနတ်တို့သည်လည်း နတ်မင်းကြီး(လေးပါး)တို့နှင့်အတူ (ဤ) မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ(သောစိတ်ဖြင့် ) လာရောက်ကြလေ၏။


(ခ) နဂါးတို့၏အမည်များနှင့်ဧရာဝဏ်ဆင်နတ်မင်း

ထို့အပြင် နာဂသအိုင်တွင် နေသော နဂါးတို့နှင့် ဝေသာလီတွင်နေသော နဂါးတို့သည် နဂါးပရိသတ်အသိုင်းအဝိုင်းတို့နှင့် အတူ (ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့) လာရောက်ကြလေ၏။

ကမ္ပလအမည်ရှိနဂါး၊ အဿတရအမည်ရှိနဂါး နှင့် ပယာဂဆိပ်ကမ်းနေ နဂါးတို့သည် မိမိတို့၏ဆွေမျိုးအသိုင်းအဝိုင်းနှင့်အတူ (ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့) လာရောက်ကြလေ၏။

အခြံအရံအသိုင်းအဝိုင်းအများအပြားပိုင်ဆိုင်သော ယမုနာမြစ်တွင်နေကြသည့် နဂါးတို့ နှင့် ဓတရဋ္ဌမျိုးနွယ်နဂါးတို့သည် (ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့) လာရောက်ကြ၏။

ဧရာဝဏ်ဆင်ပြောင်ကြီးအမည်ရှိနတ်သားသည်လည်း (ဤ) မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ လာရောက်ကြ၏။


(ဂ)ဂဠုန်နှင့်နဂါးတို့၏ချစ်ကြည်ရေး

ဂဠုန်ငှက်တို့သည် ပြောခဲ့ပြီးသော နဂါးမင်းတို့ကို အနိုင်ကျင့်ပြီး ဖမ်းယူနိုင်ကြ၏။

နတ်တို့ကဲ့သို့ ဘုန်းအာနုဘော်ရှိ၏။

အမိဝမ်းနှင့် ဥတွင်းမှ နှစ်ကြိမ် မွေးဖွားရသူများဖြစ်၏။ တောင်ပံ ရှိနေ၏။
ကြည်လင်သော မျက်စိ အမြင် ရှိကြ၏။

ဆန်းကြယ်သောအတောင်အမွှေးရှိသဖြင့် စိတြသုပဏ္ဏအမည်ဟူသောအမည်အားပိုင်ဆိုင်ထားကြ၏။ ထိုဂဠုန်တို့သည် ကောင်းကင်ခရီးဖြင့် (မဟာဝုန်)တောအုပ်အလယ်သို့ ရောက်လာကြ၏။

ထိုအခါတွင် မြတ်စွာဘုရားရှင်သည် ဂဠုန်တို့၏ဘေးပြုခြင်းကို အေးငြိမ်းအောင် ပြုတော်မူသဖြင့် နဂါးတို့အတွက် ဘေးရန်ကင်းလေ၏။

နဂါးနှင့်ဂဠုန်တို့သည် သိမ့်မွေသောစကားတို့ဖြင့် ခေါ်ဝေါ်ပြောဆိုကြကာ မြတ်စွာဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်အားထားကြလေ၏။


(ဃ)အသူရာများ၏အမည်များနှင့် အသူရာနှင့်မာရ်နတ်မင်းတို့၏အကြောင်း

ဝရဇိန်လက်နက်ရှိသော သိကြားမင်းကို စစ်ရှုံးသဖြင့် သမုဒ္ဒရာကို မှီခိုနေထိုင်ကြသည့် အသုရာတို့သည် သိကြားမင်း၏ ညီနောင်များပင်ဖြစ်ကြပြီး တန်ခိုးကြီးမားကာ အခြံအရံအသိုင်းအဝိုင်းများကြသူများဖြစ်ပေ၏။

ကာလကဉ္စအသုရာတို့သည် ကြီးမားပြီးကြောက်မက်ဖွယ်ကောင်းသည့် ကိုယ်ခန္ဓာကို ဖန်တီးပြုလုပ်ပြီးလာကြ၏။

ဒါနဝေဃအမည်ရှိလေးသမား အသုရာ၊ ဝေပစိတ္တိအသုရာ၊ သုစိတ္တိအသုရာ၊ ပဟာရာဒအသုရာ တို့သည် မာရ်နတ်မင်းသားနှင့် အတူ (ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့) လာရောက်ကြ၏။

ဗလိအသုရာကြီး၏ ဝေရောစအမည်ရှိ သားတော်ပေါင်းတစ်ရာတို့သည် ဗလိအသုရာစစ်တပ်ကို လက်နက်တပ်ဆင်ပြီး ရာဟု အသုရိန်ကြီးထံသို့ သွားကြပြီး ‘သင့်အတွက် ကောင်းခြင်းမင်္ဂလာဖြစ်ပါစေသတည်း။ မဟာဝုန်တောရှိ ရဟန်းတို့ အစည်းအဝေးသို့သွားရန် အချိန်ကျပါပြီ’ဟူ၍ ပြောဆိုအသိပေးကြလေ၏။


(င) အယောက်ခြောက်ဆယ်သောကောင်းကင်နေနတ်များ၏အမည်များ

ထိုအချိန်တွင် အာပေါ(ရေ)နတ်၊ ပထဝီ(မြေ)နတ်၊ တေဇော(မီး)နတ်၊ ဝါယော(လေ)နတ်၊ ဝရုဏအမည်ရှိနတ်၊ ဝါရဏအမည်ရှိနတ်၊ သောမအမည်ရှိနတ်တို့သည် ယသနတ်နှင့်အတူ (ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့) ရောက်ရှိကြ၏။

အခြံအရံအများအပြားပိုင်ဆိုင်သည့် မေတ္တာနတ်နှင့် ကရုဏာနတ်တို့သည်လည်း (ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့) လာရောက်ကြ၏။

တန်ခိုးအာနုဘော်ကြီးကြသည့် အဆင်းချောမောပြီး အခြံအရံအများအပြားရှိသည့် အသွေးအရောင် အမျိုးမျိုး ရှိသည့် အားလုံးသော ထို နတ်အစုအဝေးဆယ်အုပ်စုတို့သည် ဤ မဟာဝုန်တော ရဟန်းတို့၏အစည် းအဝေးသို့ ဝမ်းမြောက် ဝမ်းသာသော(စိတ်ဖြင့်) လာရောက်ကြလေ၏။

ဝေဏ္ဍုနတ်၊ သဟလိနတ်၊ အသမနတ်တို့နှင့်အတူ ယမနတ်နှစ်မျိုးတို့သည် (ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့) လာရောက်ကြ၏။

လ၏အခြံအရံအသိုင်းအဝိုင်းဖြစ်သောနတ်တို့သည် လနတ်မင်းကို ရှေ့ထားပြီး (ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့) လာရောက်ကြ၏။

နေ၏အခြံအရံအသိုင်းအဝိုင်းဖြစ်သောနတ်တို့သည် နေနတ်မင်းကို ရှေ့ထားပြီး (ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့) လာရောက်ကြ၏။

ကြယ်နက္ခတ်တို့၏အခြံအရံအသိုင်းအဝိုင်းဖြစ်သောနတ်တို့သည် နေနတ်မင်းကို ရှေ့ထားပြီး (ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့) လာရောက်ကြ၏။

မန္ဒဝလာဟကနတ်တို့သည်လည်း (ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့) လာရောက်ကြ၏။

နတ်တို့၏အကြီးအမှူးခေါင်းဆောင်ဖြစ်သော ရှေးအခါက အလှူဒါနပေးဖူးသဖြင့် ဝါသဝအမည်ရှိ သိကြားမင်းသည်လည်း (ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့) လာရောက်နေ၏။

တန်ခိုးအာနုဘော်ကြီးကြသည့် အဆင်းချောမောပြီး အခြံအရံအများအပြားရှိသည့် အသွေးအရောင် အမျိုးမျိုး ရှိသည့် အားလုံးသော ထို နတ်အစုအဝေးဆယ်အုပ်စုတို့သည် ဤ မဟာဝုန်တော ရဟန်းတို့၏အစည်း အဝေး သို့ ဝမ်းမြောက် ဝမ်းသာသော(စိတ်ဖြင့်) လာရောက်ကြလေ၏။

ထို့အပြင် မီးလျှံကဲ့သို့ တောက်ပသော အရောင်အရှိန်ရှိသော သဟဘူမည်သော နတ်များ၊ အောင်မဲညိုပန်းပွင့်နှင့်တူသော အရောင်အဆင်းရှိသော အရိဋ္ဌနတ်များ၊ ရောဇနတ်များ၊ ဝရုဏနတ်များ၊ သဟဓမ္မနတ်များ၊အစ္စုတနတ်များ၊ အနေဇကနတ်များ၊ သုလေယျနတ်များ၊ ရုစိရနတ်များ၊ ဝါသဝနေသိ အမည်ရှိနတ်များ ဟူသော နတ်မျိုးတို့သည်လည်း (ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့) လာရောက်ကြ၏။

တန်ခိုးအာနုဘော်ကြီးကြသည့် အဆင်းချောမောပြီး အခြံအရံအများအပြားရှိသည့် အသွေးအရောင် အမျိုးမျိုး ရှိသည့် အားလုံးသော ထို နတ်အစုအဝေးဆယ်အုပ်စုတို့သည် ဤ မဟာဝုန်တော ရဟန်းတို့၏အစည်း အဝေးသို့ ဝမ်းမြောက် ဝမ်းသာသော(စိတ်ဖြင့်) လာရောက်ကြလေ၏။

သမာနနတ်များ၊ မဟာသမာနနတ်များ၊ မာနုသနတ်များ၊ မာနုသုတ္တမနတ်များ၊ ခိဍာပဒေါသိကနတ်များ၊ မနောပဒေါသိကနတ်များ ဟူသော နတ်မျိုးတို့သည်လည်း (ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့) လာရောက်ကြ၏။

ထို့အပြင် ဟရိနတ်များ၊ လောဟိတဝါသီနတ်များ၊ အခြံအရံအများအပြားအား ပိုင်ဆိုင်ထားသော ပါရဂနတ်များ၊ မဟာပါရဂနတ်များ ဟူသော နတ်မျိုးတို့သည်လည်း (ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့) လာရောက်ကြ၏။

တန်ခိုးအာနုဘော်ကြီးကြသည့် အဆင်းချောမောပြီး အခြံအရံအများအပြားရှိသည့် အသွေးအရောင် အမျိုးမျိုး ရှိသည့် အားလုံးသော ထို နတ်အစုအဝေးဆယ်အုပ်စုတို့သည် ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ ဝမ်းမြောက် ဝမ်းသာသော(စိတ်ဖြင့်) လာရောက်ကြလေ၏။


သုက္ကနတ်များ၊ ကရမ္ဘနတ်များ၊ အရုဏနတ်များ ဟူသော နတ်တို့သည် ဝေဃနသနတ်များနှင့်အတူ ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ ဝမ်းမြောက် ဝမ်းသာသော(စိတ်ဖြင့်) လာရောက်ကြလေ၏။

သဒါမတ္တနတ်များ၊ ဟာရဂဇနတ်များ၊ အခြံအရံအများအပြားပိုင်ဆိုင်သည့် မိဿကနတ်များတို့သည်လည်း မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ ဝမ်းမြောက် ဝမ်းသာသော(စိတ်ဖြင့်) လာရောက်ကြလေ၏။


အရပ်မျက်နှာများသို့ သွားလာလေ့ရှိပြီး မိုးရွာစေတတ်သော ပဇ္ဇုန္န(မိုး)နတ်သည်လည်း မိုးထစ်ချုန်းရွာစေလျက် လာရောက်စေ၏။


တန်ခိုးအာနုဘော်ကြီးကြသည့် အဆင်းချောမောပြီး အခြံအရံအများအပြားရှိသည့် အသွေးအရောင် အမျိုးမျိုး ရှိသည့် အားလုံးသော ထို နတ်အစုအဝေးဆယ်အုပ်စုတို့သည် ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ ဝမ်းမြောက် ဝမ်းသာသော(စိတ်ဖြင့်) လာရောက်ကြလေ၏။


ခေမိယနတ်များ၊ တုသိတာနတ်ပြည်တွင်နေသောနတ်များ၊ ယာမာနတ်ပြည်တွင်နေသောနတ်များ၊ အခြံအရံအများအပြားပိုင်ဆိုင်သည့် ကဋ္ဌကနတ်များ၊ လမ္ဗီတကနတ်များ၊ လာမသေဋ္ဌနတ်များ၊ ဇောတိအမည်ရှိနတ်များ၊ အာသဝနတ်များ၊ နိမ္မာနရတိနတ်ပြည်တွင်နေသောနတ်များ၊ ပရနိမ္မိတဝသဝတ္တီ နတ်ပြည်တွင်နေသောနတ်များဟူသော နတ်မျိုးတို့သည်လည်း ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ ဝမ်းမြောက် ဝမ်းသာသော(စိတ်ဖြင့်) လာရောက်ကြလေ၏။


တန်ခိုးအာနုဘော်ကြီးကြသည့် အဆင်းချောမောပြီး အခြံအရံအများအပြားရှိသည့် အသွေးအရောင် အမျိုးမျိုး ရှိသည့် အားလုံးသော ထို နတ်အစုအဝေးဆယ်အုပ်စုတို့သည် ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ ဝမ်းမြောက် ဝမ်းသာသော(စိတ်ဖြင့်) လာရောက်ကြလေ၏။


ဤဆိုအပ်ခဲ့ပြီးသော အသွေးအရောင် အမျိုးမျိုး ရှိသည့် အားလုံးသော ထို အယောက်ခြောက်ဆယ်ရှိသော နတ်အစုအဝေးအုပ်စု ခြောက်စုတို့သည် ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ ဝမ်းမြောက် ဝမ်းသာသော(စိတ်ဖြင့်) လာရောက်ကြလေ၏။ ထိုနတ်များနှင့် အမျိုးအမည်တူသော အခြားသောနတ်များသည်လည်း ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ ဝမ်းမြောက် ဝမ်းသာသော(စိတ်ဖြင့်) လာရောက်ကြလေ၏။

(ထို အယောက်ခြောက်ဆယ်ရှိသော နတ်အစုအဝေးအုပ်စု ခြောက်စုတို့နှင့် အမျိုးအမည်တူသော အခြားသောနတ် တို့သည်)-‘ပဋိသန္ဓေနေခြင်း မရှိတော့သော၊ တပ်မက်စွဲလန်းခြင်းရာဂ၊ စိတ်ဆိုးခြင်းဒေါသ၊ မသိတွေဝေခြင်းမောဟ ဟူသော ခလုတ်တံတင်း အနှောင့်အယှက်အား မရှိသည်အထိဖယ်ရှားပြီးသော၊ ဩဃလေးဖြာသံသရာမှ ကူးမြောက်လွတ်ကင်းတော်မူပြီးသော အာသဝေါတရားကင်းပြီးသော အရိယာနွယ်ဝင်သံဃာတော်များနှင့် ညစ်ညူးခြင်းကင်းပြီး သန့်ရှင်းသည့် လမင်းကြီးသဖွယ် တင့်တယ်ကျက်သရေရှိတော်မူသော ဩဃလေးဖြာ သံသရာမှ သတ္တဝါအပေါင်းတို့အား လွတ်မြောက်စေတော်မူတတ်သော ဗုဒ္ဓမြတ်စွာဘုရားရှင်ကို ဖူးတွေ့ကြမည်။’ဟူသော စကားအား ကြွေးကြော်သီဆိုပြီး ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ လာကြလေ၏။


(စ) တန်ခိုးထက်သောဗြဟ္မာများ အစည်းအဝေးသို့ တက်ရောက်ကြခြင်း

တန်ခိုးကြီးမားတော်မူသည့် မြတ်စွာဘုရားရှင်၏ သားလှရတနာလည်းဖြစ်ကြသည့် သုဗြဟ္မာအမည်ရှိဗြဟ္မာ နှင့် ပရမတ္ထအမည်ရှိဗြဟ္မာတို့သည်လည်း (ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့ )အတူတူ လာရောက်ကြလေ၏။

သနင်္ကုမာရဗြဟ္မာနှင့် တိဿဗြဟ္မာတို့သည်လည်း (ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့) လာရောက်ကြလေ၏။

လက်တစ်ချောင်းဖြင့် စကြဝဠာတစ်ထောင်၊ လက်ဆယ်ချောင်းဖြင့် စကြဝဠာတစ်သောင်းအထိ အရောင်အဝါအလင်း သက်ရောက်နိုင်သော ဗြဟ္မာအယောက်တစ်ထောင်သည် တို့သည် (ဤ မဟာဝုန်တော ရဟန်းတို့၏)အစည်းအဝေးသို့ လာရောက်ကြလေ၏။

ဗြဟ္မာပြည်တွင် ပဋိသန္ဓေတည်ခြင်းနည်းဖြင့် မွေးဖွားဖြစ်တည်ခဲ့သော၊ ဘုန်းတန်ခိုး အာနုဘော်နှင့် ကြီးမားသော ခန္ဓာကိုယ်ရှိသော၊ ကျက်သရေရှိသော မဟာဗြဟ္မာ(မင်း)သည်လည်း အခြား ဗြဟ္မာတစ်ထောင်ကို လွှမ်းမိုးအုပ်ချုပ်နေ၏။


ထိုသို့ ဗြဟ္မာတစ်ထောင် စီ အသီးသီး အုပ်ချုပ်အစိုးရသည့် မဟာဗြဟ္မာ(မင်း)ဆယ်ဦးတို့သည် (ဤ မဟာဝုန်တော ရဟန်းတို့၏)အစည်းအဝေးသို့ လာရောက်ကြလေ၏။


ထိုမဟာဗြဟ္မာများအနက် ဟာရိတအမည်ရှိ မဟာဗြဟ္မာ(မင်း)သည်လည်း ဗြဟ္မာတစ်သိန်း ခြံရံ၍ (ဤ မဟာဝုန်တော ရဟန်းတို့၏)အစည်းအဝေးသို့ လာရောက်လေ၏။


(ဆ) မာရ်နတ်မင်း၏ယုတ်မာပုံ

ရဟန်းတို့။ မာရ်နတ်မင်း၏ မိုက်မဲမှုကို ရှုစားကြလော့။

သိကြား၊ မဟာဗြဟ္မာတို့နှင့်တကွ (ဤ မဟာဝုန်တော ရဟန်းတို့၏အစည်းအဝေးသို့) ဦးတည်လာကြကုန်သော နတ်ဗြဟ္မာအားလုံးတို့ထံသို့ မာရ်နတ်မင်း၏ စစ်သည်များသည် ဦးတည်ချီတက်လာကြလေပြီ။

စစ်သည်အများအပြားအားပိုင်ဆိုင်ထားသော မာရ်နတ်မင်းသည်-‘လာကြလော့။ဖမ်းကြ။ချည်နှောင်ကြလော့၊ ရာဂဖြင့်တုပ်နှောင်ကြလော့။ ထက်ဝန်းကျင်ပတ်ဝန်းကျင်မှနေ၍ ဝိုင်းထားလော့။ သင်တို့သည် တစ်ဦးတစ်ယောက်မှ မလွတ်စေနှင့်။’ဟူသော စကားအား အမိန့်ရှိပြီး လျှပ်စစ်နှင့်တကွ မိုးကြီးထစ်ချုန်းသံခြိမ်းသံကဲ့သို့သော ကြောက်မက်ဖွယ်အသံကို ပြု၍ ဤ (မဟာဝုန်တော ရဟန်းတို့၏)အစည်းအဝေးသို့ မာရ်စစ်သည်ကို စေလွှတ်လေ၏။

သို့သော်လည်း မာရ်နတ်မင်းသည် မိမိအလိုအတိုင်း မဖြစ်လေသဖြင့် ပြင်းထန်စွာ ဒေါသထွက် စိတ်တိုကာ ပြန်ခဲ့ရလေ၏။


(ဇ)မြတ်စွာဘုရားရှင်နှင့်ရဟန်းသံဃာတော်တို့၏ရဲရင့်မှုကို ချီးကျူးသော မာရ်နတ်မင်း

ထိုအချိန်တွင် သမန္တစက္ခု၊ဒိဗ္ဗစက္ခု၊ဗုဒ္ဓစက္ခု၊မံသစက္ခု၊ပညာစက္ခု ဟူသော စက္ခုငါးပါးအားပိုင်ဆိုင်အစိုးရ တော်မူသော သဗ္ဗေညုမြတ်စွာဘုရားရှင်သည်(မာရ်နတ်မင်းပရိသတ်၏ဖြစ်ပျက်ပုံ)အားလုံးကို ထူးခြားသောဉာဏ်ဖြင့် သိမြင်ခွဲခြားမှတ်သားပြီးနောက် သာသနာအဆုံးအမတော်တွင် နှစ်သက်ပျော်ရွှင်ကုန်သော ထို တပည့်သာဝကရဟန်းတို့အား-‘ရဟန်းတို့။ မာရ်နတ်မင်း၏စစ်သည်တို့သည် (သင်တို့ထံသို့) ဦးတည်ချီတက်လာကြနေပြီ။ ထိုမာရ်နတ်မင်း၏စစ်သည်တို့ကို မြင်သိကြလော့’ဟူ၍ မိန့်တော်မူ၏။


ထိုရဟန်းတို့သည် မြတ်စွာဘုရားရှင်၏ အမိန့်တော်ကို ကြားသောကြောင့် (ထို မာရ်နတ်မင်း၏စစ်သည်တို့ကို) သိရန် ကြိုးစား၏။ မာရ်နတ်မင်း၏စစ်သည်တို့သည် ထိုရဟန္တာတို့၏ မွေးညှင်း(တစ်မွှေးကလေး)ကိုမျှ မလှုပ်ရှားမတုန်လှုပ်စေနိုင်သည်ဖြစ်သဖြင့် ထိုရဟန္တာတို့အနားမှာ ရှောင်ဖယ်သွားလေပြီ။


ထိုအခါ မာရ်နတ်မင်းသည် ရဟန်းသံဃာတို့ကို အာရုံပြုပြီး-‘စစ်ပွဲကို အောင်မြင်ပြီးသော၊ ကြောက်ရွံ့ခြင်းမရှိတော့သော၊ ထင်ပေါ်ကျော်ကြားခြင်းရှိသော၊ လူအပေါင်းတို့တွင်လည်း ထင်ရှားသောသူများဖြစ်သည့် ထို (ဘုရား၏တပည့်)သာဝက အားလုံးတို့သည် အရိယာတို့နှင့် အတူ ဝမ်းမြောက်ပျော်ရွှင်ကုန်၏။’ဟူသောဂါထာအား ရွတ်ဆိုခဲ့လေသတည်း။ ”


ကိုးကား
မဟာဝဂ်ပါဠိတော် မြန်မာပြန် ကမ္ဘာအေးစာကြည့်တိုက်
ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။ဗုဒ္ဓဘာသာကောင်းတစ်ယောက်။ သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန။ ၂၀၀၅။