Monday, June 26, 2023

အညမညပစ္စယော


"အညမည" ဆိုသည်မှာ အချင်းချင်း အပြန်အလှန်ဟု အဓိပ္ပါယ်ရ၏။ အကြောင်းတရားနှင့် အကျိုးတရားသည် "ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ" ဆိုသကဲ့သို့ အပြန်အလှန် ကျေးဇူးပြုနေကြ၏ဟု ဆိုလိုသည်။

တုတ်သုံးချောင်း ထောက်ထားလျှင် တစ်ခုနှင့်တစ်ခု အပြန်အလှန် မှီနေကြသည့်အတွက် လဲကျ မသွားတော့ပေ။ ထိုနည်းတူစွာ အကြောင်းတရားနှင့် အကျိုးတရားတို့သည် အပြန်အလှန် ကျေးဇူးပြုပြီး ရပ်တည်နေကြ၏။

ထို့ကြောင့် အကြောင်းတရားကလည်း ရုပ်နှင့် နာမ်၊ အကျိုးတရားကလည်း ရုပ်နှင့် နာမ်ပင် ဖြစ်သည်။ ဤကဲ့သို့ အကြောင်းအကျိုး ဖြစ်နေသည့် ပစ္စည်းကို "အညမညပစ္စည်း" ဟု ခေါ်သည်။

သဟဇာတပစ္စယော


"သဟဇာတ" ဆိုသည်မှာ အတူတကွ ဖြစ်ခြင်း၊ ပြိုင်တူဖြစ်ခြင်းဟု အဓိပ္ပါယ်ရ၏။ အကြောင်းတရားသည် အကျိုးတရားကို ပြိုင်တူဖြစ်၍ ကျေးဇူးပြုသည်ဟု ဆိုလိုသည်။

ဆီမီးထွန်းသည့်အခါတွင် မီး တောက်သည်နှင့် တပြိုင်နက် အလင်းရောင် ပေါ်ထွက်လာ၏။ မီးကြောင့် အလင်းရောင် ပေါ်ထွက်လာရကား မီးသည် အကြောင်း၊ အလင်းသည် အကျိုးတည်း။ မီးတည်းဟူသော အကြောင်းနှင့် အလင်းတည်းဟူသော အကျိုးတို့သည် ပြိုင်တူဖြစ်ကြလေသည်။

ထိုနည်းတူစွာ အကြောင်းတရားနှင့် အကျိုးတရားတို့သည် ပြိုင်တူဖြစ်၍ ကျေးဇူးပြုနေကြသည်။

ထို့ကြောင့် ရုပ်နှင့်နာမ်တို့သည် အကြောင်းတရား၊ ယင်းအကြောင်းတရားနှင့် ပြိုင်တူ ဖြစ်လာကြသော ရုပ်နှင့် နာမ်တို့က အကျိုးတရား။ ဤကဲ့သို့ အကြောင်းအကျိုး ဖြစ်နေသည့် ပစ္စည်းကို "သဟဇာတပစ္စည်း" ဟု ခေါ်သည်။

သမနန္တရပစ္စယော


"သမနန္တရ" ဟူသည် လွန်ကဲစွာ အခြားမဲ့ ဟု အဓိပ္ပါယ်ရ၏။ အကြောင်းတရားက အကျိုးတရားကို အမှန်တကယ် ခြားကွယ်ခြင်း မရှိဘဲ ကျေးဇူးပြုသည်ဟု ဆိုလိုသည်။

အမှန်တကယ် ခြားကွယ်ခြင်း မရှိဘဲ ကျေးဇူးပြုဆိုသည်မှာ ရှေ့စိတ်နှင့် နောက်စိတ်ဟု စိတ်နှစ်မျိုး ရှိသော်လည်း ရှေ့စိတ်၏ ပျက်ခြင်းနှင့် နောက်စိတ်၏ ဖြစ်ခြင်းတို့ အကြား ခြားကွယ်ခြင်း မရှိရကား စိတ်တစ်မျိုးတည်းကဲ့သို့ ဖြစ်နေ၏ဟု ဆိုလိုသည်။

ရုပ်တရားသည် တစ်ခုနှင့် တစ်ခု ပေါင်းစပ်ထားသော်လည်း ရုပ်တစ်ခုနှင့် တစ်ခု အပိုင်းအခြား ရှိ၏။ ယင်းအပိုင်းအခြားကိုပင် "အာကာသဓာတ်" ဟု ခေါ်သည်။ နာမ်တရားတို့သည်ကား ရုပ်တရားကဲ့သို့ ခွဲခြားလို့ မရပေ။ ရှေ့စိတ်နှင့် နောက်စိတ်တို့သည် တစ်ခုတည်းကဲ့သို့ ထင်ရလောက်အောင် ဆက်သွယ်ပြီး ဖြစ်နေကြလေသည်။

စိတ်အစဉ်တန်းကြီးသည် သူ့အစီအစဉ်နှင့်သူ ဖြစ်နေ၏။ ရှေ့စိတ် ပျက်လျှင် နောက်စိတ်သည် ချက်ချင်း ဖြစ်လာ၏။ နောက်စိတ်ကလည်း ဖြစ်ပြီးနောက် ပျက်ပြန်ရကား နောက်ထပ် စိတ်အသစ် ဖြစ်လာပြန်၏။

ဤသို့လျှင် ရှေ့စိတ်ပျက်လိုက် နောက်စိတ်ဖြစ်လိုက်နှင့် စိတ်အစဉ်အတန်းကြီးသည် ပုံမှန် လည်ပတ်နေတော့သည်။

ထို့ကြောင့် ရှေ့စိတ် (နာမ်တရား) သည် အကြောင်းတရား။ နောက်စိတ် (နာမ်တရား) သည် အကျိုးတရား။ ဤကဲ့သို့ အကြောင်းအကျိုး ဖြစ်နေသည့် ပစ္စည်းကို "သမနန္တရပစ္စည်း" ဟု ခေါ်ပါသည်။

အနန္တရပစ္စယော


"အနန္တရ" ဟူသည် အကြားမရှိဟု အဓိပ္ပါယ်ရ၏။ အကြောင်းတရားက အကျိုးတရားကို ခြားကွယ်ခြင်း မရှိဘဲ ကျေးဇူးပြုသည်ဟု ဆိုလိုသည်။

စိတ်အစဉ်အတန်းကြီးသည် တစ်ခုပြီး တစ်ခု သူ့အစီအစဉ်နှင့်သူ တရစပ် ဖြစ်နေ၏။ ထိုအစီအစဉ်မှ တမျိုးတဖုံ ပြောင်းလဲပြီး တခြားစိတ် ဖြစ်ရိုးထုံးစံ မရှိပေ။

စိတ်အစဉ်အတန်းကြီးထဲမှ တစ်ခုတစ်ခုသော စိတ်သည် ဖြစ်လိုက် ပျက်လိုက်နှင့် ပြောင်းလဲနေ၏။ ရှေ့စိတ် ပျက်လျှင် နောက်စိတ်သည် ချက်ချင်း ဖြစ်လာ၏။ နောက်စိတ်ကလည်း ဖြစ်ပြီးနောက် ပျက်ပြန်ရကား နောက်ထပ် စိတ်အသစ် ဖြစ်လာပြန်၏။

ဤသို့လျှင် ရှေ့စိတ်ပျက်လိုက် နောက်စိတ်ဖြစ်လိုက်နှင့် စိတ်အစဉ်အတန်းကြီးသည် ပုံမှန် လည်ပတ်နေတော့သည်။

ထို့ကြောင့် ရှေ့စိတ် (နာမ်တရား) သည် အကြောင်းတရား။ နောက်စိတ် (နာမ်တရား) သည် အကျိုးတရား။ ဤကဲ့သို့ အကြောင်းအကျိုး ဖြစ်နေသည့် ပစ္စည်းကို "အနန္တရပစ္စည်း" ဟု ခေါ်ပါသည်။

အဓိပတိပစ္စယော


"အဓိပတိ" ဟူသည် အကြီးအမှူးဟု အဓိပ္ပါယ်ရ၏။ အကြောင်းတရားက အကျိုးတရားကို အကြီးအမှူးအဖြစ်ဖြင့် ကျေးဇူးပြုသည်ဟု ဆိုလိုသည်။

စကြဝတေးမင်းသာ ရှိလျှင် မည်သူမဆို စကြဝတေးမင်း၏ အလိုဆန္ဒအတိုင်းသာ ဆောင်ရွက်ရ၏။ ဘာကြောင့်နည်း။ စကြဝတေးမင်းသည် တကမ္ဘာလုံးကို အုပ်စိုးနိုင်သောကြောင့်တည်း။ ထိုနည်းတူစွာ အဓိပတိတရားနှင့် အဓိပတိအာရုံတို့သည် ဆိုင်ရာဆိုင်ရာ ရုပ်နာမ်တရားတို့ကို အုပ်စိုးနိုင်စွမ်း ရှိပါသည်။

ထို့ကြောင့် အဓိပတိတရားနှင့် အဓိပတိအာရုံသည် အကြောင်းတရား၊ ဆိုင်ရာဆိုင်ရာ ရုပ်နာမ်တို့သည် အကျိုးတရား။ ဤကဲ့သို့ အကြောင်းအကျိုး ဖြစ်နေသည့်ပစ္စည်းကို "အဓိပတိပစ္စည်း" ဟု ခေါ်သည်။

အာရမ္မဏပစ္စယော



“အာရမ္မဏ” ဆိုသည်မှာ အာရုံဟု အဓိပ္ပါယ်ရ၏။ အကြောင်းတရားက အကျိုးတရားကို အာရုံ အဖြစ်ဖြင့် ကျေးဇူးပြုသည်ဟု ဆိုလိုသည်။

လူတိုင်းလူတိုင်းသည် နေ့စဉ်နှင့်အမျှ အာရုံ ၆- ပါးနှင့် ရှင်သန်နေကြ၏။ အာရုံတို့ကြောင့် စိတ်ဖြစ်လာရကား မည်သည့်စိတ်ဖြစ်ဖြစ် အာရုံနှင့် ကင်းပြီး ဖြစ်သည့် စိတ်ဆိုသည်မှာ မရှိပေ။

မှန်၏။ လောဘဖြစ်ဖို့လည်း အာရုံ ရှိရ၏။ လိုချင်စရာ အာရုံသည် လောဘဖြစ်စရာ အာရုံတည်း။ ဒေါသဖြစ်ဖို့လည်း အာရုံ ရှိရ၏။ စိတ်ဆိုးစရာ အာရုံသည် ဒေါသဖြစ်စရာ အာရုံတည်း။

သဒ္ဓါဖြစ်ဖို့လည်း အာရုံ ရှိရ၏။ ကောင်းမှုပြုစရာ အာရုံသည် သဒ္ဓါဖြစ်စရာ အာရုံတည်း။ မေတ္တာဖြစ်ဖို့လည်း အာရုံ ရှိရ၏။ သတ္တဝါအများသည် မေတ္တာဖြစ်စရာ အာရုံတည်း။

စိတ်ဆိုသည်မှာ အာရုံရှိမှသာလျှင် ဖြစ်ပေါ်လာ၏။ အာရုံ မရှိလျှင် ဖြစ်ပေါ်စရာ အကြောင်း မရှိ။ ထို့ကြောင့် အာရုံ (ရုပ် နာမ် ပညတ်) သည် အကြောင်းတရား၊ စိတ် စေတသိက် ( နာမ်) သည် အကျိုးတရား၊ ဤကဲ့သို့ အကြောင်းအကျိုး ဖြစ်နေသည့် ပစ္စည်းကို " အာရမ္မဏပစ္စည်း" ဟု ခေါ်သည်။

ဟေတုပစ္စယော

ပဋ္ဌာန်း သည် အဘိဓမ္မာတရားတော် ၇ ကျမ်းတွင် တစ်ခုအပါအဝင်ဖြစ်သည်။ မြတ်စွာဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်နေ့၌ သဗ္ဗညု မြတ်စွာဘုရား အဖြစ် ရောက်ရှိခဲ့ပြီးနောက် ဗောဓိပင်၏ အနောက်မြောက် ၁၀-လံ အကွာတွင် နတ်များဖန်ဆင်းပူဇော်သော ရတနာရွှေအိမ်ထက်၌ နယုန်လဆန်း ၆ ရက်နေ့မှ ၁၃ ရက်အထိ အဘိဓမ္မာတရားတော်ကို ဆင်ခြင်နေတော်မူသည်။ အဘိဓမ္မာ ရှေးဦး ၆ ကျမ်းကို ဆင်ခြင်ရာတွင် ရောင်ခြည်တော် ကွန့်မြူးခြင်း မရှိသေးပဲ နောက်ဆုံး ပဋ္ဌာန်းဒေသနာတော်ကြီးကို ဆင်ခြင်သုံးသပ်တော်မူသောအခါမှသာ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးကာ နတ်၊ ဗြဟ္မာတို့သည်လည်း ခြေတော်ရင်းမှာ ဦးခိုက်ကြကုန်လေသည်။ ပဋ္ဌာန်းဒေသနာတော်ကို နာကြားပြီးချိန်တွင် နတ်၊ ဗြဟ္မာ ကုဋေ ၈၀,၀၀၀ ကျွတ်တမ်းဝင်ပြီး၊ လူ့ပြည်မှ ရဟန်း ၅၀၀ ရဟန္တာ ဖြစ်သည်ဟု ဆိုသည်။

 ဟေတုပစ္စယော

“ဟေတု” ဆိုသည်မှာ အမြစ်ဟု အဓိပ္ပါယ်ရ၏။ အကြောင်းတရားက အကျိုးတရားကို အမြစ်သဖွယ် အထောက်အပံ့ ပေးသောအားဖြင့် ကျေးဇူးပြုသည်ဟု ဆိုလိုသည်။

ကျေးဇူးပြုဆိုသည်ကား မဖြစ်သေးသည်ကို ဖြစ်အောင် ပြုလုပ်ခြင်း၊ ဖြစ်ပြီးသည်ကို တည်တံ့အောင် ထောက်ပံ့ခြင်းတည်း။

ရေသာက်မြစ်သည် သစ်ပင်ကို အထောက်အပံ့ ပေးပြီး ကျေးဇူးပြု၏။ ထို့ကြောင့် သစ်ပင်သည် ရှင်သန်နေခြင်း ဖြစ်သည်။ ထိုနည်းတူစွာ ဟိတ် ၆-ပါးတရားတို့သည် ရုပ်တရား နာမ်တရားတို့ကို အထောက်အပံ့ ပေးပြီး ကျေးဇူးပြုလျက် ရှိပါသည်။

ထို့ကြောင့် ဟိတ် ၆-ပါးသည် အကြောင်းတရား၊ ရုပ်နှင့် နာမ်တို့သည် အကျိုးတရား။ ဤကဲ့သို့ အကြောင်းအကျိုး ဖြစ်နေသည့် ပစ္စည်းကို “ဟေတုပစ္စည်း" ဟု ခေါ်သည်။