Thursday, October 08, 2026

အောက်တိုဘာ ၁၀ ရက်နှင့် ၁၁ ရက်တွင် ဘန်ကောက်အပါအဝင် ထိုင်းဒေသအချို့ မိုးသည်းထန်နိုင်



အလုပ်သမားဟစ်တိုင်၊ အောက်တိုဘာ ၈

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် အနီးဝန်းကျင်ဒေသများတွင် အောက်တိုဘာ ၁၀ ရက်နှင့် ၁၁ ရက်၌ မိုးကြိုးမုန်တိုင်းများ ဖြစ်ပေါ်ပြီး နေရာအချို့ မိုးသည်းထန်နိုင်ကြောင်း ထိုင်းမိုးလေဝသဌာန (TMD) က အောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံ အလယ်ပိုင်းတွင်လည်း အဆိုပါနှစ်ရက်အတွင်း နေရာအနှံ့ မိုးကြိုးမုန်တိုင်းဖြစ်နိုင်ပြီး နေရာအချို့ မိုးသည်းထန်ကာ လေပြင်းတိုက်ခတ်နိုင်သည်။ အရှေ့ပိုင်းဒေသတွင်မူ နေရာအချို့ မိုးအလွန်သည်းထန်နိုင်ကြောင်း ခန့်မှန်းထားသည်။

အောက်တိုဘာ ၉ ရက်မှ ၁၃ ရက်အတွင်း တရုတ်နိုင်ငံဘက်မှ လေဖိအားမြင့်ရပ်ဝန်း တိုးဝင်လာခြင်းနှင့် မုတ်သုံလေကြောင်းများကြောင့် ထိုင်းနိုင်ငံ ဒေသအချို့၌ မိုးလေဝသအခြေအနေ ပြောင်းလဲနိုင်သည်။ မိုးသည်းထန်မှုနှင့် မိုးရေစုဆောင်းမှုကြောင့် တောင်ခြေ၊ ရေစီးကြောင်းအနီးနှင့် မြေနိမ့်ပိုင်းများတွင် ရုတ်တရက်ရေကြီးခြင်း၊ ရေလျှံခြင်းတို့ကို သတိပြုရန် ဌာနက သတိပေးထားသည်။

မိုးကြိုးမုန်တိုင်းဖြစ်စဉ်အတွင်း သစ်ပင်ကြီးများအောက်နှင့် မခိုင်ခံ့သော ကြော်ငြာဆိုင်းဘုတ်များအနီးတွင် မနေကြရန်လည်း အကြံပြုထားသည်။


ဒီသတင်းကို မျှဝေပါ Facebook