အလုပ်သမားဟစ်တိုင်၊ အောက်တိုဘာ ၆
ထိုင်းနိုင်ငံ ပထုမ်ဌာနီခရိုင်ရှိ အူအာထွန် ဘန်ခူဝတ်အိမ်ရာတွင် အသက် ၄၂ နှစ်အရွယ် တကိုယ်ရေမိခင်တဦးနှင့် အသက် ၉ နှစ်၊ ၇ နှစ်အရွယ် သမီးငယ် ၂ ဦးတို့ကို နေအိမ်အတွင်း သေဆုံးလျက် ယနေ့ အောက်တိုဘာ ၆ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့သည်။
အခင်းမဖြစ်မီ မိခင်ဖြစ်သူမှာ ငွေကြေးအခက်အခဲရှိနေပြီး အွန်လိုင်းငွေချေးအက်ပ်တခုမှ ငွေချေးရန် ကြိုးစားရာတွင် သူမထံရှိ နောက်ဆုံးလက်ကျန်ငွေ ဘတ် ၁,၀၀၀ ကို လိမ်လည်ခံခဲ့ရကြောင်း မိသားစုဝင်တဦး၏ ပြောကြားချက်ကို ကိုးကား၍ ထိုင်းသတင်းဌာနများက ဖော်ပြသည်။
ဖြစ်စဉ်မှာ မောင်းပထုမ်ဌာနီရဲစခန်းသို့ နံနက် ၉ နာရီခွဲခန့်တွင် သေဆုံးသူ ၃ ဦးရှိကြောင်း သတင်းရောက်ရှိလာပြီးနောက် ရဲတပ်ဖွဲ့၊ တရားရေးဝန်ကြီးဌာနလက်အောက်ရှိ မှုခင်းဆေးသိပ္ပံဌာနမှ ဆရာဝန်များနှင့် ပေါ်တက်တึင်ဖောင်ဒေးရှင်း ကယ်ဆယ်ရေးအဖွဲ့တို့ သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
အခန်းအတွင်းရှိ အိပ်ရာပေါ်တွင် မိခင်နှင့် သမီး ၂ ဦးတို့၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့သည်။ ကနဦးစစ်ဆေးမှုတွင် ရုန်းရင်းဆန်ခတ်ဖြစ်ထားသည့် လက္ခဏာ သို့မဟုတ် ကိုယ်ထိလက်ရောက်တိုက်ခိုက်ခံထားရသည့် အထောက်အထား မတွေ့ရှိရကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ အခန်းထဲတွင် မီးသွေးနှင့် ပြာများကို တွေ့ရှိခဲ့သလို နှုတ်ဆက်စာသဘောရှိသည့် လက်ရေးစာကိုလည်း တွေ့ရှိခဲ့ကြောင်း သိရသည်။
ကလေးများ၏ ဆရာမက မိခင်ဖြစ်သူထံ ဖုန်းဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရသဖြင့် အခြားဆရာမတဦးနှင့်အတူ နေအိမ်သို့ လိုက်လာခဲ့သည်။ အခန်းတံခါးကို အတွင်းဘက်မှ ပိတ်ထားပြီး ခေါ်ဆိုသော်လည်း တုံ့ပြန်မှုမရှိသဖြင့် အိမ်ရာတာဝန်ရှိသူများကို အကူအညီတောင်းခဲ့ရာမှ အခန်းအတွင်း မိသားစု ၃ ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဆရာမက ပြောသည်။
ကလေး ၂ ဦးသည် အသက် ၉ နှစ်နှင့် ၇ နှစ်အရွယ်ဖြစ်ပြီး မူလတန်းအဆင့် တက်ရောက်နေသူများဖြစ်သည်။ ဆရာမ၏ ပြောကြားချက်အရ ပြီးခဲ့သည့် သောကြာနေ့ကပင် ကလေး ၂ ဦး ကျောင်းတက်ခဲ့ပြီး ပုံမှန်အတိုင်း ပျော်ပျော်ရွှင်ရွှင်ရှိနေခဲ့ကြောင်း သိရသည်။
အခင်းမဖြစ်မီ ငွေချေးအက်ပ်မှ ငွေလိမ်ခံခဲ့ရ
ငွေချေးရရှိရန် အာမခံသဘောဖြင့် ဘတ် ၁,၀၀၀ အရင်လွှဲပေးရန် အက်ပ်ဘက်မှ တောင်းဆိုခဲ့သဖြင့် မိခင်ဖြစ်သူက လွှဲပေးခဲ့သည်။ ထို့နောက် စာရွက်စာတမ်းမအောင်မြင်ကြောင်း အကြောင်းပြ၍ နောက်ထပ် ဘတ် ၄၀၀ လွှဲရန် တောင်းဆိုခဲ့ကြောင်း အဖွားက ပြောသည်။
မိခင်ဖြစ်သူထံ ငွေမကျန်တော့သဖြင့် အဖွားထံ ဘတ် ၄၀၀ ချေးယူခဲ့ပြီး အဖွားကလည်း လွှဲပေးခဲ့သည်။ နောက်ပိုင်းတွင် မိခင်ဖြစ်သူက လိမ်လည်ခံလိုက်ရပြီဟု ယူဆကြောင်း အဖွားထံ ပြန်လည်ပြောဆိုခဲ့သည်ဟု သိရသည်။
ဘတ် ၁,၀၀၀ မှာ မိသားစုအတွက် ယခုလအတွင်း အသုံးပြုရန် ကျန်ရှိသည့် နောက်ဆုံးငွေဖြစ်ကြောင်းနှင့် မိခင်ဖြစ်သူမှာ ပုံမှန်အားဖြင့် ငွေကြေးအဆင်ပြေသူမဟုတ်ကြောင်းလည်း အဖွားက ပြောသည်။ သို့သော် ယင်းငွေလိမ်ခံရမှုက ဖြစ်စဉ်၏ တိုက်ရိုက်အကြောင်းရင်း ဟုတ်၊ မဟုတ်ကို မသိကြောင်း အဖွားကိုယ်တိုင် ပြောထားသည်။
ပထုမ်ဌာနီခရိုင်ရဲတပ်ဖွဲ့မှူး พล.ต.ต.พีรพล โชติกเสถียร က ကနဦးစစ်ဆေးချက်အရ အခန်းအတွင်း တိုက်ခိုက်ခံထားရသည့် အထောက်အထားမတွေ့ရှိရဘဲ မီးသွေးအသုံးပြုထားသည့် အထောက်အထားနှင့် နှုတ်ဆက်စာကို တွေ့ရှိထားကြောင်း ပြောသည်။
သေဆုံးသူ ၃ ဦး၏ ရုပ်အလောင်းများကို သေဆုံးရသည့်အကြောင်းရင်း အတိအကျသိရှိနိုင်ရန် တရားရေးဝန်ကြီးဌာနလက်အောက်ရှိ မှုခင်းဆေးသိပ္ပံဌာနသို့ ပို့ဆောင်စစ်ဆေးထားသည်။

