လယောင်တွင် မြန်မာအလုပ်သမား၆ဦးပျောက်ဆုံးနေမှု တိုင်ကြားနိုင်ရေးအတွက် ထိုင်း အလုပ်သမားဝန်ကြီးဌာန၊ ဝန်ကြီးနှင့်အလုပ်သမားသံအရာရှိဦးအောင်ကိုဇော်တို့ ဆိုဖွမ်ဘုန်းကြီးကျောင်း၌ နိုဝင်ဘာ ၁၃ရက် နံနက်၁၀နာရီက တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံရှိ အလုပ်သမားသံအရာရှိရုံးအနေဖြင့် ဆိုဖွမ်ဘုန်းကြီးကျောင်း၌ အလုပ်သမားဝန်ကြီးဌာန၊ ဝန်ကြီး၏ ညွှန်ကြားမှုဖြင့် အဆိုပါအလုပ်သမား ၆ ဉီးကို အချုပ်ထောင်မှလွှတ်၍ Quarantine ၁၄ ရက် ဝင်ပြီးပါက ပြန်လည်လွှတ်ပေးရန် ညှိနှိုင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယင်းအလုပ်သမားများ Quarantine ထွက်လာပါက လယောင်အလုပ်အကိုင် ဌာနရုံးမှ သွားရောက်ခေါ်ဆောင်ပေးကာ အလုပ်ရှင်အသစ်ထံအပ်နှံ၍ အလုပ်ရှင်အသစ်အနေဖြင့်လည်း ၎င်းတို့ အထောက်အထားသစ်ရရှိရန် အမည်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယင်းသို့ အလုပ်ရှင်အသစ် အမည်ခံနိုင်ရေး သူဌေးတစ်ဉီး၏ အကူအညီရရှိအောင် ဆောင်ရွက်နိုင်ခဲ့သည့်အပြင် အလုပ်အကိုင်ဌာနရုံး၏ အကူအညီဖြင့် စက်ရုံ (Rubber Wood Management Rayong Co., Ltd)၌ ကျန်ရှိမည်ဖြစ်သော အလုပ်သမား မိသားစုဝင် များကိုလည်း အလုပ်မှနှုတ်ပေး၍ ပျောက်ဆုံးအလုပ်သမား ၆ ဉီးနှင့် အတူ အလုပ်လုပ်ကိုင်ခွင့်ရရှိအောင် စီစဉ်ပေးရန် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်သမား ၆ ဦးပျောက်ဆုံးခြင်းမှာ ယင်းအလုပ်သမား၆ဦး အနက် ၂ ဉီးက ရန်ဖြစ်ခြင်း၊ အလုပ် သမားများ ဆူပူ အုံကြွစေရန် လှုံဆော်ခြင်း၊ Quarantine ဝင်စဉ် အရက်သောက်ခြင်းတို့ကြောင့် အလုပ်ရှင် ၏ အစီအစဉ်ဖြင့် လူဝင်မှုကြီးကြပ်ရေးအား ဖမ်းဆီးထိန်းချုပ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအလုပ်သမား၆ဦး Quarantine ထွက်ပါကလည်း အလုပ်သမားသံအရာရှိရုံးမှ သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့်လည်း စက်ရုံ၊ အလုပ်ရုံအလိုက် ထုတ်ပြန်သော COVID-19 ထိန်းချုပ်ကာကွယ်မှု အစီအစဉ်များကို လိုက်နာနေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။